Thursday, November 22, 2012

မြင်ရင်တော့ ကောက်ဖို့သင့်တယ်


-နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာ လူအများ စိတ်ဝင်တ စားရှိကြတာက မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲ အခြေအနေတွေ ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကလည်း ကုလသမဂ္ဂ ညီလာခံ မိန့် ခွန်းမှာ နိုင်ငံတော် အပြောင်းအလဲ အခြေအနေတွေကို ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
ဟုတ်ပါတယ်။ နိုင်ငံတော်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ နယ်ပယ်စုံမှာ သာမက တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနဲ့ အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ပေါ်ရေး စတာတွေဟာ တဖြည်းဖြည်းချင်း စတင် ပြောင်း လဲ နေတာကို တွေ့ရမှာဖြစ်ပေမယ့် အဲဒီလို အပြောင်းအလဲတွေမှာ ပီပီ ပြင်ပြင် ရုပ်လုံးပေါ်လာတာလည်း ရှိပါတယ်။ အချက်အလက်စုဆောင်း နေဆဲ အခြေအနေမျိုး ကိုလည်း တွေ့ရပါတယ်။ ကော်မရှင်တွေ၊ ကော်မတီတွေ ဖွဲ့စည်းဆောင်ရွက် နေတာတွေကို တွေ့ရှိရပြီး လိုအပ်ချက် ရှိသေးသော်လည်း ဥပဒေ ပြဋ္ဌာန်းနိုင်ခဲ့တာကို   တွေ့ရှိရပါတယ်။ လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းနေတာတွေ ရှိသလို မလိုအပ်တော့တဲ့ ဥပဒေဟောင်းတွေကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေတာတွေလည်း ရှိပါ တယ်။ အဲဒီလိုပြုပြင် ပြောင်းလဲမှုတွေ ဘယ်လိုအခြေ အနေမှာပဲ ရှိရှိ နိုင်ငံတော် သမ္မတ ကြီး ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦး မကြာခဏ ထောက်ပြပြောဆို ခဲ့ကြတဲ့အတိုင်း စိတ်ရင်း စေတနာအခြေခံစိတ်ဓာတ် ကောင်းကောင်းထားပြီး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ကြိုးစားလုပ်   ဆောင်ကြမယ်ဆိုရင်တော့ အပြောင်းအလဲတွေဟာ မုချအောင် မြင်လာမှာ မလွဲပါဘူး။
ဒါကြောင့် ပြည်သူတွေရဲ့ နိစ္စဓူဝ လိုအပ်ချက်တွေ ဖြစ်တဲ့ ရေ၊ မီး မှန်မှန်ရရှိဖို့၊ သွားရေးလာရေး အဆင်ပြေဖို့ကအစ အထက်မှာ ဖော်ပြခဲ့တဲ့ နယ်ပယ်စုံက အပြောင်း အလဲ အားလုံးကောင်းမွန်တဲ့ အခြေအနေ ကို ရောက်ရှိလာစေဖို့ အတွက် လှိုက်လှိုက်လှဲလှဲ ပါဝင် လှုပ်ရှား လာကြတဲ့ ပြည်သူတစ်ရပ်လုံးရော၊ ဝန်ထမ်း အသီးသီးရော၊ တပ်မတော် သားတွေရော၊ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေရော၊ နိုင်ငံရေး သမားတွေရော  အားလုံး အားလုံး က  ပွင့်လင်းရိုးသားကြပြီး အခြေခံ စိတ်ဓာတ်ကောင်းမွန် ကြဖို့ အမှန် တကယ်ပဲ လိုအပ်လှပါတယ်။ အခြေခံစိတ်ဓာတ် ကောင်းမွန် ဖို့ လိုအပ်လှပုံကို ဝေးဝေးလံလံရှာ ကြည့်ပြီး ကြီးကြီးကျယ်ကျယ် ပြောနေစရာ မလိုပါဘူး။ ကိုယ့် ပတ်ဝန်းကျင်မှာ နေ့စဉ်ကြုံတွေ့နေ ရတဲ့ အမှိုက်ပြဿနာကိုပဲ ပထမဆုံး ပြောကြည့်ကြရအောင်ပါ။ အမှိုက်ပြဿနာနဲ့ ပတ်သက် ပြီး ကိုယ့်အိမ်၊ ကိုယ့်အခန်း ကစပြီး   ပြောချင်ပါတယ်။ ကိုယ့်အခန်းက ကန်ထရိုက်တိုက် တစ်တိုက်ရဲ့ ပထမထပ်မှာပါ။ တိုက်က ခြောက်လွှာဆိုတော့ တစ်ဆယ့် နှစ်ခန်းရှိ ပါတယ်။ အဆောက်အအုံ ပြီးစီးလို့  နေထိုင်ခွင့်ရချိန်မှာ စတင်နေထိုင် ခဲ့ကြသူတွေကတော့ အိမ်ရှင်မိသားစု သုံးခန်းနဲ့ အခန်းပိုင် ဝယ်ယူနေ ထိုင်သူ လေးခန်း၊ ပေါင်း ခုနစ်ခန်း ပါ။ ကျန်တဲ့ အခန်းငါးခန်း ကတော့ ခြောက်လသက်တမ်း သို့မဟုတ် တစ်နှစ်သက်တမ်းနဲ့ ငှားရမ်းနေထိုင် ကြသူတွေ ဖြစ်ပါတယ်။
ကျွန်တော်တို့လမ်းထဲကို စည်ပင်သာယာ အမှိုက်သိမ်းကားက တစ်ပတ်လေးရက် လာပါတယ်။ လမ်းထိပ်မှာလည်း မီးဖိုချောင်က ထွက်တဲ့ အမှိုက်တွေ စွန့်ပစ်ဖို့ အမှိုက်ပုံးတစ်ပုံး ထားပေးပါတယ်။ စည်ပင်သာယာ အမျိုးသမီးဝန်ထမ်း တစ်ဦးကလည်း လက်တွန်းလှည်းနဲ့ နေ့စဉ်နီးပါး လှည့်လည်အမှိုက် သိမ်းပါတယ်။ ဒါပေမဲ့ ပိုက်ဆံ အနည်းငယ်တော့ ပေးရပါတယ်။ ပုဂ္ဂလိက လူရွယ်နှစ်ဦးက တစ်အိမ်တက် တစ်အိမ်ဆင်း အခကြေးငွေယူပြီး အမှိုက်သိမ်းဆည်းပေးတာ လည်းရှိပါတယ်။ စည်ပင်သာယာ အမှိုက်ကားမလာ ရင်သော်လည်းကောင်း၊ ကားလာပေမယ့် မမီလိုက်ရင်သော် လည်းကောင်း အမှိုက်ပုံးနဲ့ အမှိုက်လှည်းတွေမှာ အမှိုက်စွန့် ပစ်လို့ရပါတယ်။ စည်ပင် သာယာ အမှိုက်ကားကတော့ မထသဘတ်စ် ကားတွေလိုပါပဲ၊ သတ်သတ် မှတ်မှတ်မထားဘဲ ရပ်ချင်တဲ့ နေရာမှာ ရပ်ပြီး ပြိုင်ကားမောင်းသလို အမြန် မောင်းတာဆိုတော့ ကျွန်တော်နေတဲ့ တိုက်ရဲ့ အခန်းတွေက အမှိုက်ကားမှာ အမှိုက်ပစ်တာ တစ်ကြိမ်မျှ မတွေ့ရဖူးပါ။ တစ်ခါတစ်ရံမှာ အမှိုက်ကားနောက်ကို အမီလိုက်ပြီး အမှိုက်သွန်ကြတဲ့ ပတ်ဝန်းကျင်က လူရွယ်တစ်ဦး နှစ်ဦးကိုတော့ တွေ့ မြင်ဖူးပါတယ်။ ကျွန်တော်နဲ့ အခြား အခန်း နှစ်ခန်း၊ သုံးခန်းလောက် ကတော့ အမှိုက်လှည်းထဲမှာပဲ အမှိုက်ပစ်ရင် ပစ်တယ်။ လမ်းထိပ်က အမှိုက်ပုံးထဲကို သွားပစ်ရင် ပစ်ကြပါတယ်။ အမှိုက်လှည်းကို အမှိုက်ပစ် ရတာကလည်း စိတ်ညစ်စရာပါပဲ။ စည်ပင်သာယာဝန်ထမ်း အမျိုးသမီးဟာ ပိုက်ဆံရရှိရေးကိုပဲ စိတ်ဝင်စားပြီး သူ့အမှိုက်လှည်း ပေါ်က ဖိတ်စင်ကျတဲ့ အမှိုက်တွေ ကိုတောင် ပြန်မကောက်ဘူးဆို တော့ တစ်လမ်းလုံး အမှိုက်တွေ ပြန့်ကျဲနေပါတယ်။
