Sunday, August 25, 2013

မွေခံထိုက်စေ

(ေဇယ်သူ)

ပုဂံသို့ လွန်ခဲ့သော ဆယ်နှစ်ဆယ့်ငါးနှစ်ခန့်ကာလ ရောက်ခဲ့စဉ်က ပီတိတွေ အထပ်ထပ် ပွားများရသည်။ ပီတိက နှစ်မျိုး။ တစ်မျိုးက မြန်မာနိုင်ငံသား တစ်ဦးအနေနှင့် ဂုဏ်ယူစိတ်။ ဒုတိယက ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနှင့် ထိုခေတ်က ပုဂ္ဂိုလ်များ၏ လုံ့လဥဿာဟကို သာဓုခေါ်စိတ်၊ မုဒိတာစိတ်၊ ကုသိုလ်စိတ်တွေ ယိုဖိတ်ရသည်။ ဒီလိုမျိုးဘုရားတွေ အများကြီးကို တစုတဝေးတည်း တည်နိုင်လောက်အောင် ပုဂံသားတို့၏ စေတနာ အဟုန်ကြီးလှပါလားဟူသည့် ပီတိဖြင့်။

ထိုခေတ်က ယခုကဲ့သို့ သယ်ယူပို့ဆောင်ရေး၊ နည်းပညာစသည် အားမကောင်းသေးသောကြောင့် ဘုရားတစ်ဆူ တည်ရန်မှာ အလွန်ခက်ခဲပါလိမ့်မည်။ အထူးသဖြင့် သာမန်ပြည်သူပြည်သားထဲမှ တည်ရန်မှာ ခဲယဉ်းလိမ့်မည်။ ထိုသို့ အခက်အခဲကြားထဲမှ ကျားကုတ်ကျားခဲဖြင့် တည်ထားသော ဘုရားကို ဖူးရခြင်းမှာ ပီတိတို့ လှိုင်းတံပိုးကဲ့သို့ အလိပ်လိုက် အလိပ်လိုက် ဖုံးလွှမ်းလာသည်။

သို့သော် ပုဂံခေတ် ရှေးလက်ရာ ဘုရားများကို ယနေ့ခေတ် လက်ရာကြမ်းကြမ်း၊ ယခုခေတ် အုတ်ကြမ်းကြမ်းများနှင့် အစားထိုး ပြုပြင်လိုက်ချိန်တွင်မူ ကျွန်တော့် ခံစားချက်သည် ပုဂံဘုရားတစ်ဆူ အဖြစ်မှ ယနေ့ခေတ် ဘုရားတစ်ဆူပေါ်သို့ ပြောင်းလဲ ရောက်ရှိသွားသည်။ စေတီတည်ရခြင်းသည် မြတ်စွာဘုရားကို ကြည်ညိုစေလိုခြင်း အဓိက ဖြစ်သောကြောင့် မြတ်စွာဘုရား၏ ဂုဏ်တော်ကို မြတ်နိုးခြင်းကား အတူတူပင်ကျန် နေသေးသော်လည်း ရှေးဘုရားတစ်ဆူကို ဖူးမြော်နေရခြင်းဟု ခံစားမှုမျိုး နည်းပါးသွားသည်။ ထို့အတူ လွန်ခဲ့သော နှစ်ပေါင်းထောင်ကျော်က လုံ့လဥဿာဟ စိုက်ထုတ်ခဲ့သည့် ပုဂ္ဂိုလ်ကို ကြည်ညိုသည့် သာဓုခေါ်စိတ်လည်း ဆုတ်ယုတ်သွားသည်။

