Wednesday, November 21, 2012

ကလေးဘ၀ကစခဲ့တဲ့ မေးခွန်းများ


ချော်လဲဖူးပါသလား မေးလျှင် တော်တော် အူကြောင်ကြောင်နိုင်လိုက်လေခြင်းဟု ထင်ကောင်းထင်ကြမည်။ ဖူးသစ်စ မနက်ခင်းတစ်ခုနှင့် ကစားဖူးပါသလား သို့ မဟုတ် အရွယ်ရောက်လာပြီးမှ အကြိမ်ကြိမ်ချော်လဲဖူးပါသလား။ အကယ်၍ သင်သည် အရွယ်ရောက်မှ ချော်လဲလေ့ရှိတတ်ခဲ့လျှင် သင်၏ကလေးဘ၀၌ လွဲချော်မှု အတော်အတန် ရှိခဲ့ပေလိမ့်မည် ဖြစ်သည်။
သေချာတာကတော့ ကျွန်တော်တို သည် ကလေးဘ၀၌  ဒဏ်ရာများတော့ ရခဲ့ဖူးပါလိမ့်မည်။ အဖေးတက်လာသော အနာလေးများ ယားယံခြင်း၌ သာယာတတ်မည်ဆိုပါက သင်သည်အောက်ပါစာများ ဖတ်ရန် မည်သို့မျှ မသင့်လျှော်ပါ။
ကလေးချစ်သူ တော်တော်များများ ကျွန်တော်တွေ့ ဖူးသည်။ သို့သော် ကလေးကိုချစ်ခြင်းထက် ကလေးကြောင့်ရသော မိမိတို့၏ ပျော်ရွှင်မှုကို ပိုမို၍ ချစ်ခင်နေကြခြင်းကို တွေ့နေရသည်။ ကလေးတို့မည်သည် လူနုနယ်ခြင်း ထက်ပို၍ စိတ်လည်း အလွန်နုနယ်တတ်သည်ကို သတိထားမိရန်လိုအပ်သည်။
ကလေးငယ်ဘ၀မှ ကလေးဘ၀သို့  ရောက်ရန် အရိုးများဆက်ပေးရလေသည်။ ထိုသို့ အရိုးဆက်နေချိန်အတွင်း ဦးနှောက်မှာလည်း သိသိသာသာ ဖွံ့ ဖြိုးလာစေပြီး မိမိဘေးနားမှာ ရှိသူများ ပြောသည့်အတိုင်း တစ်လုံးစ နှစ်လုံးစ လိုက်ပြောတတ်လာမည်။ အမြင်အကြားစသော အာရုံများ ပွင့်လာမည်။ စကားပြောတတ်ခြင်း အခြေအနေသို့ရောက်မည်။
ထိုအခါ သူတို့၏ပတ်ဝန်းကျင် အသစ်စက်စက်အကြောင်း သိချင်လာကြမည်ဖြစ်လေရာ သူတို့ တတ်သမျှ စကားတို့နှင့် မေးမြန်းကြပေလိမ့်မည်။ အကယ်၍ သင်သည် ကလေးချစ်သူ တစ်ဦးဆိုပါစို့။ ကလေးဘယ်နှစ်ယောက်၏ မေးခွန်းတွေကို လစ်လျူရှုခဲ့ပြီးပြီလဲ။ ဘယ်နှစ်ကြိမ် ပေါ့ပေါ့တန်တန် ဖြေဆိုပြီးခဲ့ပြီလဲ။ ဘယ်နှစ်ခါ ရယ်မောဖြစ်ခဲ့ပြီလဲ။ သင့်ကြောင့် ကလေး ဘယ်နှစ်ယောက် စိတ်ဒဏ်ရာ ရခဲ့ပြီလဲ။                                                                                                                             