ကျွန်တော်တို့ တိုက်က ကျွန်တော်အပါအဝင် အခြားနှစ်ဦးသုံးဦးသာ အမှိုက်ပစ်ပြီး အခြားအခန်းတွေ အမှိုက်ပစ်တာ တစ်ကြိမ်တစ် ခါမျှ မတွေ့ဖူးပါ။ ဒါပေမဲ့ ညဘက်   ရောက်ပြီဆိုရင်တော့ နောက်ဖေး လမ်းကြားထဲမှာ တအုန်းအုန်းမြည် နေတဲ့ အမှိုက်ပစ်ချသံနဲ့ ”အောက် မှာ လူရှိတယ်ဟေ့ …” ဆိုတဲ့ မကြားဝံ့မနာသာ ဆဲဆို အော်ဟစ် သံတွေ ကြားရတာက နေ့စဉ်လိုလို ဖြစ်ပါတယ်။ ယခင် ကန်ထရိုက် တိုက်တွေကို တစ်တိုက်နဲ့ တစ်တိုက် ကပ်လျက်ဆောက်ခဲ့ရာမှ လွန်ခဲ့တဲ့ တစ်နှစ်ကျော် နှစ်နှစ်   လောက်  က စပြီး တိုက်နှစ်ခုကြားမှာ နေရာလပ် ချန်ပြီး ဆောက်ရတော့ အခြေခံ စိတ်ဓာတ်မကောင်းကြတဲ့ အပေါ် ထပ်နေသူတွေအတွက် မီးဖိုချောင်ထွက် အမှိုက်တွေ ကို နောက်ဖေး လမ်းကြားမှာ ပစ်လိုက်၊ တစ်သျှူး၊ ဆေးလိပ်တိုနှင့် ပလတ်စတစ်အိတ် တွေကိုတော့ တိုက်နှစ်လုံးကြားထဲ ပစ်ချလိုက်နဲ့ ဟန်ကျနေကြပါတယ်။ အောက် ဆုံးထပ်မှာ နေတဲ့လူတွေ ကတော့ နောက်ဖေးလမ်းကြားက အမှိုက်ပြဿနာကို မဖြေရှင်းနိုင်တဲ့ အပြင် တိုက်နှစ်လုံး အကြားက အမှိုက်သိမ်းရတဲ့ အလုပ်တိုးလာပြီး စိတ်သောက ပိုလာခဲ့တာကိုပဲ တွေ့ ရပါတယ်။
စည်ပင်သာယာ အနေနဲ့ နောက်ဖေးလမ်းကြားက အမှိုက်ကို လုံးဝသိမ်းမပေးပါဘူးတဲ့။ ကျောချင်းကပ် တိုက်တွေက အလုပ်သမား ငှားပြီး  အမှိုက်တွေကို လမ်းမပေါ် ရာက်အောင် ပို့ပေးရင်တော့ သူတို့ သိမ်းပေးမယ်လို့ ဆိုပါတယ်။ စည်ပင်သာယာက ပြဋ္ဌာန်းထားတဲ့ နည်းဥပဒေ ၅/ခ အရ နောက်ဖေး လမ်းကြား၊ အများပြည်သူနှင့် ဆိုင် တဲ့ လမ်း၊ရေမြောင်းတွေမှာ အမှိုက်ပစ်ရင် ပုဒ်မ ၂၈ နဲ့ အရေးယူနိုင် တယ်လို့ဆိုပါတယ်။  တားမြစ်တဲ့ နေရာမှာ အမှိုက်ပစ်ရင် ဒဏ်ငွေ ၁ဝဝဝဝ (ကျပ်တစ်သောင်း) တပ် ရိုက်နိုင်ပေမယ့် စောင့်ကြည့်နိုင်တဲ့ အင်အားမရှိဘူးလို့ပြောပြီး အမှိုက် ခွန်ကိုတော့ မှန်မှန် ကောက်တယ် ထင်ပါတယ်။ သာကေတ ၇ ရပ် ကွက်က အမက အမှတ် (၃၅)   ကျောင်းအုတ်နံရံဘေးမှာ စည်ပင် သာယာရဲ့ တရားဝင် အမှိုက်စွန့် ပစ်တဲ့ နေရာမဟုတ်သော်လည်း တစ်ရပ်ကွက်လုံးက အမှိုက်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေက အမှိုက်   တွေ စုပုံထားတဲ့ ကွင်းပြင်ကြီးဟာ ၇ နှစ်ကြာပြီဖြစ်ကြောင်းနဲ့ ကျောင်းသားလူငယ်တွေရဲ့ ကျန်းမာရေး အတွက် စိုးရိမ်ဖွယ် အခြေအနေရှိ နေတယ်လို့ ၂၅-၁ဝ-၂ဝ၁၂ ရက် နေ့ ပေါ်ပြူလာ နယူးစ်ဂျာနယ် ၄/၄၂မှာ သတင်းဓာတ်ပုံနဲ့ တကွဖော်ပြထားတာကို တွေ့ရှိရပါတယ်။ နောက်ဖေးလမ်းကြားထဲက အမှိုက်ကို လမ်းမပေါ်ရာက်အောင်  ပို့ ပေးရင် သိမ်းဆည်းပေးပါမယ်ဆို တဲ့ စည်ပင်သာယာဟာ သာကေတ စာသင်ကျောင်းဘေးက လူမြင်ကွင်းမှာ ခုနစ်နှစ်ကျော်စုပုံနေတဲ့  အမှိုက်တွေ သိမ်းဆည်းပေးဖို့ စာနဲ့တင်ပြခဲ့ တာကိုတောင် ရှင်းလင်းသိမ်းဆည်း မပေးတာကတော့ စဉ်းစားချင်စရာပါပဲ။
ဒီတော့ စင်ကာပူမှာလို အမှိုက်ပစ်သူတွေကို ဓာတ်ပုံကင်မရာ နဲ့ မှတ်တမ်းတင်ပြီးလည်း မဖမ်း ဆီးနိုင်၊ စောင့်ကြည့်ပြီး ဖမ်းဖို့လည်း လူမရှိဘူးဆိုပြီး လက်လျှော့တာမျိုး ကတော့ မဖြစ်စေချင်ပါဘူး။ လူ တစ်ဦးချင်းစီရဲ့ အခြေခံ စိတ်ဓာတ် လေးတွေကောင်း မွန်လာအောင် ပြုပြင်နိုင်ရင်တော့ အဆင်ပြေမယ် ထင်ပါတယ်။ နောက်ဖေးလမ်း ကြားထဲကို အမှိုက်ပစ်ကြတဲ့ လူ တွေရဲ့ အခြေခံ စိတ်ဓာတ်က ညံ့ ဖျင်းကြသလို ဘတ်စ်ကားပေါ်က ခရီးသည် အချို့ဆိုရင်လည်း သူတို့ သုံးတဲ့ တစ်သျှူးစက္ကူကို ကားပေါ် မှာပဲ ပစ်ချကြပါတယ်။ ကားပြတင်း ပေါက်ကနေပြီး လမ်းပေါ်ကို ပစ်ချ ကြတာလည်းရှိပါတယ်။ ခြေကျင် လျှောက်ကြတဲ့ ခရီးသည်တွေကလည်း သူတို့ရဲ့ တစ်သျှူး စက္ကူ   တွေ၊ ငှက်ပျောသီးခွံ၊ ရေသန့်ဘူးခွံတွေကို အမှိုက်ပုံးရှိတဲ့နေရာအထိ သည်းညည်းခံပြီး ယူမသွားကြဘဲ အလွယ် တကူတွေ့တဲ့နေရာမှာ ပစ်တတ်ကြပါတယ်။ ကွမ်းတံ   တွေးကို တွေ့တဲ့ နေရာမှာ ထွေးတတ်ကြပြီး ဆေးပေါ့လိပ်တိုနဲ့ စီးကရက်တိုတွေ ကတော့ အဆိုးရွားဆုံးပါပဲ။
အထက်တန်းစား ကိုယ်ပိုင် ကားစီးကြသူတွေရဲ့ အခြေခံစိတ် ဓာတ်ညံ့ဖျင်းမှုကလည်း ထူးမခြားနားပါပဲ။ စီးလာတဲ့ ကားတွေနဲ့တောင် မလိုက်ဖက်ပါဘူး။ ပါဂျရို၊ ပရာဒို၊ ဆာ့ဖ်၊ ရွှေငါးစတဲ့ ကားကောင်းတွေမှာ စီးလာတဲ့ မိန်းကလေး၊ ယောက်ျားလေး အားလုံး သန့်သန့်ပြန့်ပြန့် ချောချောလှလှ လေးတွေဖြစ်ကြပေမယ့် သူတို့စားသောက်ပြီးတဲ့ အချိုရည်ဘူးခွံတွေ၊ မုန့်ထုပ်အခွံတွေ၊ တစ်သျှူးစက္ကူ တွေကို စည်းမဲ့ကမ်းမဲ့ လမ်းပေါ် ပစ်ချတာကိုလည်း တွေ့မြင်ရပါတယ်။ အချို့သော ခရီးသွားပုဂ္ဂိုလ် တွေကတော့ အမှိုက်ပုံးကို တွေ့မြင်ပြီး အလှမ်းကွာဝေး လှတာလည်း မဟုတ်ဘဲနဲ့ ခြေလှမ်းဆယ့် လေးငါးလှမ်းလောက် ဆက်လျှောက်ပြီး အမှိုက်ပုံးထဲ ပစ်ရင်ရတဲ့ အခြေအနေမှာ အနီးက မြောင်း ထဲကိုပဲ ပစ်ချတာ တွေ့မြင်ရပါတယ်။ အဲဒီလို လူမျိုးတွေကတော့ ဘေးပတ်ဝန်းကျင်ကို ဂရုပြုဟန် လုံးဝမရှိပါဘူး။ အချို့သော ပုဂ္ဂိုလ် တွေက အမှိုက်ပစ် ခါနီးမှာ ဘေးဝဲ ယာကို မလုံမလဲ ကြည့်တတ်ကြ သေးပေမယ့် အမှိုက်ပစ် တာကတော့ စည်းမဲ့ကမ်းမဲ့ပါပဲ။  ယခင်ကတော့ ကျွန်တော်တို့ လူငယ်လူရွယ်တွေဟာ အခြေခံ စိတ်ဓာတ်ကောင်းမွန်ပြီး ယဉ်ကျေး သိမ်မွေ့ကြပါတယ်။ လူမှုရေးစိတ် ဓာတ်အပြည့်အဝရှိကြပြီး တစ်ပါးသူကို ကူညီတတ်ကြလို့ ချင်ခင်နှစ်လိုဖွယ် ကောင်းလှပါတယ်။ ဒါပေမဲ့ ဒီလိုအစဉ်အလာ ကောင်းလေးတွေဟာ   ဖြတ်သန်းကျော်လွှားခဲ့ရတဲ့  ခတ်ရေစီးရဲ့ အောက်မှာ ပျောက်ဆုံးခဲ့ကြရပါတယ်။ ကျွန်တော်တို့ မြန်မာလူငယ်၊ လူရွယ်တွေဟာ ထက်ထက်မြက် မြက်ရှိကြပြီး အတတ်လည်း မြန်ကြပါတယ်။ အတုခိုးတာလည်း ကျွမ်းကျင်မြန်ဆန်ပါတယ်။ ဝတ်စား ဆင်ယင်မှုကို အတုခိုးတဲ့   နေရာမှာ တော့စံချိန်ပါပဲ။ အမြန်ဆုံးပါပဲ။ အမျိုးသမီး ငယ်ငယ်ကြီးကြီးတွေဟာ ဘောင်းဘီကို မချွတ်ကြတော့ပါဘူး။ ရှည်ရှည်တိုတို သရီး ကွာတား စုံနေတာပါပဲ။ ကျပ်စည်းထာသလို အသားကပ် ဘောင်းဘီမျိုးစုံနဲ့ လမ်းသလား ကြတာတောင် ရှိပါသေးတယ်။ ကျွန်တော်တို့ အမျိုးသမီး ငယ်လေးတွေကို  ပြောချင်တာက   ဆောင်းပါး   ခေါင်းစီး” မြင်ရင်တော့ ကောက်ဖို့သင့်တယ်”ဆိုတာကို ကြည့်ပြီး အဓိပ္ပာယ်လွဲမှားစွာနဲ့ ဆံပင်ကောက်တာ ဖြောင့်တာတွေ ကိုတော့ မလုပ်စေချင်ပါဘူး။ ဒီလောက် ထက်ထက်မြက်မြက်နဲ့ အတတ်မြန်ကြတယ်၊ အတုခိုး မြန်ကြတဲ့ မြန်မာ့လူငယ် လူရွယ်တွေ အနေနဲ့ တလွဲဆံပင်ကောင်း မနေကြဘဲ အခြေခံ စိတ်ဓာတ်လေးတွေ   ကောင်းမွန်လာရေးအတွက် ကြိုးပမ်းသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် ၂ဝ-၉-၂ဝ၁၂ နေ့ထုတ် ပေါ်ပြူလာနယူးစ်ဂျာနယ် ၄/၃၇မှာ ဖော်ပြထားတဲ့ လွှတ်တော် လှေကားထစ်တွေက အဆင်းမှာ အမှိုက်တစ်စတွေ့လို့ ကောက်ပြီး ပစ်မလို့လုပ်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ်  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းဓာတ်ပုံကို ကြည့်ပြီး … ”မြင်ရင်တော့ ကောက်ဖို့ သင့်တယ်”ဆိုတဲ့ နှုတ်ထွက်စကားကို မိမိတို့ စွမ်းနိုင် သလောက်  ကြိုးစားလိုက်နာ ကြည့်ကြရအောင်လား။ …
ခင်မောင်အေး(ချောက်)

0 comments :

Post a Comment