Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts

Thursday, November 22, 2012

သမိုင်းဝင် အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာပြည်ခရီးစဉ်


obama inside banner
အမေရိကန် သမ္မတ အိုဘားမားနှင့် အဖွဲ့သည် ညနေ ၃ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်” ဟု မြန်မာဘာသာဖြင့် ပြောဆိုပြီး မွန်းလွဲ ၃ နာရီ ၀၉ မိနစ်တွင် အမေရိကန် သမ္မတ အိုဘားမား က ၎င်း၏ နာရီဝက်ကြာ မိန့်ခွန်းကို အဆုံးသတ်။

“မြန်မာနိုင်ငံ မင်္ဂလာပါ” ဟု မြန်မာဘာသာဖြင့် အမေရိကန် သမ္မတ အိုဘားမား က နှုတ်ခွန်းဆက်ပြီး မွန်းလွဲ ၂ နာရီ ၃၉ မိနစ်တွင် မိန့်ခွန်းကို စတင်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမား သည် မိန့်ခွန်းပြောကြားရန်အတွက် မွန်းလွဲ ၂ နာရီ ၃ဝ မိနစ် ဝန်းကျင်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအတွင်းသို့ ရောက်ရှိလာသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် သမ္မတ အိုဘားမား၏ မိန့်ခွန်းကို နားထောင်ရန် ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမသို့ မွန်းလွဲ ၁ နာရီ မိနစ် ၃ဝ တွင် ရောက်ရှိလာသည်။
အမေရိကန် သမ္မတနှင့် တွေ့ဆုံမှုအပြီး ဒေါ်အောင်ဆန်းစုကြည် ပြောစကား
“သမ္မတ အိုဘားမားကို ကျမတို့ နိုင်ငံနဲ့ ကျမအိမ်မှာ လက်ခံတွေ့ဆုံရတာကို ပျော်ရွှင်ဝမ်းမြောက်မိကြောင်း ကျမ အနေနဲ့ ပြောချင်ပါတယ်။ တကယ်တော့ နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ ဟိုးအရင်ကတည်းက ရှိခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို အားတက်သရော ကူညီထောက်ပံ့ခဲ့ တဲ့ နိုင်ငံ ဖြစ်ပါတယ်။ အမေရိကန် အနေနဲ့ ကူညီထောက်ပံမှုတွေကို ခက်ခဲတဲ့ အချိန်တွေမှာလည်း ဆက်လက်
ပြုလုပ်လိမ့်မယ်လို့ ကျမတို့ ယုံကြည်ပါတယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်က သူ၏ နေအိမ်တွင် ပြုလုပ်ခဲ့သည့် သမ္မတအိုဘားမားနှင့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။


သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် အမေရိကန် သမ္မတ အိုဘားမား သည် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ပြန်လည်ထွက်ခွာသွားသည်။
အိုဘားမားနှင့် ဒေါ်စု သတင်းစာရှင်းလင်းပွဲ ပြီး
အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏  သတင်းစာ ရှင်းလင်းပွဲကို မွန်းလွဲ ၁ နာရီ ၁၁ မိနစ်တွင် ပြီးဆုံးသွားသည်။
အိုဘားမားနှင့် ဒေါ်စု သတင်းစာရှင်းလင်းပွဲ စ
အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်ကြာ ဒုတိယအကြိမ် တွေ့ဆုံမှု အပြီးတွင် သတင်းထောက်များနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲကို မွန်းလွဲ ၁ နာရီ ၇ မိနစ်တွင် စတင်နေပြီ
ဖြစ်သည်။
အမေရိကန် သမ္မတနှင့် ဒေါ်စု တွေ့ဆုံနေ
အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် နေရလည် ၁၂ နာရီ မိနစ် ၂ဝ ခန့်က တွေ့ဆုံဆွေးနေရာ ပြည်တွင်း ပြည်ပ သတင်းထောက်များ သတင်းယူရန် စောင့်ဆိုင်းနေကြသည်။
အမေရိကန်သမ္မတ အိုဘားမားသည် မွန်းလွဲ ၁၂ နာရီ ၁၇ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့
ရောက်ရှိသည်။
သမ္မတ မိန့်ခွန်း နားထောင်ရန် တန်းစီနေကြ
အမေရိကန်နှင့် မြန်မာ သမ္မတတို့၏ မိန့်ခွန်းများကို နားထောင်ရန်အတွက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်နိုင်ရေး လူအများ တန်းစီလျက်ရှိနေကြသည်။

“လုံခြုံရေး စစ်ဆေးမှုအတွက် တန်းစီနေကြပါတယ်။ လူ တထောင် ကျော်ပါလိမ့်မယ်” ဟု ထိုနေရာသို့ ရောက်ရှိနေ
သော သတင်းထောက်တဦးက ပြောသည်။
သမ္မတ ဦးသိန်းစိန်ကို သမ္မတ အိုဘားမား ပြောကြားချက်
သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် အမေရိကန် သမ္မတ အိုဘားမားက ယခုကဲ့သို့ အပြုသဘောဆောင်သည့်
တွေ့ဆုံမှုသည် အမေရိကန်-မြန်မာ နှစ်နိုင်ငံ ရေရှည် ဆက်ဆံရေးအတွက် ပထမဆုံး ခြေလှမ်း ဖြစ်ကြောင်း၊
နိုင်ငံတော် သမ္မတ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုသည် မြန်မာနိုင်ငံအား တိုးတက်မှုကို ဖြစ်ပေါ်စေကြောင်း၊ အမေရိကန်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံအတွက်သာမက အရှေ့တောင်အာရှအပြင် တကမ္ဘာလုံး တိုးတက်မှုအတွက် အထောက်အကူပြုနိုင်ကြောင်း နိုင်ငံတော် သမ္မတကြီး၏ ကလေးစစ်သားဆိုင်ရာ ဆောင်ရွက်မှုများနှင့် လက်နက်ကြီး တပ်ဆင်မှု ထိန်းချုပ်မှုဆိုင်ရာ ဆောင်ရွက်မှုများသည်
ကောင်းမွန်ကြောင်း၊ မြန်မာနိုင်ငံသို့ နောင်တွင်လည်း ထပ်မံလာရောက်နိင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ သည်။
သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီးစီးသွားပြီးနောက် အမေရိကန်သမ္မတ အိုဘားမားနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေးတော့မှာ ဖြစ်သည်။
ရှေ့သို့ သွားနေသည်ဟုဆို
သမ္မတ ဦးသိန်းစိန်က သမ္မတ အိုဘားမားကို နှုတ်ဆက်စကားဆိုရာတွင် ‎“သမ္မတကြီး(သမ္မတအိုဘားမား)ရဲ့ စကားအတိုင်းပါပဲ ကျနော်တို့လည်း Move Forward သွားနေပါတယ်။” ဟု ထည့်သွင်းပြောကြားသည်။
သမ္မတအိုဘားမား မိန့်ခွန်းအကြို ကောက်နုတ်ချက်များ
(အိမ်ဖြူတော်သတင်းဌာနမှ ထုတ်ပြန်သည်)
အမေရိကန် ပြည်ထောင်စုအနေနဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တဲ့အတွက် ကျနော်ဒီကိုလာခဲ့တာလို့ပဲ
ပြောပါရစေ။ ပြီးခဲ့တဲ့ ဆယ်စုနှစ် တော်တော်များများမှာ၊ ကျနော်တို့ ၂ နိုင်ငံဟာ သူစိမ်းပြင်ပြင် ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာ
တော့၊ ဒီနိုင်ငံရဲ့ ပြည်သူတွေဖြစ်တဲ့ ခင်ဗျားတို့ အားလုံးကို ကျနော်တို့ အမြဲ ယုံကြည် မျှော်လင့်နေခဲ့တာပါဆိုတာကို ကျနော်ပြောနိုင်ပါပြီ။ ကျနော်တို့အတွက် မျှော်လင့်ချက်တွေပေးသလို၊ ခင်ဗျားတို့အားလုံးရဲ့ သတ္တိတွေကိုလည်း ကျနော်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးပါပြီ။ အပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မြန်မာသမ္မတ ဦးသိန်းစိန်က အမေရိကန်သမ္မတ အိုဘားမားကို ကြိုဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ သမ္မတ အိုဘားမား ရောက်ရှိ
သမ္မတ အိုဘားမား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ရောက်ရှိပါပြီ။ လွှတ်တော်တွင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်။
လူကုန်ကူးမှုနှင့် ပတ်သက်၍ မြန်မာနှင့် အမေရိကန်တို့ သဘောတူညီချက်
လူကုန်ကူးမှု ကျူးလွန်မှုများကို ရှာဖွေဖော်ထုတ်ခြင်း၊ လူကုန်ကူးမှု ကျူးလွန်သူများကို စစ်ဆေးခြင်းနှင့် ရုံးတင် တရားစွဲဆိုခြင်း၊ လူကုန်ကူးခြင်းခံရသူများကို နိုင်ငံတကာ လမ်းညွှန်ချက်များနှင့် အညီ ဝန်ဆောင်မှုများပေးခြင်း၊
မြန်မာနိုင်ငံသားများအား တိုင်းပြည်အတွင်း၌သော်လည်းကောင်း တိုင်းပြည်ပြင်ပ၌သော်လည်းကောင်း လိင်ကျွန်ပြုခံရခြင်းမှ ကာကွယ်ရေး သို့မဟုတ် အဓမ္မလုပ်အားပေး ခိုင်းစေခြင်းမှ ကာကွယ်ရေးတို့ ဖြစ်ကြသည်။

