Thursday, November 22, 2012

ချစ်သော ကဗျာဆရာ...

16mt7
ဓာတ်ပုံ - ပိတောက်ပွင့်သစ် (စာပေအနုပညာမဂ္ဂဇင်း)
(၁)
ယခုလို အချိန်အခါမျိုးမှာ လူတစ်ယောက်ကို ထူးထူးခြားခြား ကျွန်တော် သတိရနေမိသည်။ သို့သော် ထိုသူကို ကျွန်တော် ပြန်မဆုံနိုင်တော့ပါ။ ရင်ထဲတွင် မှတ်မှတ်ရရ ဖြစ်ခဲ့သည်များကို အိပ်မက်ဆန်ဆန် ပြန်တွေးနေရုံမှတစ်ပါး သူ့ကို ကျွန်တော် ပြန်မတွေ့နိုင်တော့ပါ။ ယခုလို အချိန်အခါမျိုးမှာဟု သုံးနှုန်းရခြင်းမှာ ယခင်ကမရှိခဲ့သော အခြေအနေများကြောင့် ဖြစ်သည်။ မြန်မာပြည်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အချို့က Burma Spring ဟု ခေါ်ဝေါ်ကြသည်။ ''မြန်မာနွေဦး''။ ကျွန်တော်ကတော့ သိပ်သဘောမတူလှပါ။ Arab Spring နှင့်ယှဉ်ပြီး Burma Spring ဟု ခေါ်ဝေါ်ကြသော်လည်း ကွာခြားမှုတော့ များစွာရှိပါသည်။ ''အာရပ်နွေဦး''က တော်လှန်သော နွေဦးဖြစ်ပြီး မြန်မာနွေဦးကတော့ ဒီလိုမဟုတ်ပါ။ မြန်မာပြည်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို သွားနေပြီဟု ဆိုသော်လည်း အာရပ်နွေဦးနှင့် အနှစ်သာရအားဖြင့် ကွာခြားနေသေးသည်။ အာရပ်နွေဦးက တော်လှန်သောနွေဦးဖြစ်သဖြင့် သွေးထွက်သံယိုမှု ကြီးမားသည်။ ပဋိပက္ခ ပြင်းထန်သည်။ ရရှိသော ဒီမိုကရေစီကလည်း ပြည့်ပြည့်၀၀ တစ်လုံးတစ်ခဲတည်း။ မြန်မာနွေဦးကျတော့ ညင်သာသော အသွင်ကူးပြောင်းမှုဖြစ်ပြီး ရရှိသည့် ဒီမိုကရေစီကလည်း တစ်ဝက်တစ်ပျက်။ သိပ်စိတ်မချရသေးဟု ဆိုရမည့် အနေအထား။
ဒီအနေအထားမှာပဲ အဝေးရောက် ကျွန်တော်တို့ မိတ်ဆွေများစွာ အိမ်ပြန်ရောက်လာကြသည်။ အကျဉ်းထောင် အုတ်နံရံအသီးသီးမှ ပြန်ရောက်လာကြသူတွေရှိသလို မိုင်ပေါင်းထောင်ချီ ဝေးကွာသောအရပ်များဆီမှ ပြန်လာကြသူများလည်း ရှိသည်။ ဒီတစ်သက် ပြန်မတွေ့နိုင်တော့ဟု ထင်ခဲ့ရသူများ အမိနိုင်ငံ၏ မြေကြီးကို မြေချခွင့် တစ်ဖန်ပြန်ရခဲ့ကြသည်။ ဟိုတုန်းက သူပုန်၊ ဟိုတုန်းက တော်လှန်ရေးသမား၊ ဟိုတုန်းက အစိုးရဆန့်ကျင်သူများ တစ်ယောက်ပြီးတစ်ယောက် ပြန်လာကြသည်။ သည်လို ပြန်လာကြသူတွေထဲမှာ သူပါလာသင့်သော်လည်း သူပြန်မလာနိုင်တော့ပါ။ မြန်မာပြည်ကို ချစ်သော၊ မြန်မာမှု၊ မြန်မာရနံ့ကိုချစ်သော အလွန်မြန်မာဆန်သော သူသည် နောက်ဆုံးအခွင့်အရေး တစ်ခုကိုသော်မျ မရရှိနိုင်ပါပဲ မိုင်ထောင်ချီဝေးသော အရပ်တစ်နေရာဆီမှာ ထာဝရ လဲလျောင်းကျန်ရစ်နေခဲ့ရသည်။ ထိုသူသည်ကား ကျွန်တော်ချစ်သော ကဗျာဆရာ...။
(၂)
မိုးပိတောက်ပင်ကြီးများ ကိုင်းညွတ်ရိပ်မိုးထားသည့် သထုံလမ်းပေါ် လမ်းလျောက်သွားရသည့် အရသာမှာ ကျွန်တော့်အဖို့ ဘယ်အခါမျမရိုးနိုင်။ ဒီဘက်မှာ တက္ကသိုလ်ရေကူးကန်၊ သည်ဘက်မှာ တင်းနစ်ကွင်း၊ သည်ဘက်မှာ တက္ကသိုလ်အားကစားကွင်း၊ သည်ဘက်မှာ တကောင်းဆောင်၊ သည်ဘက်မှာ ဘီအိုစီကောလိပ်၊ သည်ဘက် လမ်းကလေးပေါ်မှာ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် နေ့စဉ်ကျွန်တော် လမ်းလျောက်သွားခဲ့ရသည်။ လမ်းလျောက်ရတိုင်း ရိုးသွားသည်မရှိ။ ကြည်နူးဆွတ်ပျံ့ဖွယ် တက္ကသိုလ်ရနံ့ကို ကျွန်တော်ရှုရှိုက်ရသည်။ ဘီအိုစီကောလိပ်ဟောင်းမှာ တည်ရှိသော သည်ဌာနသို့ ကျွန်တော်ရောက်ရှိချိန်တွင် ဆရာသည် ဌာနတွင်မရှိတော့ပါ။ မြန်မာစာ သင်ရိုးညွှန်းတမ်းပြုစုရေး တာဝန်ဖြင့် တောင်ငူဆောင်ဘက်သို့ ရောက်နေကြောင်း သိရသည်။ ဆရာ့ရုံးခန်းနှင့် စားပွဲကတော့ ကျွန်တော်တို့ရုံးထဲမှာ ပိုင်ရှင်မဲ့ရှိနေဆဲ။ တာဝန်ဖြင့် အခြားတစ်နေရာ သွားနေရသော်လည်း ဆရာသည် ဒီရုံးဝန်ထမ်းအဖြစ် ရှိနေဆဲဖြစ်သည်။
သို့သော် ဌာနဆီသို့ မကြာမကြာ ဆရာလာပါသည်။ ဌာနဆီသို့ ဆိုခြင်းထက် ဆေးတက္ကသိုလ် အနောက်ဘက် ကင်းတင်းထဲက ဒေါ်ကြည်လက်ဖက်ရည်ဆိုင်သို့ လာခြင်းဖြစ်သည်။ ဗာဒံပင်များ၊ ငှက်ပျောပင်များ ရိပ်မိုးထားသည့် ဒေါ်ကြည်လက်ဖက်ရည်ဆိုင် ထိုင်ခုံများမှာထိုင်ရင်း စာအကြောင်း၊ ပေအကြောင်း မိတ်ဆွေများအကြောင်း ရယ်ရယ်မောမော ပြောနေတတ်သည်။ ဆရာက လက်ဖက်ရည်ဆိုင်မှာ ခုလိုဝိုင်းဖွဲ့ထိုင်ရင်း စကားပြောရသည်ကို အလွန်နှစ်ခြိုက်သူဖြစ်သည်။ ရေနွေးကြမ်းတွေ တစ်အိုးပြီး