လွန်ခဲ့သော ဆယ်နှစ် ဆယ့်ငါးနှစ်ခန့်က ထင်သည်၊ ပုဂံဘုရားတို့ကို အစုလိုက် အပြုံလိုက် ပြုပြင်စဉ်တုန်း ရောက်သွားမိတော့ ကျွန်တော် အံ့လည်းသြရ၊ စိတ်လည်းပျက်ရသည်။ ဘုရားတစ်ဆူ သုံးသိန်း၊ ငါးသိန်းစသည့် အရွယ်အစားအလိုက် ပုတ်ပြတ်နှုန်းများဖြင့် ပြုပြင်သည်။ ကြည့်လိုက်တော့ အုတ်တွေက ပုဂံဘုရားတွေ၏ အုတ်အရွယ် အစားတွေမဟုတ်။ အရောင်ကလည်း မတူ။ သာမန်အုတ်ဖိုတစ်လုံးက ထုတ်လာသည့် လက်ရာ။ ပန်းရန်တို့ကို အကဲခတ်ကြည့်တော့လည်း လက်ရာခပ်ကြမ်းကြမ်း။ ပုဂံရှိ နာမည်ကျော် စေတီကြီးတစ်ဆူကို ဟိုရှေးရှေးမူလက တည်ဆောက်ရာတွင် အုတ်တစ်ချပ် လပ်သောကြောင့် တာဝန်ရှိသူ ကွပ်မျက်ခံရသည်ဟု ဖတ်မှတ်ရဖူးသည်။ ထို့ကြောင့်ပေလား မသိ၊ ပုဂံသည် ယဉ်ကျေးမှု၊ အနုပညာ၊ ဘာသာတရားတို့ကိုသာမက ရှေးမြန်မာတို့၏ အရည်အသွေးနှင့် စည်းကမ်းကိုလည်း ကိုယ်စားပြုသည်။ ထိုရှေးခေတ်က အရည်အသွေးမျိုး သုံးသိန်း၊ ငါးသိန်း ပုတ်ပြတ် ဈေးဖြင့် ရနိုင် မရနိုင်ကတော့ ပြင်ဆင်ပြီး စေတီတို့က သက်သေခံပေလိမ့်မည်။

အကြံသမား ကမ္ဘာလှည့် ခရီးသွားတို့၏ရန်၊ သူခိုးဓားရိုးကမ်း မြန်မာတို့၏ ရန်ကြောင့် နံရံဆေးရေးများ အချပ်လိုက် ခွာခံရသောကြောင့် ဆုံးရှုံးရသည့်အထဲတွင် ထိုသို့ ကရော်ကမည် ပြင်ဆင်ခြင်းများ ကြောင့် ရှေးနှစ်ပေါင်း ထောင်ကျော်က လက်ရာများ ပျက်စီးသွားခဲ့ရသည်။

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်ကို တစ်ခါတစ်ခေါက် အရောက်တွင် လည်ပတ်စရာ ရှာစဉ်က ဖြစ်သည်။ မဲခေါင်မြစ်ကမ်းတွင်လည်း လေနုအေးကို ရှူရှိုက်ရင်း ငါးကင်လည်း စားပြီးပြီ။ နာမည်ကြီး ရှေးဟောင်းဘုရားသို့ သွားကြပါလားဟု ဒေသခံက အားတက်သရော အကြံပေးသည်။ သို့နှင့် ကျွန်တော်တို့တစ်တွေ ချီတက်ကြသည်။ ရှာရင်းဖွေရင်းနှင့် ရောက်ပါပြီ။ ကြည့်လိုက်တော့ စေတီက ခပ်ငယ်ငယ်။ ကျွန်တော်တို့ ပုဂံဘုရားတွေအနက်မှ အငယ်ဆုံး တစ်ဆူလောက်သာရှိမည်။ သို့သော် ကျွန်တော်တို့နှင့် မလှမ်းမကမ်းတွင် အခြားနိုင်ငံခြားသား အဖွဲ့တစ်ဖွဲ့လည်း ရှိနေသည်။ သူတို့ကလည်း ဓာတ်ပုံတဖျပ်ဖျပ်နှင့်၊ ပုံစံတွေကလည်း အံ့သြတကြီး ရင်သပ်ရှုမော။ ဘုရားက ရှေးဟောင်းပုံစံအတိုင်း။ ထိုခေတ်က အုတ်ပုံစံများအတိုင်း။ လာအိုတို့သည်လည်း ထေရဝါဒ ဗုဒ္ဓဘာသာကို လွန်စွာကိုင်းရှိုင်းသော နိုင်ငံပင်။

အင်ဒိုနီးရှားရှိ ဗောရောဗုဒ္ဓစေတီတော်ကြီးသည် အလွန်ခမ်းနား ကြီးကျယ်သည့် နာမည်ကျော် ရှေးဟောင်း အမွေအနှစ် ဖြစ်သည်။ မီးခိုးရောင် ကျောက်အုတ်များနှင့် စီခြယ်ထားသည့် လက်ရာမွန်၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ရှစ်သောင်း ပုထိုးတော်ကြီးနှင့် လက်ရာအနည်းငယ် ဆင်သည်။ ထို ဗောရောဗုဒ္ဓစေတီကြီးကို မီးထွန်းရာတွင်ပင် မီးခလုတ်များကို လူမမြင်အောင် ကျောက်အုတ်များထဲတွင် နေရာဖန်တီးကာ ထည့်သွင်းထားသည်။ ရှေးမူမပျက် မြင်စေလိုသောကြောင့် စေတီကို ပြုပြင်ရာတွင် ထိုအုတ်များပုံစံအတိုင်း တထေရာ တည်းတူသည့်အုတ်များ အစားထိုးရန် စေတီအနီးတွင်ပင် ထိုကျောက်အုတ်များကို စနစ်တကျ ထုတ်လုပ်နေသည်။