(က) အိုင်အယ်လ်အို လုပ်ငန်းအစီအစဉ် (ILO Action Plan) နှင့် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအုပ်ချုပ်မှု ဥပဒေ အသစ်ပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ပြီး တိုးများလာသော အဓမ္မလုပ်အားပေးခံရခြင်း စွပ်စွဲခံရခြင်းများ ကို အိုင်အယ်လ်အိုတွင် တိုင်ကြားနိုင်သော ယန္တရားများမှ တဆင့်လည်းကောင်း၊ မြန်မာအာဏာပိုင်များထံမှ တဆင့်သော်လည်းကောင်း မြန်မာအစိုးရ အာဏာပိုင်များထံ တိုင်ကြားအရေးယူနိုင်ရေး

(ခ) လူကုန်ကူးမှုပြဿနာများအပေါ် CBTIP အရာရှိများ၏ တာဝန်ရှိမှုများကို တိုးချဲ့ရေး။ အဓမ္မလုပ်အားခိုင်းစေခြင်း
နှင့် ကလေးစစ်သား စုဆောင်းခိုင်းစေခြင်း အပါအဝင် လူကုန်ကူးမှုပုံစံမျိုးစုံကို ကျူးလွန်သည်ဟု စွပ်စွဲခံရသူများအား ရာဇဝတ်ကြောင်းအရ စစ်ဆေးပြီး ရုံးတင်တရားစွဲဆိုခြင်း တို့ကိုပြုလုပ်ရာ၌ တိုးမြှင့်ပြုလုပ်ခြင်းတွင် တိုးတက်မှု ရှိကြောင်း ပြသရန်

(ဂ) မြန်အာဏာပိုင်များ (ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် လူမှုရေးလုပ်ငန်းလုပ်ကိုင် သည့်အဖွဲ့အစည်းများ) နှင့် ကျယ်ပြန့်သော လူထုအခြေပြု အဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများအကြား စနစ်တကျ ဖွဲ့စည်း တည်ဆောက်ထားသော လက်တွဲလုပ်ဆောင်မှု အစီအစဉ်များနှင့် ပိုမိုကြံ့ခိုင်တောင့်တင်းသော ပုံစံဖြင့် မူဝါဒချမှတ်
ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်း အဆင့်များအားလုံး၌ နိုင်ငံတဝှမ်း လူကုန်ကူးမှု ကာကွယ်တားဆီးရေး ကြိုးပမ်းမှု များတွင် လူထုအခြေပြုအဖွဲ့အစည်းများ ပိုမိုပါဝင်နိုင်ရေးကိုအားပေး ဆောင်ရွက်ရန်