မေးခွန်းတို့ သဘောသဘာဝအရ နှစ်မျိုးနှစ်စားသာ ရှိပါသည်။ ကိုယ်က သူတစ်ပါးကိုမေးသော မေးခွန်းနှင့် သူတစ်ပါးက ကိုယ့်ကို မေးသော မေးခွန်းများပင် ဖြစ်သည်။(ကျွန်တော် ဆိုလိုသည့် သူတစ်ပါးဆိုသော နာမ်စားမှာ သက်ရှိရော သက်မဲ့ပါ ပါဝင်သည်) သူစိမ်းတွေနှင့်ဆက်ဆံရာ၌ ကျွန်တော်တို့သည် မေးခွန်းတော်တော်များကို မေးမြန်းခဲ့သလို ဖြေဆိုခဲ့ပြီးလည်း ဖြစ်ခဲ့သည်။ မေးခွန်းများ၏ အဖြူစင်ဆုံး အချိန်မှာ စကားပြောတတ်ခါစ ကလေးဘ၀ ပင်။ သူတို့သည် အစပင်ဖြစ်သည်။ သူတို့ကို သူတို့  လူဟုပင် မသိကြ၊ သူတို့သိသည်မှာ မိဘ နှစ်ပါးနှင့် မြင်နေကျ လူအနည်းငယ်သာ။
၁၉၉၀ ခန့်  ရခိုင်ပြည်နယ် သံတွဲမြို့  ဂျိတ္တောကျေးရွာလေးမှာ ကျွန်တော် ပထမတန်း၊ဒုတိယတန်း အရွယ်တုန်းက ဖြစ်သည်။ ကျွန်တော့်တွင် သူငယ်ချင်းဟူ၍ များများစားစား မရှိလှပါ။ ဘာရယ်မဟုတ် ကျောင်းပိတ်ရက် ကလေးတို့ သဘာဝ ဆော့ကစားနေသောတစ်နေ့။ ကျွန်တော်က ရှေ့ကတိုင်သည်။ ကျွန်တော့်သူငယ်ချင်းတွေက နောက်မှ လိုက်အော်၏။
          " ဒီမိုကရေစီ ရရှိရေး၊ ဒို့ အရေး.. ၊ ဒို့ အရေး.. "
ဒီမိုကရေစီ ဟူသော ဝေါဟာရအား ကျွန်တော်မသိခဲ့။ ကျွန်တော့် သူငယ်ချင်းများလည်း မသိခဲ့။ နားစွဲနေသော စကားလုံးကို တွေ့ရာ အော်ကြခြင်းဖြစ်သည်။ ထိုသို့ အော်ရင်းဖြင့် ဆက်သွယ်ရေး အရာရှိတစ်ဦးအိမ်ရှေ့သို့ရောက်သောအခါ ထိုသူက အိမ်ပေါ်မှ ပြေးဆင်းလာပြီး ကျွန်တော်တို့အား ထိုသို့မအော်ရန်တားသည်။ ကျွန်တော့်နောက်မှ လိုက်အော် နေကြသူများထဲတွင် သူ၏သားဖြစ်သူလည်း ပါသည်။
ထိုလူကြီးက သူ့ သားကို ဆွဲထုတ်ကာ ကျွန်တော်တို့ရှေ့ တွင် ပြင်းပြင်းထန်ထန် ရိုက်သည်။  ထို့နောက် ကျွန်တော်တို့ မိဘတွေကိုလည်း တိုင်သည်။ အိမ်ပြန်ရောက်တော့ ကျွန်တော့်အမေကလည်း ကျွန်တော့်ကို ရိုက်သည်။ ဘာလို့  ရိုက်တာလဲဟု ကျွန်တော်မေးသည့်အခါ ဘာမှ ပြန်မဖြေ။ ကျွန်တော်လည်း မငိုပါ။ ဒီမိုကရေစီကြောင့် အရိုက်ခံရသည်။ ဘာလဲ ဒီမိုကရေစီ…။ လူတွေ အုပ်လိုက်ကြီးဖြတ်သွားရင်း အားလုံးဝိုင်းအော်နေကြသည်ကိုမြင်ဖူးသည်။ သူတို့လည်း အရိုက်မခံရဘူးလား…။ 