တစ်အိုး။ ဆေးပေါ့လိပ်တွေ တစ်လိပ်ပြီး တစ်လိပ်။ စကားတွေက မကုန်နိုင်၊ မခန်းနိုင်။ ဒီအထဲမှာ မှတ်သားစရာတွေ လည်းပါသည်။ ကျွန်တော်တို့မသိသေးသော အတိတ်သမိုင်းတချို့ပါ သည်။ ဒီတုန်းက ကျွန်တော်သည် ဆရာတို့ လက်ဖက်ရည်ဝိုင်း၏ နားထောင်သူပရိသတ်။ ဆရာ့မိတ်ဆွေတွေထဲမှာ စာရေးဆရာတွေပါသည်။ ကဗျာဆရာတွေပါသည်။ တက္ကသိုလ် ပါမောက္ခတွေ၊ ဆရာတွေပါသည်။ ကျူရှင်ဆရာတွေပါသည်။ ပန်းချီ ဆရာတွေပါသည်။ သည်လက်ဖက်ရည်ဝိုင်းကလေးက အနုပညာစကားဝိုင်းတစ်ခု ဖြစ်သလို နိုင်ငံရေးစကားဝိုင်း တစ်ခုလည်းဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် ငြင်းကြ ခုံကြသည်။ အမြင်ချင်း ဖလှယ်ကြသည်။ တစ်ခါ တစ်ရံတော့ ဘာမျမဟုတ်တာလေးတွေ ပြောဖြစ်ခဲ့တာလည်း ရှိသည်။
ဆရာက လူချစ်လူခင် အလွန်ပေါများသူဖြစ်သည်။ မျက်နှာဝိုင်းဝိုင်း ပါးစောင်အစ်အစ်။ ခန္ခာကိုယ်က ၀၀ဖိုင့်ဖိုင့်၊ ရှပ်အင်္ကျီလက်တို၊ ပုဆိုး ကွက်ကျဲနှင့် လွယ်အိတ်ကြီးတစ်လုံး ကတော့ ပခုံးပေါ်မှာ အမြဲတမ်းပါသည်။ ပြုံးပြုံး ပြုံးပြုံးနှင့် စကားဆိုတတ်ပြီး ဟန်ဆောင်မှုကင်းသောကြောင့် တစ်ကြိမ်တွေ့ဆုံဖူးရုံဖြင့် ဆရာ့ကို ခင်မင်သွားကြသည်။ ထင်ရှားသော ကဗျာဆရာကြီးတစ်ဦး ဖြစ်နေခြင်းကြောင့်လည်း ဆရာထိုင်သော လက်ဖက်ရည်ဝိုင်းမှာ အပေါင်းအသင်းတွေနှင့် အမြဲစည်ကားနေတတ်သည်။ ဆရာ၏ ထင်ရှားသော အမှတ်လက္ခဏာတစ်ခုမှာ ပြုံးလိုက်တိုင်း ပါးစုံနှစ်ဖက်ဖောင်းကာ မျက်လုံးနှစ်ဖက် ပိတ်လုမတတ် ဖြစ်သွားခြင်းဖြစ်သည်။

တကယ်တော့ ဆရာသည် တော်လှန်ကဗျာဆရာ တစ်ဦးဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များက ပေါ်ပေါက်ခဲ့သည့် 'တော်လှန်ကဗျာ' အုပ်စု ထဲကတော့မဟုတ်။ ၁၉၉၀ ပြည့်လွန်နှစ်များမှာ ပေါ်ထွက်လာသည့် တော်လှန်ကဗျာဆရာဖြစ်သည်
