Monday, August 26, 2013

(သြဂုတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)

အဝေဖန်ခံနိုင်မှ အစိုးရလုပ်ပါ

မည်သည့် နိုင်ငံတွင်ဖြစ်စေ အာဏာသုံးရပ်တွင် ရှိနေသူများ ကို ပြည်သူလူထု၊ မီဒီယာနှင့် အခြား အင်စတီကျူးရှင်းများ က ဝေဖန် ပြစ်တင်လေ့ ရှိတတ်သည်။ ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံများ ဆိုလျှင် နိုင်ငံသား အားလုံးကို မကျေနပ်ချက် ရှိလျှင် လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်၊ ဝေဖန် ပြစ်တင်ခွင့်၊ ရေးသား၊ ပြောဆိုခွင့် ပြုထားသည်။ ဝေဖန်မှု မရှိသော လူ့အဖွဲ့အစည်းသည် မည်သို့မျှ ဖွံ့ဖြိုး တိုးတက်လာနိုင်စရာ မရှိပေ။ ယနေ့ ကမ္ဘာပေါ်ရှိ အဘက်ဘက်က ဖွံ့ဖြိုးမှု စံနှုန်း အမြင့်မားဆုံး နိုင်ငံများသည် နိုင်ငံသားတို့၏ ကြံစည်၊ အားထုတ်၊ တီထွင် ဖန်တီးခွင့်၊ ဝေဖန် သုံးသပ်ခွင့်တို့ကို လွတ်လွတ်လပ်လပ် အစွမ်းရှိသမျှ ဖော်ထုတ်ခွင့် ပေးထားသော နိုင်ငံများ ဖြစ်ကြသည်။

ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်နေပါသည်ဟု ဆိုထားသော မြန်မာနိုင်ငံ တွင် ရှိနေသည့် အာဏာ သုံးရပ် အပါအဝင် အင်စတီကျူးရှင်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တပ်မတော်တို့သည် လည်း မည်မျှ အဝေဖန်ခံနိုင်ပါသနည်းဟု မေးစရာ ရှိသည်။ ယခင် စနစ်ဟောင်း ကာလက အာဏာ သုံးရပ်ကို တပေါင်း တစည်းတည်း ကိုင်တွယ် အသုံးပြုလာခဲ့သည့် အပြင် အခြေခံ ဖွဲ့စည်းပုံအရ ဒီမိုကရေစီ သဘော သဘာဝနှင့် ခြားနားသော တပ်မတော်ကို ခြွင်းချက်အဖြစ် ထားလျှင် ကျန်သော နယ်ပယ်၊ အဖွဲ့အစည်းများ အဝေဖန်ခံနိုင်ပါသလောဟု မေးရမည် ဖြစ်သည်။

ကုန်ခဲ့သည့် ၂ နှစ်ခွဲ သက်တမ်း ကာလကို ပြန်ကြည့်လျှင် ပြည်သူလူထု အပါအဝင် မီဒီယာတို့၏ ဝေဖန် ပြစ်တင်မှု အခံရဆုံးမှာ အစိုးရဟု ဆိုလျှင် ငြင်းနိုင်စရာ မရှိပေ။ ဤနေရာတွင် လက်ရှိ အရပ်သား အသွင်ပြောင်း အစိုးရ၏ ဝေဖန်ခံနိုင်မှု စွမ်းရည်ကို အထူး အသိအမှတ်ပြု ရမည် ဖြစ်သည်။ အစိုးရ အပေါ်တွင် ဝေဖန်မှု အများဆုံး ရှိခဲ့သည်မှာ ပြည်သူလူထု အနေနှင့် အတိတ်ကာလ တစ်ခုလုံး အာဏာ သုံးရပ်စလုံး တပေါင်းတစည်းတည်း ကိုင်တွယ်ခဲ့သည့် ယခင် အစိုးရ အပေါ် မြင်ခဲ့သည့် အမြင်များ စွဲနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လက်ရှိကာလ အုပ်ချုပ်ရေးသက်သက် တာဝန် ထမ်းဆောင်နေသော အစိုးရအပေါ် အကောင်းမြင်စိတ် နည်းနေခြင်းမှာ သဘာဝ ကျသည်။ ပြည်သူလူထု၊ အင်စတီကျူးရှင်းများနှင့် မီဒီယာတို့က မီဒီယာ မျိုးစုံမှ တိုက်ခိုက် ထိုးနှက်သမျှ၊ ဝေဖန် ပြစ်တင်သမျှကို ယနေ့အချိန်အထိ အပြုံးမပျက် နားထောင်နေနိုင်ခြင်းမှာ ထူးခြားသည်။ ခြွင်းချက် အနေနှင့် အစိုးရအပေါ် စွပ်စွဲချက် မှန်သမျှ၊ အစိုးရနှင့် ပတ်သက်၍ ထွက်ပေါ်လာသော သတင်း မှန်သမျှ အစိုးရ လုံးဝ မမှားကြောင်း၊ တစ်ဖက်ကသာ မှားကြောင်း အမြဲ ဆတ်ဆတ်ထိမခံ တုံ့ပြန် တတ်ခြင်းကိုသာ လူထု ဆက်ဆံရေး PR နည်းနာ ကောင်းကောင်းဖြင့် တုံ့ပြန် ဖြေရှင်းတတ်ပါက လက်ရှိ အစိုးရ၏ ဂုဏ်သိက္ခာ ပိုတက်လာစရာ ရှိသည်။