နောက်တစ်နေ့  အမေရိုက်သော ဒဏ်ရာကြောင့် ကျွန်တော် ကျောင်းမတက်နိုင်ခဲ့။ နောက်ရက်တွေမှာ သူငယ်ချင်းတွေကို မေးကြည့်သည်။ ဒီမိုကရေစီဆိုတာဘာလဲ..။ သူတို့လည်းမသိ။ ကျွန်တော် အပါအ၀င် အကုန်လုံးနားလည်သွားကြသည်မှာ ဒီမိုကရေစီ ဟုအော်လျှင် အရိုက်ခံရမည်ဟုပင်။
ကျွန်တော်တို့ကို မြန်မာစာသင်သော ဆရာကို မေးကြည့်ပြန်သည်။ ဆရာက အဲဒါ သရဲတွေ မကောင်းဆိုးဝါးတွေ ခေါ်တဲ့ဂါထာ၊ အဲဒါရွတ်ရင် သူတို့လာပြီး မင်းကို ကုပ်ချိုးသတ်လိမ့်မယ် ဟုပြန်ပြောသည်။ ကျွန်တော် တကယ်ထင်ခဲ့သည်။
ကလေးဘ၀သည် အလွန်ဖြူစင်သည်ဟု သူများတွေ ပြောတာရေးတာရော သီချင်းထဲမှာပါ ကျွန်တော်ကြားခဲ့ရသည်။ မေးခွန်းတွေအတွက် သူတို့မှာ အဖြေမရှိ။ ထို့ကြောင့် လူကြီးတွေအတွက် အသက်ရှိသော ကစားစရာ အရုပ်ဖြစ်ခဲ့သည်။ လူကြီးတွေသည် သူတို့ကိုယ်တိုင် မဖြေနိုင်သော မေးခွန်းတစ်ချို့ ဖြင့် ကလေးများကို စ ကြသည်။ ဥပမာ " သား ဖေဖေနဲ့ မေမေ ဘယ်သူ့ကို ပိုချစ်လဲ " ။
ကလေးငယ်အတွက် တကယ့်ကို ပြဿနာပင်။ မိဘနှစ်ပါးရှိလျှင် ပိုဆိုးသည်။ ထိုအခါ လက်ဖ၀ါး အချင်းချင်းပွတ်၍ သော်လည်းကောင်း၊ ခေါင်းငုံ့ ၍သော်လည်းကောင်း၊ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍သော်လည်းကောင်း သူတို့၏ အနေရခက်မှု၊ ဖြေရှင်းရခက်မှုကို လူကြီးများသိအောင်ပြကြသည်။ ထိုအရာကို လူကြီးများက ရယ်စရာဟု သဘောထားကြသည်။ ဤသည်မှာ ကလေးငယ်အတွက် အနှုတ်လက္ခဏာ သို့မဟုတ် ဒဏ်ရာပင်ဖြစ်သည်။
 တချို့ က ကလေးဝတ်ထားသော အကျီကို အကြောင်းပြု၍ စကြသည်။
"မင်းအင်္ကျီက အစုတ်ကြီး အသစ်မ၀တ်ဖူးလား"
ထိုသို့  အစခံလိုက်ရသော ကလေးသည် ပြည့်ပြည့်စုံစုံထဲက ဆိုလျှင်အကြောင်းမရှိ။ ဆင်းရဲနွမ်းပါးသော မိသားစုမှ ဆင်းသက်လာခဲ့လျှင် ကလေးရော သူ့မိသားစုပါ အကျိုးယုတ်လှသည်။ သူသည် သူ့ အကျှီင်္အကြောင်း သူ့မိဘကို ပြောမည်။ အသစ်မဆင်နိုင်သော မိဘသည် ကလေးငယ်ကို ဆူမည်။ တစ်ချို့က ရိုက်နှုက်မည်။ ကြီးစွာသောသိမ်ငယ်ခြင်းတို့ဖြင့် ငိုကြွေးနေသော ကလေးငယ်သည် အလွန် အန္တာရယ်များလှသည်။ အကျီအစုတ်လေးနှင့်အတူ လမ်မှားပေါင်းများစွာကို ၀တ်ဆင်ရန် သူဝန်လေးတော့မည်မဟုတ်ပါ။