ဆရာသည် အညာသားတစ်ဦး ဖြစ်သည်။ အညာတက္ကသိုလ် မန္တလေး သည် ဆရာ၏ ရင်ငွေ့လှုံရာဖြစ်သည်။ ဆရာ့ဘ၀မှတ်တမ်းအရ ဆရာသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခဲ့ရာတွင် အထူးချွန်ဆုံး မြန်မာစာဖြေသူတစ်ဦးအဖြစ် ပါမောက္ခ၏ အသိအမှတ်ပြု ချီးကျူးခံရသူ ဂုဏ်ထူးရ ကျောင်းသားတစ်ဦး ဖြစ်ခဲ့သည်ဟု သိရသည်။ ဆရာ့ကို ထင်ရှားစေခဲ့သည်မှာ ''ဖန်မီးအိမ်ကဗျာများ'' ဖြစ်သည်။ သည်ကဗျာစာအုပ်ဖြင့် ၁၉၅၉ ခုနှစ်မှာ ဆရာအမျိုးသားစာပေဆု ရရှိခဲ့သည်။ သည်တုန်းက ကျွန်တော်ပင် မမွေးသေး။ အညာသား ကဗျာဆရာကြီးနှင့် ကျွန်တော် ကံအားလျော်စွာ ရန်ကုန်တက္ကသိုလ် ပရ၀ဏ်အတွင်းမှာ ဆုံတွေ့ခွင့်ရခဲ့သည်။ တစ်ခါတစ်ရံ  တောင်ငူဆောင် ကင်တင်းမှာ။ တစ်ခါတစ်ရံ ဆေးတက္ကသိုလ် အနောက်ဘက် ဒေါ်ကြည်လက်ဖက်ရည်ဆိုင်မှာ ဆရာ့အနီးမှာ အမြဲတမ်းလိုလို ကဗျာသမား၊ စာသမား လူငယ်တွေ ၀ိုင်းရံနေတတ်သည်။ စာအကြောင်း၊ ပေအကြောင်းတွေ ပြောကြ။ ရယ်စရာ မောစရာတွေ ပြောကြ။ ၁၉၈၀ ပြည့်လွန်နှောင်းပိုင်း ကာလများမှာ မြန်မာနိုင်ငံရေး မုန်တိုင်းထန်သောကာလ ဖြစ်သည်။ RIT ကျောင်းသားများ စတင်သော ငွေစက္ကူ အရေးအခင်းသည် လှည်းတန်းလမ်းဆုံ တစ်ဝိုက်သို့ ကူးစက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများပါ ပါဝင်လာသည်။ ဆရာက တက္ကသိုလ်ဝင်းထဲမှာ နေသူဖြစ်သည်။ အင်းစိန်ရှိ ဆောက်လက်စ ''ကဗျာဆရာအိမ်'' မှာ မပြီးသေး။ ကဗျာဆရာအိမ်ဆို၍ ဗိသုကာဆရာရွှေကို သတိရမိသည်။ ဆရာနှင့် ရင်းနှီးသော မိတ်ဆွေတွေထဲမှာ ပန်းချီဆရာ ယဉ်မင်းပိုက် ပါဝင်သလို ဗိသုကာဆရာရွှေလည်း ပါဝင်သည်။ ဆရာရွှေက ဗိသုကာပညာကို ရိုးရာဗိသုကာ ဘာသာရပ်ဖြင့် ဂျပန်တက္ကသိုလ်တစ်ခုမှ အထူးပြု ရရှိထားသူဖြစ်သည်။ အင်းစိန်ရှိ ဆရာ့နေအိမ်ကို ဆရာရွှေက ပုံစံထုတ်ပေးခဲ့ရာ စမ်းချောင်းကလေးပေါ်မှာ မေးတင်ထားပြီး အလွန်ချစ်စရာ ကဗျာဆန်သော အိမ်ကလေး ဖြစ်ခဲ့သည်။ နောက်ပိုင်းမှာ ဆရာသည် ထိုအင်းစိန်နေအိမ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။