(ဃ) နည်းပညာ အကူအညီပေးခြင်း၊ လေ့ကျင့် သင်ကြားပေးခြင်း၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ စုံစမ်း စစ်ဆေးခြင်း လုပ်ငန်းများ၊ လူကုန်ကူးခံရသူများ သက်သေများအား တွေ့ဆုံမေးမြန်းခြင်းများ၊ လူကုန်ကူးခံရသူများ အား အကူအညီပေးအပ်ခြင်းများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ တို့ကို ပူးပေါင်းဆောင်ရွက်ရာ တွင် အစွမ်းကုန် ထိရောက်နိုင်သမျှ ထိရောက်စေရန်အတွက် အမေရိကန်အစိုးရက ငွေကြေး ထောက်ပံ့ထားသော အစီအစဉ်များနှင့် မြန်မာအစိုးရ၏ မိတ်ဖက် အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကိုပြုလုပ်ရန်
သမ္မတ အိုဘားမားနှင့် အတူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်လည်း လိုက်ပါလာသည်။
လေယာဉ်ပေါ်မှ ဆင်းလာသော သမ္မတ အိုဘားမားကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ကြိုဆိုလာသည်။
အင်တာနက်မှ တိုက်ရိုက်ကြည့်ရှုရန်
သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်သည့် သတင်းကို တိုက်ရိုက်ကြည့်ရှု့ရန်အတွက်
အောက်ပါ လင့်တွင် ဒေါင်းလုပ်ချပြီး Sky Net မှတစ်ဆင့် ကြည့်နိုင်ပါသည်။ ကြည့်နိုင်ပါသည်။ Channel No: 99221 ကိုရွေးရန်လိုအပ်သည်။
http://pages.tvunetworks.com/downloads/player.html
Air Force One လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာပါပြီ။
usairforce1arrive
သမ္မတ အိုဘားမား လိုက်ပါလာသော Air Force One ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းသက်လာစဉ်။
usairforce1arrive1
သမ္မတ အိုဘားမား လေယာဉ်ပေါ်မှ အဆင်းကို ကြိုဆိုနှုတ်ဆက်သူများ။
usairforce1arrive2
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာ Air Force One လေယာဉ် (ဓါတ်ပုံ မဇ္ဈိမ)
အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ ခရီးစဉ်အတွက် လိုက်ပါလာသော စစ်ရေယာဉ်
USS-Bonhomme-RichardUSS Bonhomme Richard (LHD-6) သည် မြန်မာ့ရေပိုင်နက် အနီးတွင် စောင့်ကြပ်လျှက် ရှိသည်ကို တွေ့ရစဉ်။
မြန်မာ့ တပ်မတော် (ရေ) သတင်းရပ်ကွက်များအရ မြန်မာ့တပ်မတော် (ရေ) ၏ ဖရီးဂိတ် စစ်ရေယာဉ် နှစ်စီးမှ အရာရှိ စစ်သည်များက နိုဝင်ဘာ ၁၈ ရက်နေ့တွင် အမေရိကန် စစ်သင်္ဘောပေါ်သို့ သွားရောက် လည်ပတ်ပြီး အမေရိကန် အရာရှိများနှင့် နေ့လည်စာ အတူစားသုံးခဲ့သည်ဟု ဆိုသည်။
အမေရိကန် သမ္မတ ခရီးစဉ်အတွင်း ရန်ကုန်မြို့တွင်း လမ်းအချို့ ခေတ္တပိတ်မည်
အမေရိကန် သမ္မတ လာရောက်မည်ဖြစ်သော ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်လမ်း၊ ၁၀ မိုင် လမ်းဆုံ၊ လေဆိပ်လမ်းနှင့် ပြည်လည်းဆုံ၊ ပြည်လည်းနှင့် တော်ဝင်လမ်းဆုံ၊ ရှစ်မိုင်လမ်းဆုံ၊ အေဒီ မီးပွိုင့်၊ ပြင်လည်း လမ်းဆုံ၊ မြေနီကုန်းမီးပွိုင့်၊ ရန်ကုန် လွှတ်တော်ရှေ့ တို့တွင် ယနေ့ သမ္မတ အိုဘားမားကို ရည်ညွှန်းသည့် အရေးကြီး ပုဂ္ဂိုလ် ယာဉ်တန်း ဖြတ်သန်းမည် ဖြစ်သည်ဖြင့် မိနစ် ၂၀ ခန့် ကြိုတင် ခေတ္တ ပိတ်ထားမည်ဖြစ်ပြီး လမ်းလွှဲမှ သွားလာနိုင်ရန် လမ်းညွှန်ပေးမည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ရေးသားထားသည်။
သမ္မတ နှစ်ဦး၏ မိန့်ခွန်းများ တိုက်ရိုက် ထုတ်လွှင့်မည်
ရန်ကုန်တက္ကသိုလ်တွင် ဟောပြောကြမည့် အမေရိကန်သမ္မတနှင့်  မြန်မာသမ္မတတို့၏ မိန့်ခွန်းများကို Myanmar International ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့် ပြသပေးမည်ဟု ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က သူ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
မြန်မာကို ဒေါ်လာ သန်း ၁၇၀ ပေးမည့်အကြောင်း အိုဘားမား ပြောမည်
မြန်မာနိုင်ငံ ပညာရေး မြှင့်တင်ရန်နှင့် ဒီမိုကကရက်တစ် အဖွဲ့အစည်းများ တည်ထောင်ရေးတွင် အရပ်ဖွဲ့ လူ့အဖွဲ့အစည်းကို ကူညီရန် ၂၀၁၂, ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၀ ကူညီထောက်ပံ့မည့် အကြောင်း အမေရိက သမ္မတက သူ၏ မြန်မာပြည် ခရီးစဉ်အတွင်း ကြေညာရန် ရှိသည်ဟု AFP သတင်းတစ်ရပ် တွင် ဖေါ်ပြထားသည်။
ကျောင်းသား ကျောင်းသူများဖြင့် ကြိုဆို
သမ္မတ အိုဘားမားကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အထွက်တွင် အစိုးရက စီစဉ်မှုဖြင့် လာရောက် ကြိုဆိုသူများတွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ ကျောင်းသား အများဆုံးဖြစ်ပြီး သုံးထောင်ကျော်ခန့်
စောင့်ဆိုင်းနေကြသည်။ အရပ်သား အနည်းငယ်ကိုသာ တွေ့ရပြီး ကျောင်းသား ကျောင်းသူများမှာ နံနက် ၇ နာရီခန့် ကတည်းက ရောက်နေကြခြင်းဖြစ်သည်။ ပြည်တွင်း ပြည်ပသတင်းထောက် ၂၀၀ ခန့်လည်း စောင့်ဆိုင်းနေကြသည်။
usairforce1arrive4
usairforce1arrive3
IAEA နောက်တိုး အချက်အလက်များ လက်မှတ် ထိုးမည်ဟု မြန်မာပြော
မြန်မာအနေဖြင့် ” နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏  နောက်တိုး လိုက်နာရန် အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော် သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။” ဟု အစိုးရ သတင်း ထုတ်ပြန်ရေးအဖွဲ့က ကြေညာသည်။
မြန်မာပြည်ခရီးစဉ်အပေါ် အိုဘားမားကာကွယ်ပြောကြား
အချိန်မကျသေးဘဲ မြန်မာပြည် သွားရောက်လည်ပတ်တာလို့ ဝေဖန်နေတာတွေအပေါ် အိုဘားမားက သူ့ခရီးစဉ်ဟာ ဘိသိက်သွန်းတာ မဟုတ်တဲ့အကြောင်း ခုခံပြောဆိုလိုက်ပါတယ်။

“မြန်မာဟာ သူတို့ရှိသင့်တဲ့နေရာမှာ ရှိနေပြီလို့ ဘယ်သူမှ ထင်ယောင်ထင်မှား ဖြစ်မယ်မထင်ပါဘူး” ဟု အိုဘားမား က ထိုင်းဝန်ကြီးချုပ် ယင်းလတ်ခ် ရှင်နာဝပ်ထရာနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

“တဖက်မှာလည်း ပြည့်စုံတဲ့ ဒီမိုကရေစီရတဲ့အထိအောင် ကျွန်တော်တို့စောင့်ပြီးမှ ထိတွေ့ဆက်ဆံရမယ်ဆိုရင် အကြာကြီးကိုပဲ စောင့်ရလိမ့်မယ်လို့ ကျွန်တော်တော့ သင်္ကာမကင်း ဖြစ်မိတယ်”

“ဒီခရီးစဉ်ရဲ့ ရည်မှန်းချက်တစ်ခုမှာ တိုးတက်မှုတွေကို မီးမောင်းထိုးပြဖို့ ဖြစ်ပေမယ့် အနာဂတ်မှာ ဒီထက်အများကြီး ပိုတိုးတက်အောင် လုပ်သင့်တဲ့ဟာတွေကိုလည်း ပြောဖို့ဖြစ်တယ်” ဟု သူက ပြောသည်။

(ကိုးကား : အေဘီစီ)
နိုဘယ်လ်ဆုရှင် အမျိုးသမီးများ အိတ်ဖွင့်ပေးစာ
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အမျိုးသမီးငါးဦးက သမ္မတအိုဘားမားနှင့် သမ္မတ ဦးသိန်းစိန်တို့ကို အိတ်ဖွင့်ပေးစာ တစ်စောင်ရေးသားပေးပို့ရာတွင် ရခိုင်ပြည်နယ်အတွင်း စနစ်တကျအကြမ်းဖက်လုပ်ဆောင်မှုများ အဆုံးသတ်ရေး လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။