ကမ္ဘာကျော် ရုပ်သံမီဒီယာကြီးတစ်ခုမှ နာမည်ကျော် အစီအစဉ်တစ်ခုကို တင်ဆက်သည့် ကိုယ်တိုင်လည်း နာမည်ကျော် မီဒီယာသမားကြီး ဖြစ်သူနှင့် ပြည်ပတွင် ဆုံမိစဉ်က မြန်မာနိုင်ငံအကြောင်း စကားရောက်သွားသည်။ မြန်မာနိုင်ငံတွင် သူ့အသည်းစွဲက ပုဂံ။ ပုဂံသည် အလွန်ပင် အံ့သြဖွယ် ကောင်းလှသည်ဟု ခြေထောက်တွင် ဗွေပေါက်သည့် ရင်သပ်ရှုမောနှင့် ခရီးသွား အတွေ့အကြုံများလှသူက ချီးမွမ်းသည်။ ပုဂံနှင့် ပတ်သက်လျှင် ထိုသို့ပြောမည်ကို ခန့်မှန်းပြီးသား ဖြစ်သောကြောင့် ကျွန်တော် မအံ့သြ။ “တို့ပုဂံကို သူတို့ ဒီလိုပဲ အံ့သြကြရမှာ ပဲလေ”။ သူ နောက်ထပ် ဆက်ပြောသော စကားကြောင့်တော့ ကျွန်တော် အံ့သြရသည်။ ဘာလို့ ပုဂံက လူသိနည်းရတာလဲတဲ့။ သူဆိုလိုသည်က ဒီ့ထက် နာမည်ကြီးသင့်သော်လည်း ဘာလို့ မကြီးရတာလဲ။ သူက ကမ္ဘောဒီးယားမှ အန်ကောဝတ်နှင့် နှိုင်းယှဉ်ပြသည်။ အန်ကောဝတ်ကျောင်းတော်သည် စေတီတစ်ဆူသာ ဖြစ်သော်လည်း ပုဂံထက် လူသိပိုများသည်။ ပုဂံက စေတီပေါင်း ထောင်ချီသည်။ ဆိုင်သော မဆိုင်၏သော မသိ။ အန်ကောဝတ်က ပုဂံလိုတော့ ဖြစ်သလို ပြင်မထား။

အသစ်တည်ဆောက်လိုက်တိုင်း တန်ဖိုးတက်သွားသည် မဟုတ်ဘဲ ရှိရင်းစွဲကို ပင် ပျက်စီးစေတတ်သည်ကို သတိပြုရမည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့ကြီးများသည် လက်တည့်စမ်းလိုသူတို့၏ လက်စာမိသွားသည်။ သူတို့မြို့ကြီးတွေကို ခေတ်မီစေလိုသော တရုတ်အာဏာပိုင်များသည် နာမည်ကြီးပေ့၊ ထင်ရှားပေ့ဆိုသည့် ထိတ်ထိတ်ကြဲ ဗိသုကာပညာရှင်များကို စိတ်တိုင်းကျ ဆောက်လုပ်ခွင့်ပေးလိုက်သည်။ ပြင်သစ်နိုင်ငံ ပဲရစ်တွင် ဆောက်ခွင့် မရနိုင်သည့် ထူးပေ့ဆန်းပေ့ ဗိသုကာလက်ရာများကို ထိုနည်းဖြင့် ဘေဂျင်း၊ ရှန်ဟိုင်း စသည်တို့တွင် လက်လွတ်စပယ် ဆောက်ခွင့်ရသွားကြသည်။ ထူးထူးဆန်းဆန်း အဆောက်အအုံကြီးများ ဖြစ်ရုံကလွဲပြီး အနီးရှိ အဆောက်အအုံ၊ ပတ်ဝန်းကျင်တို့နှင့်လည်း မအပ်စပ်။ တရုတ်မြို့ကြီးများဆိုသည့် လက္ခဏာရပ်တို့ကိုလည်း အကျိုးမပေး၊ မပံ့ပိုးနိုင်။