လှည်းတန်းတစ်ဝိုက်၊ ရန်ကုန်တက္ကသိုလ်တစ်ဝိုက် ကူးစက်လာသော အရေးအခင်း ကာလထဲမှာ ဆရာနှင့် ကျွန်တော်တို့တစ်တွေ အဆုံအတွေ့ မပြတ်ခဲ့ကြ။ ကဗျာဆရာသည် လွတ်လပ်မှုကို မြတ်နိုးသလို အမှန်တရားကိုလည်း မြတ်နိုးသည်။ မတရားမှု၊ ရက်စက်မှုတို့ကိုလည်း စက်ဆုပ်ရွံ့ရှာသည်။ ဆရာနှင့် ကျွန်တော်တို့တစ်တွေ၏ ရှေ့မှောက်မှာ ဖြစ်ပွားခဲ့သည့် ရက်စက်ကြေကွဲဖွယ် ကျောင်းသားအရေးအခင်းကြောင့် ကျွန်တော်တို့တစ်တွေမှာ ဒဏ်ရာအမာရွတ်တို့ အမြစ်တွယ် ကြီးထွားခဲ့ရသည်။ ဒီကာလအတွင်းမှာပဲ ဆရာ့ထံမှ ရဲရဲတောက်ကဗျာတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ထွက်ပေါ်လာသည်။ စာမျက်နှာပေါ် ပုံနှိပ်ဖော်ပြခွင့် မရခဲ့သော ဆရာ့ကဗျာများကို ပုန်းလျိုးကွယ်လျိုး ကျွန်တော်တို့ ဖတ်ရှုခွင့်ရခဲ့ကြသည်။
၁၉၉၁ ခုနှစ်မှာ ဆရာခေတ္တတာဝန်ယူလုပ်ကိုင်သော နာမည်ကျော် မဂ္ဂဇင်းကြီးမှာ ပိတ်ပင်ခံလိုက်ရသည်။ မရှေးမနှောင်းမှာပင် ဆရာသည်လည်း အင်းစိန်တောရသို့ ၀င်သွားခဲ့ရသည်။ ၁၉၉၀ ပြည့်လွန်နှစ်များမှာ စာရေးဆရာ၊ ကဗျာဆရာ၊ အနုပညာသမား နိုင်ငံရေးသမားအားလုံး ကျီးလန့်စာစား ဖြတ်သန်းခဲ့ရသော နှစ်များဖြစ်သည်။ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည်။ အချိန်မရွေး ဘ၀ပျက်သွားနိုင်သည်။
စိုးတထိတ်ထိတ်
တံခါးပိတ်လည်း စိတ်ကမလုံ၊
ရင်တုန်တုန် လမ်းကြိုလမ်းကြား၊ လျောက်၍သွားလည်း
နောက်နားကပ်လာ၊ အရိပ်ပမာသို့
ထိတ်စရာကြုံ၊ လိပ်ပြာမလုံ။
တမှေးအိပ်လည်း
လူခြေသာတိတ်၊ ခြေသံမတိတ်
တိတ်တိတ်စောင့်ကြည့်နေသလို။

လက်ဖက်ရည်ဆိုင်၊ ထိုင်ခုံတစ်လုံး
တိတ်တိတ်ပုန်း၍၊
စကားလုံးများ၊ ဖမ်း၍ထားကာ
နားစိုက်ထောင်နေလေရော့ထင့်။
ဘယ်သွား ဘယ်လာ၊ ဘယ်မှာ ဘယ်ချိန်
ဘယ်အိမ်ရောက်ရောက်၊
တံခါးမခေါက်၊ ကိုယ်ရုပ်ဖျောက်၍ သူရောက်နေမြဲ၊ စောင့်နေမြဲ။

ထောက်လှမ်းရေးနှင့် စစ်ရေးနှင့်ကြုံ
ဒုက္ခဘုံ . . .။
၁၉၉၅ ခုနှစ်မှာ အင်းစိန်တောရမှ ဆရာပြန်ထွက်လာသည်။ အရင်လိုပဲ အင်းစိန်မှာ၊ လှည်းတန်းမှာ၊ တောင်ငူကင်တင်းမှာ၊ ၃၂ လမ်းမှာ၊ မိတ်ဆွေတွေ၊ တပည့်တပန်းတွေနှင့် လက်ဖက်ရည်ဆိုင် ခွေးခြေခုံပုဝိုင်းမှာ ဆရာ့ကိုမြင်ရသည်။ ရယ်ရယ်မောမော ပြုံးပြုံးရွှင်ရွှင်ပါပဲ။ ဆရာကနေ့တိုင်း ကဗျာရေးသည်ဟု သိရသည်။ ဆရာ့လွယ်အိတ်ထဲမှာ အမြဲတမ်း ကဗျာတွေ အသင့်ရှိနေတတ်သည်။ ဆရာ့ထံမှ ကဗျာစာမူတောင်းလျင် ချက်ချင်းထုတ်ပေးတတ်သည်။ ကြိုက်တဲ့ကဗျာယူ သွားစိစစ်ရေးလွတ်တာ၊ မလွတ်တာ မင်းတို့တာဝန်''ဟု ဆိုသည်။