“လူ ၁၇ဝ သေဆုံးပြီး လူပေါင်း ၁၁၀၀၀၀ အထိအောင် သူတို့နေအိမ်တွေကနေ ရွှေ့ပြောင်းခဲ့ရတယ်ဆိုတဲ့ သတင်း
တွေသိရတဲ့အတွက် ကျွန်မတို့ နက်နက်ရှိုင်းရှိုင်းကိုပဲ စိတ်မကောင်းဖြစ်မိပါတယ်။ လူသားချင်း ဆိုင်ရာ အထောက် အကူပေးတာတွေအပေါ် ကန့်သတ်တာတွေ နဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် အကြမ်းဖက်မှုတွေကြောင့် အသက်မသေကျန်ရစ်သူတွေကို အရမ်းလိုအပ်နေတဲ့ ကျန်းမာရေး၊ အစားအသောက် နဲ့ နေစရာတွေ မရအောင် တားမြစ်တာတွေ အဆုံးသတ်ဖို့ကိုလည်း ကျွန်မတို့ တိုက်တွန်းပါတယ်” ဟုလည်း ကြေညာချက်တွင် ပါရှိသည်။
အိုဘားမား အဖိုးလည်း မြန်မာပြည် ရောက်ဖူး
အမေရိကန် သမ္မတ၏ ကင်ညာလူမျိုးအဖိုး ဟူစိန် အွန်ယန်ဂို အိုဘားမား (Hussein Onyango Obama) က ဒုတိယ ကမ္ဘာစစ် ကာလအတွင်းက မြန်မာနိုင်ငံသို့ အင်္ဂလိပ် စစ်တပ်၏ ဗိုလ်ကြီးတဦးအတွက် ထမင်းချက်အဖြစ် ရောက်ရှိ လာခဲ့ဖူးသည်။ သို့သော် အိုဘားမားသည် အဖိုးဖြစ်သူကို မမြင်ဖူးလိုက်ပါ။

အိုယန်ဂို အိုဘားမား (Onyango Obama) က ၁၈၉၅ ခုနှစ်တွင် မွေးဖွားခဲ့သည်ဟု ယုံကြည်ရသည်။ လူအို မျိုးနွယ်စု (Luo tribe) ဝင် တဦးဖြစ်ပြီး၊ ကင်ညာနိုင်ငံရှိ ကိုလိုနီ အရာရှိများထံတွင် အစေခံအဖြစ် နှစ်များစွာ အလုပ်လုပ်ကိုင် ခဲ့သည်။ သူ၏ သား ပထမ ဘားရက် ဟူစိန် အိုဘားမားက နောက်ပိုင်းတွင် သမ္မတဖြစ်လာမည့် အိုဘားမား၏ ဖခင်ဖြစ်သည်။ စစ်အတွင်းက မြန်မာနိုင်ငံတွင် ကင်ညာလူမျိုး ၇၅,၀၀၀ ခန့် တာဝန် ထမ်းဆောင်ခဲ့ကြသည်။

(ကိုးကား။ ။ နယူးယော့တိုင်းမ်)
ဦးသိန်းစိန် ရန်ကုန်ပြန်လာ
မနက်ဖြန်တွင် ရောက်ရှိလာမည့် သမ္မတ အိုဘားမားနှင့် တွေ့ဆုံရန် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အာဆီယံ ထိပ်သီး အစည်းအဝေး တက်နေသော မြန်မာ သမ္မတ ဦးသိန်းစိန်သည် ယနေ့ (တနင်္ဂနွေနေ့ည)တွင် ရန်ကုန်မြို့ သို့ ပြန်လာမည် ဖြစ်သည်။

သမ္မတ အိုဘားမားသည် သူ၏ ခြောက်နာရီကြာ ရန်ကုန်မြို့ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နယ်ပယ် အသီးသီးမှ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ ရန်ကုန်ရှိ အမေရိကန် သံရုံး ဝန်ထမ်းများနှင့် တွေ့ဆုံမည် ဖြစ်သည်။

ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် သမ္မတ အိုဘားမားက နယ်ပယ် အသီးသီးမှ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များကို ဟောပြောမည် ဖြစ်သည်။

နေ့လည်စာကို အမေရိကန် သံရုံးတွင်ပင် စားသုံးမည် ဖြစ်သည်။
အကျဉ်းသား ၆၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ
သမ္မတ ဘားရက်အိုဘားမား လာရောက်မည့် ခရီးစဉ် အကြိုညတွင် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အကျဉ်းသား ၆၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဟု နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်သည်။

လွှတ်ပေးရမည့် သူများနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် စိစစ်ခဲ့ခြင်း ဖြစ်သည်ဟု
ကြေညာချက်တွင် ပါရှိသည်။

ယခု လွှတ်ပေးမှုတွင် နိုင်ငံရေး အကျဉ်းသားများ ပါရှိလိမ့်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ရန်ကုန်လေဆိပ် လေယာဉ် ခရီးစဉ်များ ရွှေ့ဆိုင်း
သမ္မတ အိုဘားမားခရီးစဉ်ကြောင့် ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ် ခရီးစဉ်များခေတ္တ ဆိုင်းငံ့ထားမှာ ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီး ဌာနက ထုတ်ပြန်သည်။

တနင်္လာနေ့ နံနက် ၉  နာရီမှ ၁၀ နာရီအတွင်းနှင့် ညနေ ၃ နာရီမှ ၄ နာရီအတွင်း ပုံမှန် လေယာဉ် ခရီးစဉ်များကို
နောက်သို့ ရွှေ့လိုက်ခြင်း ဖြစ်သည်။

နံနက်ပိုင်း အချိန်တိုက်နေသော လေယာဉ်များကို နံနက် ၁၀ နာရီ နောက်ပိုင်းနှင့် ညနေပိုင်း လေယာဉ်များကို ညနေ ၄ နာရီနောက်ပိုင်း ပြောင်းရွှေ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
Obama-Invitation-letter
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ဟောပြောမည့် အမေရိကန်သမ္မတ အိုဘားမား၏ ပွဲသို့ ဖိတ်ကြားသူများအတွက် ဖိတ်ကြားစာ
Obama-Graffiti1
Obama-Graffiti2
အိုဘားမားကို ကြိုဆိုဂုဏ်ပြုသောအာားဖြင့် Art Entertainment မှ လူငယ်တစ်စုက ဂရပ်ဖတီတစ်ခုကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ SSS ကားအရောင်းစင်တာအနီး အုတ်နံရံပေါ်တွင် ရေးဆွဲနေစဉ်။ ထိုအဖွဲ့က နိုဝင်ဘာ ၁၁ ရက်နေ့က အိုဘားမားပုံတူ ဂရပ်ဖတီကို ကန်တော်ကြီးတာဝါတွင် ရေးဆွဲရာ နာရီအနည်းငယ်အကြာတွင်ပင် အမည်မသိလူတစ်ချို့၏ ဖျက်ဆီးခြင်းခံခဲ့ရသည်။
obama-security-team-arrive-ygn-airportရက်အတန်ကြာက ရိုက်ကူးထားသော ပုံဖြစ်ပါသည်။ သမိုင်းတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ရန် အမေရိကန် လုံခြုံရေး အဖွဲ့များက ပစ္စည်းများ သယ်ယူလာသော လေယာဉ် ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ S Nay Win Tun။ အိုဘားမားသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့
နိုဝင်ဘာ ၁၉  ရက်နေ့တွင် ခြောက်နာရီကြာ လာရောက် လည်ပတ်မှာဖြစ်ရာ မြန်မာ့သမိုင်းတွင် အမေရိကန် သမ္မတ၏  ပထမဆုံး ခရီးစဉ်ဖြစ်လာပါမည်။