ကလေးတို့မည်သည် အသစ်အဆန်းကို သဘောကျကြသည်။ ကလေးကစားစရာများကို သူတို့စိတ်ထဲ၌ လက်တွေ့ဘ၀ဟု မှတ်ယူသည်။ ကားရုပ်တစ်ခုဆိုပါစို့။ သူတို့ မောင်းသည်။ သူတို့ စိတ်ထဲ၌ အပြင်မှာ မောင်းနေသလို ။ သေနတ် တစ်လက်ဆိုပါစို့။ သူတို့ကိုယ်သူတို့ ကြီးမားသည့်တိုက်ပွဲတစ်ခု ရင်ဆိုင်နေရသလို။ စင်စစ် သူတို့ကစားနေကြခြင်းမဟုတ်။ သူတို့သွားနေကြခြင်း ဖြစ်သည်။ သူတို့ ရွေးခြယ်နေကြခြင်းဖြစ်သည်။ 
ထိုအချက်ကို သူတို့နှင့်နီးကပ်စွာရှိနေသော မိဘ နှစ်ပါး သို့မဟုတ် အုပ်ထိန်းသူတို့က လေးလေးနက်နက် သတိပြုရန်လိုသည်။ သူတို့၏ မျှော်လင့်ချက်၊ သူတို့ ဖွင့်အန်လာသော တောင့်တမှု (တနည်း) မေးခွန်းတို့အား အလွယ်တကူ မရှောင်တိမ်းသင့်။
ကျွန်တော့်အဖေသည် ကျွန်တော့်ကို ပညာတတ်တစ်ယောက် ဖြစ်စေချင်ခဲ့သည်။ ငယ်ငယ်လေးကတည်းက ကျွန်တော့်ပညာရေး၌ သူကိုယ်တိုင် ကြပ်မတ်သည်။ ကျွန်တော်သည် အဖေ့ကျေးဇူးဖြင့် သူငယ်တန်း မှ တတိယတန်းအထိ ပထမချည်း စွဲခဲ့သည်။
မှတ်မှတ်ရရ လေးတန်းကျောင်းသားအရွယ်။ စာမေးပွဲနီးစဉ်ကာလ ဖြစ်သည်။ ကျွန်တော့်အိမ်ဘေးမှာ ကျွန်တော့်သူငယ်ချင်းများ ဆော့နေသည်ကို ကျွန်တော် မြင်နေကြားနေရသည်။ ကျွန်တော့်လက်ထဲမှာ သင်္ချာစာအုပ်နှင့် ကျွန်တော့်ဘေးမှာ ပုစ္ဆာများကို တစ်ခုပြီးတစ်ခုရွေးနေသော ကျွန်တော့်အဖေ။ ကျွန်တော့်အာရုံသည် သူ့ထံမှာ မရှိ။ ရယ်မောသံ ကစားသံတို့အကြား ရောက်နေသည်။
အဖေသည် ကျွန်တော်တွက်ရန် ပုစ္ဆာများရွေးပြီးသည်နှင့် ကျွန်တော့်ကို တွက်ခိုင်းတော့သည်။ ကျွန်တော် မတွက်ခင် သူ့ကို မရဲတရဲ တောင်းဆိုကြည့်သည်။ အလွန်ရိုးသားသော မေးခွန်း ဖြစ်သည်။ သား တွက်ပြီးရင် ဆော့လို့ရမလား ဖေဖေ ဟူ၍။ သူက ပြုံး၍ ကျွန်တော့်စကားကို လက်ခံသဘောတူသည်။ ကျွန်တော်လည်း တွက်သည်။ 