တကယ်တော့ ဆရာသည် တော်လှန်ကဗျာဆရာ တစ်ဦးဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များက ပေါ်ပေါက်ခဲ့သည့် ''တော်လှန်ကဗျာ'' အုပ်စု ထဲကတော့ မဟုတ်။၁၉၉၀ ပြည့်လွန်နှစ်များမှာ ပေါ်ထွက်လာသည့် တော်လှန် ကဗျာဆရာဖြစ်သည်။ ဆရာ့ကဗျာတွေက စာမျက်နှာများပေါ်သို့ တရားဝင် မရောက်ခဲ့ပါ။ ပုန်းလျိုးကွယ်လျိုး ထုတ်ဝေခဲ့သော စာမျက်နှာများပေါ်မှသာ သိုသိုသိပ်သိပ် ဖော်ပြခဲ့ရသည်။
ဦးညွှတ်ပါ၏
ရဲဘော်တချို့ ကျဆုံး
ရဲဘော်တချို့ ထောင်ထဲ
ရဲဘော်တချို့ ရှောင်ပုန်း
တစည်းတလုံးတည်း မနေရအောင်
ဇယားချဖျက်ဆီး
အရင်းအနှီးကြီးမားစွာပေးရ
လူ့အခွင့်အရေးနဲ့
ဒီမိုကရေစီရေးကာလမှာ
သွေးစတွေ သွေးစက်တွေ
ပွက် ပွက်ထလို့ ပါလား။
အောင်ပွဲနေ့ဆိုတာ
မရှောင်မလွဲတွေ့ရမယ်
ယနေ့ဟာ အရင်းအနှီး
မနက်ဖြန် အသီးအပွင့်
မျော်လင့်ချက်ရင်ထဲအပြည့်။
ခိုင်မာတဲ့ ယုံကြည်ချက်မို့
အသက်ကိုပေးခဲ့တယ်။
စွန့်စား စွန့်လွှတ်ခဲ့ကြတဲ့ ရဲဘော်အပေါင်းတို့
ငါ၏ ဦးခေါင်းညွတ်လျက်။
၁၉၉၇ ခုနှစ်မှာ ပြည်ပသို့ ဆရာထွက်ခွာသွားသည်။ အစ ပထမ အလည်သွားတာ သက်သက်ဖြစ်သည်။ သမီးရှိရာ ဥရောပနိုင်ငံ တစ်ခုသို့ အလည်သွားခဲ့သော ဆရာသည် ပြည်ပအသံလွှင့်ဌာနတစ်ခု၏ တွေ့ဆုံမေးမြန်းမှုမှာ ''နှုတ်ကျွံ'' သွားခဲ့ရာမှ ထာဝရ Exile  အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ သည့်နောက်ပိုင်းမှာ ဆရာ့အသံကို လေလှိုင်းထဲမှာပဲ ကြားနေရပြီး လူချင်းပြန်မဆုံဖြစ်တော့ပါ။
၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ အကြောင်းကိစ္စ တစ်ခုဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ကျွန်တော်ရောက်ရှိခဲ့သည်။ တစ်ရက်တွင် ကျွန်တော် ခေတ္တတည်းခိုနေထိုင်ရာ တိုကျိုတာဝါအနီးရှိ ဟိုတယ်သို့ ဧည့်သည်တစ်ဦး