Posted By Online News Media Group 7:00 AM

အာဆီယံဟာ ဘယ်သူ့အတွက်လဲ .. .

thn-18-11-12-2
(၁)
တစ်ချိန်တုန်းက'' အာဏာရှင် ကလပ်'' လို့ ခေါ်ဆိုသတ်မှတ်ခဲ့ကြတဲ့ အာဆီယံအဖွဲ့ရဲ့ (၂၁) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးတွေကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ၁၅ရက်နေ့က စတင်လို့ပြုလုပ်နေပါပြီ။
သက်တမ်းရှည် အာဏာရှင်တစ်ပိုင်းဖြစ်နေတဲ့ ၀န်ကြီးချုပ် ဟွမ်ဆန်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ အောက်တိုဘာလအတွင်းကမှ ကွယ်လွန်သွားတဲ့ ကမ္ဘောဒီးယား ဘုရင်ဟောင်း
သီဟာနုကို လွမ်းဆွတ်နေကြတဲ့ ကမ္ဘောဒီးယား ပြည်သူတွေရဲ့ ခံစားမှုတွေကြားမှာ ဖနွမ်းပင် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၀ ရက် နေ့အထိ ပြုလုပ်မယ့် ဒီဆွေးနွေးပွဲ မတိုင်ခင်မှာတော့ အာဆီယံဟာဘယ်သူ့အတွက်လဲ ဆိုတဲ့မေးခွန်းထွက်ပေါ်ခဲ့ပါတယ်။
(၂)
နှစ်ပေါင်း ၄၅ နှစ်အလွန်။ သမိုင်းဝင်ခရီးများစွာကို ဖြတ်သန်းပြီးတဲ့နောက် အာဆီယံအဖွဲ့ဆီ မေးခွန်းတွေက ထပ်ရောက်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ အာဆီယံအဖွဲ့ကို တည်ထောင်တာ နှစ်ပေါင်း ၄၅ နှစ်ပြည့် မြောက်ခဲ့ပါတယ်။ ၄၅ နှစ်တာကာလတစ်လျှောက်မှာ တစ်ခါမှမကြုံဖူးတဲ့ ဖြစ်ရပ်တစ်ခုကို ဖြစ်ပေါ်ခဲ့ပြီးချိန်မှာ အာဆီယံကို မေးခွန်းထုတ်မှုတွေ ပိုများလာခဲ့ပါ။ ၂၀၁၂ ခုနှစ် ဇူလိုင်လထဲမှာ လုပ်ခဲ့တဲ့ အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်မှာ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့အကြား ပူးတွဲကြေညာချက်ကို မထုတ်ပြန်နိုင်ခဲ့တာဟာ အာဆီယံအဖွဲ့အတွက် သမိုင်းဝင် သိက္ခာကျစရာတစ်ခုဖြစ်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ် ကိစ္စရပ်ကို အကြောင်းပြုပြီး အဖွဲ့ဝင်နိုင်ငံတွေအကြား ပူးတွဲကြေညာချက် မထုတ်ပြန်ခဲ့ခြင်းက အာဆီယံနိုင်ငံတွေအကြား စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့ပြီဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ခဲ့ပါတယ်။ ဒီသုံးသပ်ချက်တွေ နောက်မှာတော့ အာဆီယံဟာ ဘယ်သူ့အတွက်လဲဆိုတဲ့ မေးခွန်းတွေ ဖြစ်လာခဲ့ပါတယ်။
သန်းပေါင်း ၆၂၀ ကျော်ရှိတဲ့ အာဆီယံပြည်သူတွေအတွက် အကျိုးရှိမယ့်အဖွဲ့ဖြစ်စေရမယ်လို့ အာဆီယံ ခေါင်းဆောင်တွေ ကြွေးကြော်ခဲ့တာ ကြာခဲ့ပါပြီ။လက်တွေ့မှာတော့ အာဆီယံ ခေါင်းဆောင်တွေဟာ အာဆီယံ ပြည်သူတွေနဲ့ ဝေးကွာတဲ့အဲကွန်းခန်းထဲမှာ အစည်းအဝေးတွေနဲ့ အလုပ်ရှုပ်နေကြတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ခဲ့ပြီးပါပြီ။ ဒီနေ့ဒီအချိန်မှာတော့ အာဆီယံ ပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလိုအင်တွေက ပိုများလာခဲ့ပါတယ်။ တစ်ချိန် တည်းမှာပဲ အာဆီယံဟာ အာဆီယံ ပြည်သူတွေအတွက်လား၊ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံချင်းစီရဲ့ အကျိုးစီးပွားအတွက်လား၊အမေရိကန်အတွက်လား၊ တရုတ်အတွက်လားဆိုတဲ့ မေးခွန်းတွေ ဖြစ်ပေါ်လာပါတယ်။
(၃)
၂၀၀၉ ခုနှစ်မှာ အမေရိကန် သမ္မတ အိုဘားမား အရှေ့အာရှရေးရာဆိုင်ရာ မူဝါဒကို ပြောင်းလဲလိုက်ပါတယ်။  ပြောင်းလဲလိုက်တဲ့ မူဝါဒဟာ အရှေ့အာရှကို အာရုံစိုက်ခြင်းဆိုတာထက် အရှေ့တောင်အာရှ တစ်နည်းအားဖြင့် အာဆီယံကို အာရုံစိုက်ခြင်းဆိုတဲ့ ရည်ရွယ်ချက်က ပိုပြီးပေါ်လွင်စေပါတယ်။တရုတ်၊အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားတို့ရဲ့ လက်ဦးမှု ရယူခြင်းကို ခံထားရတဲ့ အာဆီယံဟာ အမေရိကန်အတွက် နောက်ကျတဲ့ နယ်ပယ်တစ်ခုတော့ မဟုတ်သေးပါ ဘူး။အမေရိကန်ရနိုင်တာတွေ အများကြီးရှိနေပါတယ်။ တရုတ်ရဲ့ လက်အောက်ကို လုံးလုံးလျားလျားရောက် မသွားသေးတဲ့ အချိန်မှာပဲ အာဆီယံဘက်ကို အမေရိကန်ခြေဦး လှည့်လာခဲ့ပါတယ်။အမေရိကန်နိုင်ငံရဲ့ ခြေလှမ်းတွေထဲမှာသိသာထင်ရှားတဲ့ ခြေလှမ်းတစ်ရပ်က ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အမေရိကန်-အာဆီယံ အစည်းအဝေးကို နယူးယောက်မှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ပြုလုပ်ခဲ့တဲ့  (၆)ကြိမ်မြောက် အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲကို အမေရိကန် သမ္မတ အိုဘားမား ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ အခုနှစ် ကမ္ဘောဒီးယား၊ ဖနွမ်းပင်မှာ ပြုလုပ်မယ့် (၇) ကြိမ် မြောက် အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲကိုလည်း ရွေးကောက်ပွဲ တစ်ကျော့ပြန် အနိုင်ရထားတဲ့ အိုဘားမား ကိုယ်တိုင်တက်ရောက်မှာ ဖြစ်ပါတယ်။ အိုဘားမားဟာ ထိုင်းနိုင်ငံကို အရင်သွားပြီး မြန်မာနိုင်ငံကို ၀င်ရောက်မယ်။ အဲဒီကတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံကို ရောက်လာမှာပါ။