ကစားနေသော သူငယ်ချင်းများ၏ရယ်သံက ကျွန်တော့်ကို စိတ်လှုပ်ရှားနေစေသည်။ သူပေးသောပုစ္ဆာများ တွက်ပြီး ကျွန်တော် ဆင်းကစားရန်ပြင်သောအခါ သူ တားသည်။ နေပူနေသောကြောင့် ပေးမကစားနိုင်ပါ ဟူ၍။ ကျွန်တော် ငိုတော့သည်။သူ ချော့သည်။ မရ။ ကြာတော့ ကျွန်တော် အရိုက်ခံလိုက်ရသည်။ ကစား ခွင့်မရခဲ့ပါ။
ထိုကဲ့သို့သော အဖြစ်အပျက်များ ကျွန်တော်နှင့် ကျွန်တော့်မိဘ အသိုင်းအ၀ိုင်းကြားမှာ ငယ်စဉ်ဘ၀ထဲက မကြာခဏဆိုသလို ဖြစ်ပျက်ခဲ့သည်။ မျှော်လင့်ထားသည်များ ဖြစ်မလာပေ။ မေးခွန်းများသည် ဖြေသူမရှိ။ ဖြေသူရှိလည်း ကျေနပ်မှုမရခဲ့ပါ။
လေးတန်းစာမေးပွဲဖြေပြီး အောင်စာရင်းထွက်တော့ ကျွန်တော် ဆုတစ်ခုမှ မချိတ်။ ကျွန်တော် စာလုပ်ချိန်တွင် ကစားနေသော ကျွန်တော့်သူငယ်ချင်းဖြစ်သူ နေ၀င်းက ပထမ ရခဲ့သည်။ ထို့နောက်ပိုင်းလည်း စာမေးပွဲ မကျဖူးတာကလွဲပြီး ကျွန်တော် ဘာဆုမှ မရခဲ့။ ထူးထူးခြားခြား သင်္ချာ စပါယ်ရှယ် ညံ့ခဲ့သည်။ သင်္ချာသင်လျှင် ကျွန်တော် စိတ်မ၀င်စားတော့ပါ။ ဆယ်တန်းကို နှစ်ချင်းပေါက် အောင်ခဲ့သည့်တိုင် သခ်ျာလေးဆယ်နှင့် ဖြစ်သည်။
ကျွန်တော် မိဘကို အပြစ်ပြန်တင်နေခြင်း မဟုတ်ပါ။ မေးခွန်းများ၏ စွန့်ပစ်မှုကို ခံခဲ့ရသောဒဏ်ရာတော်တော်များများကို ပြန်သတိရနေခြင်း သက်သက်ဖြစ်သည်။ မေးခွန်းများသည် ငယ်စဉ်မှ ယခု အချိန်အထိ ကျွန်တော်တို့ကို စွန့်ပစ်နေဆဲ။
လူသည် အသက်ကြီးလာလေလေ မေးခွန်းတွေများလာလေလေ ဖြစ်သည်။ လောကကြီးသည် သူစိမ်းဖြစ်သည်။ မေးခွန်းထုတ်စက်လည်း ဖြစ်သည်။ အနာသိပြီးဆေးမရှိသော ကျွန်တော်တို့နိုင်ငံသည် အလွန်ထူးခြားလှပါသည်။ မေးခွန်း တွေရှိပြီး အဖြေမရှိရာ၌လည်း အလွန်ထင်ရှားကျော်ကြားလှပါသည်။
ကလေးဘ၀၌ မေးခွန်းတစ်ချို့၏ စွန့်ပစ်ခြင်းခံခဲ့ရသူ တော်တော်များများအတွက် လောကဓံသည် ကြောက်စရာ အကောင်းဆုံး သူစိမ်းမေးခွန်းထုတ်စက် ပင်ဖြစ်သည်။
ညီဇံလှ
၀၂၃၄ (အင်္ဂါ)
၁၉ ၁၂ ၁၁

0 comments :

Post a Comment