ရောက်ရှိလာသည်။ ဧည့်သည်နှင့်အတူ အဖော်နှစ်ဦးလည်း ပါလာသည်။ အဆိုပါ ဧည့်သည်သည် ဦးထုပ်ကို ခေါင်းငိုက်စိုက်ဆောင်းထားပြီး ကုတ်အင်္ကျီထူထူကို ၀တ်ဆင်ထားသည်။ အရပ်နိမ့်နိမ့်၊ ခန္ခာကိုယ် ၀၀ဖိုင့်ဖိုင့်၊ ပုဆိုးဝတ်ထားသည်။ ဧည့်သည်တစ်ဦးက ''ခင်ဗျားကို ဂျပန်စာရေးဆရာကြီး တစ်ဦးနဲ့ မိတ်ဆက်ပေးမလို့'' ဟု နောက်သည်။ သူတို့တွေကို ကျွန်တော်မသိပါ။ မြန်မာတွေဆိုတာပဲ သိသည်။ ''ကော်ဖီသွားသောက်ရအောင်'' ဟု ဖိတ်ခေါ်သဖြင့် ဟိုတယ်အနီးရှိ ကော်ဖီဆိုင်တစ်ဆိုင်သို့ သွားကြသည်။ ကော်ဖီဆိုင်တွင် စောစောက ဦးထုပ်ခေါင်းငိုက်စိုက် ဆောင်းထားသည့် ပုဂ္ဂိုလ်သည် ဦးထုပ်ကို ရုတ်တရက် ချွတ်လိုက်ပြီး ''ဂျပန်စာရေးဆရာကြီး ဆိုတာ ကျုပ်ပဲ'' ကျွန်တော် အလွန်အံ့အားသင့်သွားသည်။ ဆရာ့ကို ဒီနေရာ၊ ဒီအရပ်မှာ မမျော်လင့်ဘဲ ပြန်တွေ့လိုက်ရသည့်အတွက် ဖြစ်သည်။ အရင်တုန်းကလိုပဲ ရယ်စရာ မောစရာတွေပြောတုန်း။ ခေတ်ကြီးကို သရော်တုန်း။ ဟာသတွေ လုပ်နေတုန်း။ ဆရာက ဂျပန်ကို စာပေဟောပြောပွဲကိစ္စဖြင့် ရောက်နေခြင်းဖြစ်သည်။ ကျွန်တော့်ကိုမြင်တော့  မြန်မာပြည်လွမ်းစိတ်တွေ ဆရာ့မျက်ဝန်းပေါ် ဖြတ်သွားတာ ကျွန်တော် သတိပြုလိုက်မိသည်။ ဆရာ မြန်မာပြည်ကို အလွန်သတိရနေကြောင်း စကားတွေထဲမှာ တသွင်သွင်ပါသည်။ ဟိုစာရေးဆရာအကြောင်း၊ ဒီစာရေးဆရာအကြောင်း၊ ဟိုမဂ္ဂဇင်းအကြောင်း၊ ဒီမဂ္ဂဇင်းအကြောင်း၊ သူနှင့် ရင်းနှီးသော မိတ်ဆွေများအကြောင်း မနားတမ်း မ၀တမ်း ပြောဖြစ်ကြသည်။ လေကြောရှည်လွန်းသဖြင့် ကော်ဖီဆိုင်ကို အားနာကာ နောက်တစ်ဆိုင် ပြောင်းထိုင်ရသည်အထိ ဖြစ်သည်။ ဆရာသည် ရန်ကုန်တွင်ရှိစဉ် လက်ဖက်ရည်ဆိုင်များတွင်သာ မိတ်ဆွေများနှင့် စကားဖောင်ဖွဲ့ အချိန်ကုန်လေ့ရှိသည်။ ကျွန်တော်တို့ လမ်းခွဲကြခါနီးမှာ ဆရာ့လေသံ ပျော့လာသည်။ အိမ်လွမ်းစိတ်၊ အမိမြန်မာပြည်ကို ပြန်လိုစိတ်တွေ ဆရာ့ရင်ထဲ ပြည့်နေတာ ကျွန်တော် သတိထားမိလိုက်သည်။
(၃)