တောင်တရုတ်ပင်လယ်အရေးကိစ္စနဲ့ မညီမညွတ်ဖြစ်နေတဲ့ အာဆီယံနိုင်ငံတွေကြားထဲမှာ မဲခေါင်ဒေသနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံကပိုပြီး ထိတွေ့ဆက်ဆံမယ့် အခြေအနေရှိနေပါတယ်။ မဲခေါင်ဒေသနိုင်ငံတွေဆိုတာ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နိုင်ငံတို့ ဖြစ်ကြပါတယ်။ ပထ၀ီ နိုင်ငံရေးအရ မဲခေါင်ဒေသနိုင်ငံတွေဟာ တရုတ်နိုင်ငံဘက်ကို သပ်လျှိုထားတဲ့ သုံးမြှောင့်ထောင်တစ်ခု ဖြစ်နေပါတယ်။ အာဆီယံမှာ တရုတ်ရဲ့ လွှမ်းမိုးမှုကို ထိန်းချုပ်နိုင်ဖို့ အမေရိကန်နိုင်ငံဟာ အာဆီယံဒေသတွင်း မဲခေါင်ဒေသနိုင်ငံတွေနဲ့ သင့်မြတ်အောင်နေမယ့် အခြေအနေရှိတယ်လို့ သုံးသပ်သူတွေကဆိုပါတယ်။
တရုတ်အတွက်နဲ့ အာဆီယံနိုင်ငံတွေကြားထဲမှာ သဘောမကွဲသင့်ဘူးဆိုတဲ့ ဝေဖန်မှုတွေက ဇူလိုင်လ နောက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုပြဿနာဟာ အာဆီယံဒေသတွင်း ဖြေရှင်းရမယ့် အခြားကိစ္စတွေကို ကျော်လွန်ပြီး နေရာယူလာမှာကို စိုးရိမ်နေကြတဲ့ နိုင်ငံတွေရှိနေပါတယ်။ အထူးသဖြင့် နိုဝင်ဘာလ ၁၅ ရက် နေ့ကနေ ၂၀ ရက်နေ့အထိ ပြုလုပ်မယ့်(၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ တောင်တရုတ်ပင်လယ်ကိစ္စ လွှမ်းမိုးသွားမှာကို မလိုလားတဲ့သူတွေ ရှိနေပါတယ်။ အာဆီယံ ဆွေးနွေးပွဲတွေရဲ့ ထုံးစံအရ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေး၊တောင်တရုတ်ပင်လယ်ကိစ္စနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေဟာ အမြဲလိုလိုရေပန်းစား အကြောင်းအရာတွေ ဖြစ်ခဲ့ပါတယ်။
ဒီတစ်ကြိမ် ဖနွမ်းပင် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးက ဆွေးနွေးရမယ့် အခြေအနေကနေ ဂုဏ်ပြုစကားပြောရမယ့် အခြေအနေကိုရောက်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့က လုပ်ခဲ့တဲ့ အာဆီယံအဆင့်မြင့် အရာရှိတွေရဲ့ ထိပ်သီးဆွေးနွေးပွဲအကြို အစည်းအဝေးတွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အပြစ်ပြောမယ်ဆိုတဲ့ အချက်တွေ လုံးဝမပါဝင်ခဲ့ပါဘူး။ ဆွေးနွေးပွဲ မတိုင်ခင်အချိန်က အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ဦးဆောင်ပြီး ရခိုင်ပြည်နယ်အရေးနဲ့ ဘင်္ဂါလီ-ရိုဟင်ဂျာတွေ ကိစ္စကို ဆွဲသွင်းလာလိမ့်မယ်ဆိုတဲ့ သတင်းတချို့ ရှိခဲ့ပါတယ်။ နိုဝင်ဘာလ ၁၇ ရက် နေ့ အချိန်အထိတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဝေဖန်ပြစ်တင်သံတွေ မကြားရသေးပါဘူး။
အစည်းအဝေးတိုင်း အသံထွက်လေ့ရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် အာဆီယံရဲ့လူအခွင့် အရေးဆိုင်ရာ ကြေညာစာတမ်းတစ်စောင်ကို နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ဖို့ရှိနေပါတယ်။ ဒီလူ့အခွင့်အရေး ကြေညာစာတမ်းဟာ နိုင်ငံတကာအဆင့်မမီဘူးဆိုတဲ့ ဝေဖန်မှုတွေရှိပါတယ်။ အထူးသဖြင့် ဒီကြေညာ စာတမ်းကို နိုင်ငံတကာ စံနှုန်းမီမှ ထုတ်ပြန်သင့်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး အာဆီယံဆွေးနွေးပွဲကာလအတွင်းမှာ ပဲဖနွမ်းပင်မှာဆန္ဒထုတ်ဖော်ခဲ့တာတွေ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်းဟာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။
''လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ ပတ်သက်ပြီဆိုရင် ပြည်သူတွေဆီက သတိပေးမှုတွေ၊ သက်ဆိုင်မှုတွေ ထောက်ခံမှုတွေနဲ့ ပတ်သက်တဲ့ တုံ့ပြန်မှုတွေ ကြားနေရပါတယ်။ ကျွန်တော်တို့ရဲ့လူ့အခွင့်ရေးကြေညာစာတမ်းဟာ အဆင့်အတန်းဝင်ခြင်းမရှိဘူးလို့ ပြောကြပါတယ်။ ကျွန်တော့် အမြင်မှာကတော့ ရေရှည်ကာလအတွက် ကြိုတင်စီမံကိန်းလို့ပဲထင်ပါတယ်။ လူအခွင့်အရေးကြေညာစာတမ်းဖြစ်ဖို့အတွက်ကို ၁၉၉၂ ထဲက စတင် အကောင်အထည်ဖော်ခဲ့တာပါ'' ဒီနှစ်ကုန်ပိုင်းမှာ ရာထူးသက်တမ်းစေ့လို့ အနားယူတော့မယ့် အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ပြောခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်တုန်းအာဆီယံ ပဋိညာဉ်စာတမ်းကို တက်သုတ်ရိုက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့အဲဒီ ပဋိညာဉ်ထဲမှာပါတဲ့အချက်တွေကို အဖွဲ့ဝင်နိုင်ငံတွေကိုယ်တိုင်က လိုက်နာခြင်းမရှိဘူးဆိုတဲ့ ပြောဆိုသံတွေကြားမှာ ၂၀၁၂ ခုနှစ် အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်း ထွက်လာတော့မှာ ဖြစ်ပါတယ်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:53 AM

အိုဘားမားအတွက် မေးခွန်းများစွာ . . . .

