Sunday, August 25, 2013

ယဉ်ရပ်နားခွန် သတ်မှတ်နှုန်းထက် ပိုကောက်ခံသူများကို ခံဝန်ကတိဖြင့် အရေးယူဟုဆို
Sunday, August 25, 2013

မန္တလေးမြို့တော်အတွင်း ယာဉ်ရပ်နားခွန်များ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံနေသူများကို ခံဝန်ကတိ လက်မှတ်ရေးထိုးစေ၍ အရေးယူမှုများ ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနထံမှ သိရှိရသည်။

မန္တလေးမြို့တော်တွင် ယာဉ်ရပ်နား ကန့်သတ်နယ်မြေနေရာ စုစုပေါင်း ခြောက်နေရာရှိရာ ယင်းတို့အနက်မှ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံသည့် နေရာလေးနေရာရှိ ဝန်ထမ်းများကို ခေါ်ယူ သတိပေးထားပြီး ဖြစ်ကြောင်း၊ ယင်းနေရာလေးခုမှာ လမ်း ၃၀ (၇၄ လမ်းနှင့် ၇၈ လမ်း ကြား)၊ လမ်း ၈၀ (၂၇ လမ်းနှင့် ၃၃ လမ်းကြား)၊ ၈၃ လမ်း (၂၆ လမ်းနှင့် လမ်း ၃၀ ကြား) နှင့် ၈၂ လမ်း (၂၆ လမ်းနှင့် လမ်း ၃၀ ကြား) တို့ဖြစ်ကြောင်း အဆိုပါဌာနထံမှ စုံစမ်းသိရှိရသည်။

“သတ်မှတ်နှုန်းထားထက် ပိုကောက်တာရယ်၊ ယူနီဖောင်း မဝတ်တာရယ် တစ်နာရီ ဘယ်လောက်ဆိုပြီး ဗီနိုင်းတွေ ထောင်ထားတာ မရှိလို့ခေါ်ပြီး သတိပေးထားတယ်။ လိုင်စင်ဥပဒေအရ ပထမအကြိမ်ခေါ်ပြီး သတိပေးမယ်။ ဒုတိယအကြိမ် ဒဏ်ငွေရိုက်မယ်။ တတိယအကြိမ် ဆိုရင်တော့ လိုင်စင်ပါသိမ်းမယ်” ဟု အဆိုပါဌာနမှ ဌာနစုမှူးက ဆိုသည်။

ယင်းအပြင် သတ်မှတ်ထားသော ယာဉ်ရပ်နားကြေး နှုန်းထားများထက် ပိုမိုကောက်ခံသည့် ဝန်ထမ်းများကို စည်ပင် သာယာရေး ကော်မတီသို့ တိုင်ကြားနိုင်ကြောင်းလည်း အဆိုပါကော်မတီရှိ အခွန်ဌာနထံမှ ထပ်မံသိရှိရသည်။

စက်ဘီးရပ်နားခ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံ၍ တိုင်ကြားခံရသည့်အတွက် ဒဏ်ငွေနှစ်သိန်း ရိုက်ခံရသူတစ်ဦး ရှိကြောင်း၊ ဆက်လက်၍ တိုင်ကြားခံရသူများ ရှိပါက တိုင်ကြားသူနှင့် တိုင်ကြားခံရသူ နှစ်ဦးတွေ့ဆုံစေ၍ ဌာနရှိ တာဝန်ရှိသူများရှေ့တွင် အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါဌာနမှ ဌာနစုမှူးက ပြောကြားသည်။

“သတ်မှတ်နှုန်းထားထက် ပိုကောက်တယ်။ ပြီးတော့ပြေစာလည်း မပေးဘူးဆိုရင် လာတိုင်လို့ရတယ်။ လာတိုင်တဲ့အခါ နှစ်ယောက်လုံးကိုခေါ်ပြီး တဲ့ရှင်းခိုင်းတယ်။ မှန်ကန်တယ် ဆိုရင်တော့ သတိပေးလိုက်တယ်။ ခုချိန်ထိတော့ လိုင်စင်ပိတ်သိမ်းလိုက်ရတဲ့ အထိတော့ မရှိသေးဘူး။ သတိပေးထားတာ မလိုက်နာလို့ ဒဏ်ကြေးနှစ်သိန်း ရိုက်လိုက်တဲ့သူ တစ်ဦးပဲ ရှိသေးတယ်” ဟု ၎င်းကဆိုသည်။

ယာဉ်ရပ်နား ကန့်သတ်နေရာများတွင် ရပ်နားချိန် တစ်နာရီအတွင်း စက်ဘီး၊ ဆိုင်ကယ် တစ်စီးလျှင် ၅၀ ကျပ်၊ ကားတစ်စီး ၁၀၀ ကျပ်နှင့် ရပ်နားချိန် တစ်နာရီကျော်ပါက စက်ဘီး၊ ဆိုင်ကယ်တစ်စီး ၁၀၀ ကျပ်၊ ကားတစ်စီး ၂၀၀ ကျပ် သတ်မှတ်ထားကြောင်း အခွန်ဌာနထံမှ သိရသည်။

“နေရာတစ်ခုကိုသွားလို့ ဆိုင်ကယ်ရပ်တဲ့အခါ တစ်နာရီ မပြည့်သေးလည်း တစ်ရာပေးရတာပဲ။ အဲဒီလိုလုပ်နေတဲ့ နေရာတွေမှ အများ ကြီးပဲ။ ပြောပြန် ရင်လည်း အချေအတင်ဖြစ်တယ်။ သွားတိုင်ဖို့ကျ တော့လည်း ဘယ်သူက အလုပ်ရှုပ်ခံချင်မှာလဲ။ သက်ဆိုင်ရာကပဲ သေချာစစ်ဆေးပြီး အရေးယူပေး ရင် ကောင်းမယ်” ဟု အသက် ၁၉ နှစ်အရွယ် ကျောင်းသူတစ်ဦးက ဆိုသည်။

The Voice Weekly

0 comments :

Post a Comment