ယနေ့ဆိုလျှင် ဥပဒေပြု လွှတ်တော်ကပင် အုပ်ချုပ်ရေး အဖွဲ့၏ အကြီးအကဲ၊ အစိုးရအဖွဲ့၏ သမ္မတ၊ နိုင်ငံတော် အကြီးအကဲဖြစ်သူအပေါ် ဝေဖန် ပြစ်တင် လာသည်အထိ အရှိန် မြင့်လာသည်ကို တွေ့နိုင်သည်။ အာဏာ သုံးရပ် အနက် အုပ်ချုပ်ရေး အာဏာသည် သဘော သဘာဝအရ မည်သည့် နိုင်ငံတွင်မဆို ဝေဖန် ပြစ်တင်မှု အများဆုံး ခံရလေ့ ရှိတတ်သည်။ ယနေ့အချိန်အထိ ဝေဖန် ပြစ်တင်မှုများကို အစိုးရ၏ တုံ့ပြန်မှုမှာ မျှော်လင့် ထားသည်ထက် သဘောထားကြီးသည့် သဘော တွေ့ရသည်။

သို့သော် နိုင်ငံတော်၏ အမြင့်ဆုံး ဥပဒေပြု အဖွဲ့အစည်း လွှတ်တော် အပေါ် ဝေဖန်မှုများနှင့် ပတ်သက်ပြီး လွှတ်တော်၏ တုံ့ပြန်မှုများကမူ ယခုထက်ပို၍ ခန္တီစ တရား လက်ကိုင်ပြုရန် လိုအပ်နေ သေးသည်ဟု ယူဆစရာ ရှိသည်။ ဥပမာအားဖြင့် ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းခြင်းမျိုး ဖြစ်သည်။

ထိုနည်းတူစွာ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အင်စတီကျူးရှင်းများတွင် လည်း အစု၊ အဖွဲ့သဘောမျိုး ဆောင်ထားသည့်အတွက် မိမိတို့ အစုအဖွဲ့ဝင် တစ်ဦးဦး သို့မဟုတ် အစုအဖွဲ့ကို ဝေဖန် ပြစ်တင်မှု ကြုံရပါက ဝေဖန်သူကို ရန်သူသဖွယ် သဘောထားကာ ကြက်ခေါင်း ဆိတ်မခံ သွေးဆူဆူ တုံ့ပြန်တတ် ကြခြင်းမျိုးလည်း ရှိသည်။

အာဏာရှင်စနစ်ကို မနှစ်သက်၊ သဘောမကျသောကြောင့် ဒီမိုကရေစီကို လိုလား တောင့်တကြသော နိုင်ငံသူ နိုင်ငံသားတို့ အနေနှင့် မိမိတို့ ကိုယ်တိုင်လည်း ဝေဖန် ပြစ်တင်မှုကို ခံနိုင်ရည် ရှိသော၊ ဒီမိုကရေစီနည်းဖြင့် ညင်သာစွာ ပြန်လည် တုံ့ပြန်နိုင်သော သို့မဟုတ် သည်းခံ ခွင့်လွှတ်နိုင်သော သဘောထားကြီး ရင့်ကျက်သည့် နိုင်ငံကြီးသားများ ဖြစ်အောင် မိမိတို့ ကိုယ်ကိုယ်နှင့် မိမိတို့ အဖွဲ့အစည်းကို အရင်ဦးစွာ တည်ဆောက်ထားနိုင် မှသာ နိုင်ငံတော်နှင့်ချီသော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးကို လက်တွေ့ကျကျ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း သတိပြုမိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၂၅-၈-၂၀၁၃)


Credit: The voice weekly

0 comments :

Post a Comment