thn-14-11-12-7
အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံအပေါ်မှာ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အမျိုးမျိုးကြိုးစားခဲ့ကြပေမယ့် မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၂၀ ကျော်အောင် အာဏာရှင်တွေရဲ့လက်အောက်ကနေ လွတ်မြောက် နိုင်ခဲ့ခြင်းမရှိပါဘူး။ အိုဘားမားလက်ထက်မှာစပြီး အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအတွက် မူဝါဒတွေကို ပြောင်းလဲပြီး စတင်ကျင့်သုံးလာခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်လာခဲ့ပါတယ်။ အငြင်းပွားဖွယ်ရာ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ အရပ်သားတစ်ပိုင်း အစိုးရတက်လာခဲ့ပါတယ်။ သိပ်မကြာခင်လေးတင်ကပဲ အမေရိကန်ကနေပိတ်ဆို့အရေးယူမှုတွေ ရပ်တန့်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရည်မှန်းချက်ပန်းတိုင်ကို မရောက်သေးသည့်တိုင်အောင် သမ္မတအိုဘားမားရဲ့ ပထမရာထူးသက်တမ်းအတွက်တော့ နိုင်ငံရေးအောင်ပွဲတစ်ခုအဖြစ် သတ်မှတ်နိုင်ခဲ့ပါတယ်။သမ္မတ အိုဘားမားကို ဒုတိယအကြိမ် ပြန် လည်ရွေးကောက်ပြီးချိန်မှာ သူ့အနေနဲ့ စတင်ခဲ့တဲ့ ကိစ္စတွေကို ဆက်လက်လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီအချိန်မှာ ပြောင်းလဲမှုတွေရှိမလားဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။
လက်ရှိအချိန်မှာ သမ္မတအိုးဘားမားအနေနဲ့ သူ့ရဲ့အာဆီယံခရီးစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံကို လာဖို့ ပြင်ဆင်ထားပါတယ်။ သူ့အနေနဲ့ ရာစုနှစ်ဝက်ကျော် မြန်မာနိုင်ငံကိုလာတဲ့ ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာမှာပါ။ ဒါပေမယ့်လည်း သူဘာကြောင့် မြန်မာနိုင်ငံကို လာသလဲ မေးခွန်းကိုတော့ ဖြေဆိုဖို့လိုပါသေးတယ်။ အိုဘားမား အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ထူထောင်ဖို့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံကလည်း လက်ရှိအချိန်မှာ အမေရိကန်ရဲ့အကူအညီနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွင်းမှာ ပြန်လည် နေရာရဖို့ ကြိုးစားနေပါတယ်။ သမ္မတ အိုဘားမားရဲ့ ဒုတိယသက်တမ်းကနေ နိုင်ငံနှစ်နိုင်ငံကြားမှာရှိတဲ့ ဆက်ဆံရေးကို ပိုမိုအားကောင်းစေနိုင်ပါတယ်။
သူလာရောက်နေတဲ့ အချိန်အတွင်းမှာ သမ္မတအိုဘားမားအနေနဲ့ ဒီမိုကရေစီ ရေးရာပြုပြင်ပြောင်းလဲမှုတွေကို အလေးပေးပြောကြားသင့်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကိုလည်း ပွင့်လင်းမြင်သာမှုရှိပြီး မျှမျှတတဖြစ်အောင် လုပ်ဆောင်ဖို့ ပြောကြားပေးသင့်ပါတယ်။ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်တဲ့အချက်ကိုလည်း လျစ်လျူရှုထားလို့မရပါဘူး။ တိုင်းရင်းသား အရေးကိုလည်း အလေးအနက်ထား ဆွေးနွေးရပါလိမ့်မယ်။ ရခိုင်အရေးကိစ္စကိုလည်း ဆွေးနွေးသင့်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် အခြေခံဥပေဒေကို ပြုပြင်ဖို့လိုပါတယ်။ အမှန်ပြောရရင်တော့ အခြေခံဥပဒေမှာပါတဲ့အချက်တွေက ဒီမိုကရေစီစံနှုန်းတွေနဲ့ ဖက်ဒရယ်အတွေးအခေါ်တွေကို ကန့်သတ်ထိန်းချုပ်နေပါတယ်။

ဒီမိုကရေစီကို အာမခံမယ့် သတင်းလွတ်လပ်ခွင့်စံနှုန်းတွေ မရှိသေးပါဘူး။ သတင်းစာသမားတွေအတွက် အိမ်မက်ဆိုးမက်စေတဲ့ ၁၉၆၂ ပုံနှိပ်ဥပဒေက တရားဝင်ရှိနေပါသေးတယ်။ အဓိက သတင်းဖြန့်ချိရာဖြစ်တဲ့ သတင်းစာ၊ ရေဒီယို၊ ရုပ်သံလိုင်းတွေကို အစိုးရ ဒါမှမဟုတ် အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးသမား(ခရိုနီ) တွေကသာ ချုပ်ကိုင်ထားဆဲဖြစ်ပါတယ်။ လွတ်လပ်တဲ့ သတင်းသမားတွေကတော့ အပတ်စဉ် ထုတ်ဝေနေတဲ့ ဂျာနယ်တွေမှာပဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ တန်းတူညီတူရှိရေး၊ ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေနဲ့ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ဆင်းရဲတဲ့ ပြည်သူအများစုကြီးရဲ့ ဘ၀ကတော့ ဒီမိုကရေစီအပြောင်းအလဲ မစခင်ကအတိုင်းရှိနေပါသေးတယ်.....