စင်ကာပူသို့ စာတမ်းဖတ်ရန် သွားရောက်စဉ် တစ်ခေါက်က မိတ်ဆက်ညစာစားပွဲကို သတိရမိသည်။ စာတမ်းလာဖတ်သူ နိုင်ငံစုံမှ ပုဂ္ဂိုလ်များကို ပထမတန်းစား၊ ဈေးကြီးပေ့ ကောင်းပေ့ညွန့်ပေ့ဆိုသည့် စားသောက်ဆိုင်သို့ ခေါ်သွားဧည့်ခံသည်။ အစားအသောက်တွေက တယ်ကောင်းပါလားဟု ချီးကျူးမိတော့ အစားအသောက်တင်မက အခင်းအကျင်းတွင်ပါ ပထမတန်းဟု အိမ်ရှင်ဧည့်ခံသူ ပါမောက္ခက ဆိုသည်။ ဒီဆိုင်က အရင်ကိုလိုနီခေတ် အဆောက်အအုံလေ၊ ဗိသုကာလက်ရာက အင်္ဂလိပ်ရဲ့ ဘယ်ခေတ်ကဟု ဂုဏ်ယူစွာ ရှင်းပြသည်။ ကျွန်တော်တို့ဆီ ရန်ကုန်မြို့ရှိ နံပါတ်ဖြင့် လမ်းအမည် ပေးထားသည့် လမ်းတွေတွင် ထိုအဆောက်အအုံမျိုး အများကြီးရှိသည်။ သူတို့လို ဈေးကြီးကြီး စားသောက်ဆိုင်ပင်မဟုတ်၊ လမ်းဘေး လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါးဆိုင်များ ထိုအဆောက်အအုံများကို အမှီပြုပြီး ဖွင့်ထားကြသည်။

မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အရှိန်နှင့်အတူ တည်ဆောက်ရေးလှိုင်းကြီးလည်း ထက်ကြပ် လိုက်လာတော့မည်။ စီးပွားရေးမြို့တော် ရန်ကုန်သို့ ထိုလှိုင်းက စတင်ရိုက်ခတ်နေပြီ။ ရန်ကုန်မြို့တော်၏ စရိုက်လက္ခဏာ ရှေးအမွေအနှစ်တို့ကို မြန်မာ့အမွေအနှစ်ဖြစ်စေ၊ ကိုလိုနီ အမွေအနှစ်ဖြစ်စေ ထိန်းသိမ်းထားရန် လိုသည်။ ယခင်ကထက်မူ အသိအမြင် ရှိလာပြီ ဖြစ်သည့်အတွက် အမွေအနှစ်များသည် ဆောက်လုပ်ရေးလှိုင်းနှင့်အတူ ယခင် တစ်ခေါက်ကကဲ့သို့ ပါသွားတော့မည်မဟုတ်ဟု မျှော်လင့်မိသည်။

ယခင်က အမှားများကိုမူ ပေးဆပ်နေရဆဲ။ ဆူးလေဘုရားကို အဝေးမှ ဓာတ်ပုံရိုက်ဖို့ ကြိုးစားတိုင်း ဆူးလေနားက အထပ်မြင့် အဆောက်အအုံကြီးနှစ်ခုကို အမြဲရှောင်နေရသည်။ အထပ်မြင့်တို့သည် ဘယ်နေရာဖြစ်ဖြစ် ဆောက်နိုင်သည်။ ဆူးလေကို ပြန်မရနိုင်၊ အစားမထိုးနိုင်။ ဆူးလေသည် ရန်ကုန်သမိုင်းနှင့် ချိတ်ဆက်နေသည်။ အထပ်မြင့် အဆောက်အအုံများ နောင်ဆိုလျှင် လက်ညှိုးထိုးမလွဲအောင် ပေါ်လာလိမ့်မည်။ ဆူးလေသည် တစ်ဆူတည်းသာ ရှိသည်။

အသစ်တိုင်းလည်း အဟောင်းထက် ကောင်းသည် မဟုတ်ပါ။ စေတနာဖြင့် ပြုပြင်ထိန်းသိမ်းရာမှသည် ဖျက်ဆီး ထိန်းသိမ်းခြင်းသို့ ပြောင်းလဲမသွားရန် လိုသည်။ မြန်မာ့အမွေအနှစ်များကို မြန်မာတို့ ထိန်းသိမ်းမှသာ ရေရှည်တည်တံ့မည် ဖြစ်သည်။


(Credit- The Voice)

0 comments :

Post a Comment