ထိုအဖြစ်အပျက်မှာ ဆရာနှင့် နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်သည်။ အဝေးရောက် ကဗျာဆရာတစ်ဦး အနေဖြင့် ဆရာသည် ဥရောပ၊ အာရှ၊ သြစတြေးလျ၊ အမေရိကနိုင်ငံများအကြား လှည့်လည်ပြီး ပြည်ပရောက် မြန်မာများကို စာပေအနုပညာ ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ တစ်ခါတစ်ရံ မြန်မာပြည်နှင့် အနီးဆုံး ထိုင်းနိုင်ငံသို့လာပြီး အိမ်လွမ်းစိတ်ကို ဖြေသိမ့်ခဲ့သည်ဟု ကြားရသည်။ ရန်ကုန်မြို့မှ လွတ်လပ်ပေါ့ပါးသော လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု အမှတ်တရအဖြစ် ''ခွေးခြေခုံပုံ'' ကလေးတစ်လုံးကို ပါဆယ်ထုပ်၍ ဆရာထံပို့ပေးခဲ့ရသည်ဟုလည်း ကြားရသည်။ သောင်ရင်းမြစ်ကမ်းနဖူးပေါ် မတ်တတ်ရပ်ရင်း မြန်မာပြည်ဘက်ခြမ်းကိုကြည့်ကာ ငိုကြွေးခဲ့သည့် ဆရာ့သတင်းကို ကြားရသည်။
၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ ဆရာရုတ်တရက် ကွယ်လွန်ခဲ့ပါသည်။ ကော်ဖီဆိုင်မှာ ထိုင်နေရင်း ရုတ်တရက် လဲကျကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟု ကြားရသည်။ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းကို ဆရာမသိလိုက်နိုင်ခဲ့ပါ။ ၂၀၀၈ နာဂစ်မုန်တိုင်းသတင်းကိုလည်း ဆရာမကြားနိုင်ခဲ့။ ၂၀၀၉၊ ၂၀၁၀ မြန်မာ့ နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲကိုလည်း ဆရာမမြင်တွေ့လိုက်နိုင် ခဲ့တော့ပါ။ ပြည်ပရောက် နိုင်ငံသားတွေ အမိနိုင်ငံပြန်လာခွင့် ရချိန်မှာ ဆရာပြန်လာတာကို မြင်ချင်သော်လည်း မြင်ခွင့်မရတော့ပါ။ မြန်မာကို ချစ်သော၊ မြန်မာမှုကို ချစ်သော၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးသော၊ မြန်မာရနံ့ကို ခင်တွယ်သော ကျွန်တော်ချစ်သော ကဗျာဆရာသည် ပြည်ပနိုင်ငံ အဝေးတစ်ရာမှာ ထာဝရလဲလျောင်း အိပ်စက်ကျန်နေရစ်ခဲ့ပြီ။
သည်စာစုကို ဆရာ၏ထင်ရှားသော ကဗျာတိုလေးဖြင့် နိဂုံးသတ်ချင်ပါသည်။
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါတော့ . . .။
                                  တင်မိုး

0 comments :

Post a Comment