အမေရိကန်ကို ရောက်ရှိနေတုန်းမှာ သမ္မတဦးသိန်းစိန်ကနေ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်လို့ ရနိုင်ပါတယ်လို့ ပြောခဲ့ပေမယ့် မြန်မာနိုင်ငံပြန်ရောက်တဲ့ အချိန်မှာ အဲဒီလို ရွေးချယ်ခံရဖို့အတွက် ဥပဒေကို ပြင်ဆင်ဖို့လိုပြီး တခြားလွှတ်တော်အမတ်တွေရဲ့ သဘောထားအပေါ်မှာလည်း မူတည်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီတစ်ချက်တည်းက သမ္မတအိုဘားမားအစိုးရအနေနဲ့ မြန်မာအစိုးရက ပြောတဲ့စကားတွေအပေါ်မှာ မျက်စိမှိတ် ယုံကြည်နေ လို့မရပါဘူး။သမ္မတအိုဘားမားအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ဘယ်လိုရှုမြင်သလဲဆိုတာ အရေးပါပါတယ်။ အမေရိကန်ဟာ အာရှ-ပစိဖိတ်ဒေသမှာ သြဇာကြီးထွားလာနေတဲ့ တရုတ်ကို ပြန်လည်ထိန်းချုပ်ဖို့ ဆန္ဒရှိတယ်ဆိုတာ မငြင်းနိုင်တဲ့ အချက်ပါပဲ။ သမ္မတအို ဘားမားဟာ အာဆီယံခရီးစဉ်အတွင်း ကမ္ဘောဒီယားကိုလည်း သွားဖို့ရှိပါတယ်။ ကမ္ဘောဒီးယားကို အုပ်ချုပ်နေတဲ့ ၀န်ကြီးချုပ် ဟွန်ဆန်ကလည်း တကယ်တော့အာဏာရှင် တစ်ပိုင်းပါပဲ။ ဒီတော့ သမ္မတ အိုဘားမားဟာ အစိုးရတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး သူတို့ရဲ့ ဒီမိုကရေစီပြောင်းလဲမှုတွေအတွက် ဆုချမယ့်ပုံပါပဲ။
အဲဒီအတွက် အရင်လုပ်ခဲ့တဲ့ အပြစ်တွေကို မေ့ပစ်ရပါလိမ့်မယ်။ ပြောရရင် လူထုထောက်ခံမှုမရှိတဲ့ ခေါင်းဆောင်တွေကို အသိအမှတ်ပြုခြင်းဟာ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ ဖြေရှင်းနည်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံအပေါ်မှာရော ဘယ်လိုသဘောထားမှာလဲ။ ၂၀၁၅ ရွေးကောက်ပွဲကနေ ပြည်သူအားကိုးတဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်လာအောင် တိုက်တွန်းရပါလိမ့်မယ်။ အဲဒီလိုမျိုး ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို အားပေးဖို့ ပျက်ကွက်ပြီး တရုတ်ရဲ့သြဇာကို ထိန်းချုပ်ဖို့ပဲ ကြိုးစားနေရင်တော့ မြန်မာလူထုရဲ့အမြင်မှာ အမေရိကန်အပေါ်အကောင်းမြင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်ရင် အမေရိကန်စီးပွားရေး ကုမ္ပဏီတွေအနေနဲ့ စွန့်စားပြီး လုပ်ကိုင်နေရပါလိမ့်မယ်။ သမ္မတအိုဘားမား မြန်မာပြည်ကို အလည်အပတ်လာရောက်တာဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်ရဲ့သြဇာကို ထိန်းချုပ်ဖို့ တစ်ခုတည်းအတွက်နဲ့လာတာဆိုရင်တော့ မကြိုဆိုပါဘူး။ (စစ်အေးခေတ်ကာလတုန်းကလိုမျိုး) လက်အောက်ခံ နယ်မြေမွေးတယ်ဆိုရင်လည်း လက်မခံနိုင်ပါဘူး။ သမ္မတအိုဘားမားအနေနဲ့ ဒီမိုကရေစီအပြောင်းအလဲတွေကို ပိုမိုမြန်ဆန်စေဖို့ လာရောက်ကူညီပေးတယ်ဆိုရင်တော့ ကြိုဆိုပါတယ်။
ဒါပေမယ့် လက်ရှိ ရရှိထားတဲ့ မြန်မာအစိုးရရဲ့ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို ချီးကျူးဖို့လာတယ်ဆိုရင်တော့ ဒါဟာ သိပ်ကိုစောလွန်းပါသေးတယ်။ဒီမိုကရေစီကို အာမခံမယ့် သတင်းလွတ်လပ်ခွင့်စံနှုန်းတွေ မရှိသေးပါဘူး။ သတင်းစာသမားတွေအတွက် အိမ်မက်ဆိုးမက်စေတဲ့ ၁၉၆၂ ပုံနှိပ်ဥပဒေက တရားဝင်ရှိနေပါသေးတယ်။ အဓိက သတင်းဖြန့်ချိရာဖြစ်တဲ့ သတင်းစာ၊ ရေဒီယို၊ ရုပ်သံလိုင်းတွေကို အစိုးရ ဒါမှမဟုတ် အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးသမား(ခရိုနီ) တွေကသာ ချုပ်ကိုင်ထားဆဲဖြစ်ပါတယ်။ လွတ်လပ်တဲ့ သတင်းသမားတွေကတော့ အပတ်စဉ် ထုတ်ဝေနေတဲ့ ဂျာနယ်တွေမှာပဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ တန်းတူညီတူရှိရေး၊ ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေနဲ့ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ဆင်းရဲတဲ့ ပြည်သူအများစုကြီးရဲ့ ဘ၀ကတော့ ဒီမိုကရေစီအပြောင်းအလဲ မစခင်ကအတိုင်းရှိနေပါသေးတယ်။ အချိန်မရွေး မူရင်းနေရာကို ပြန်ရောက်သွားစေနိုင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ တပ်မတော်နဲ့ လက်ရှိအာဏာရပါတီက လေသံမဟသေးပါဘူး။ ဒီလိုအခြေအနေမျိုးမှာ သမ္မတအိုဘားမားအနေနဲ့ သမ္မတဦးသိန်းစိန်နဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးတည်းကိုပဲ အပြောင်းအလဲအတွက် ချီးကျူးဖို့ သမိုင်းဝင် မြန်မာနိုင်ငံခရီးကိုလာမှာလား။ သမ္မတအိုဘားမားအနေနဲ့ သတင်းလွတ်လပ်ခွင့်အပါအ၀င် ဒီမိုကရေစီစံနှုန်းတွေ၊ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးတွေ၊ တန်းတူညီမျှမှု ရရှိရေးတွေ၊ ၂၀၁၅ ရွေး ကောက်ပွဲကို သန့်ရှင်းမျှတစွာ ကျင်းပပြီး လူထုတင်မြောက်တဲ့အစိုးရစစ်စစ် တစ်ရပ်ပေါ်ထွန်းရေးတွေအတွက်ရော ဘာတွေပြောဖို့ စိတ်ကူးရှိပါသလဲ။
ကျွန်တော်ကတော့ သမ္မတ အိုဘားမားကို မေးရမယ့်မေးခွန်းတွေ အများကြီး ရှိနေပါတယ်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:45 AM

အမေရိကန်သမ္မတနှင့် မြန်မာမင်းတုန်းမင်း ရှေး ၁၅၄ နှစ်အကြာက သံတမန်ဖလှယ်ကြခြင်း

အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ နိုဝင်ဘာလတွင် ရောက်မည်ဟု သိရ၏။
မင်းတုန်းမင်း လက်ထက် အမေရိကန်သမ္မတထံ ချစ်ကြည်ရေး သံတမန်လွှတ်သည်ကို သွားသတိရ၏။ အမေရိကန်သမ္မတက လည်း သံတမန် တုံ့ပြန်သည်ကို သတိရ၏။ များများမသိပါ။ နည်းနည်းပဲ သိပါ၏။
ကုန်းဘောင်ဆက် ရာဇ၀င် တတိယတွဲ စာမျက်နှာ ၂၁၅နှင့် ၂၆၄တို့တွင် တွေ့ဖူး၏။ ဒေါက်တာ သန်းထွန်း၏ မြန်မာရက်စွဲသမိုင်း စာအုပ် စာမျက်နှာ ၇၆၂ တွင် တွေ့ ရ၏။ ဒေါက်တာ မောင်မောင်၏ ဒေါက်တာ ဘွဲ့ယူကျမ်း Burma in the Family of Nations စာမျက်နှာ ၄၉ - ၅၀တွင် တွေ့ရ ၏။ မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ် အတွဲ ၂၆ အပိုင်း ၂ တွင် တွေ့နိုင်၏။ ဒေါက်တာမောင်မောင် က သူ၏ ကျမ်းတွင်သမိုင်းအပွင့်လေး တစ်ပွင့် ထည့်ပွင့်ထား၏။ Mission to America ဖြစ်ပါ၏။

မြန်မာ-အမေရိက သံတမန်ဆက်ဆံမှုသည် ယခု ၂၀၁၂ခုနှစ် တွင် ရှေးနှစ်ပေါင်း ၁၅၄ နှစ် ကြာခဲ့ပြီဖြစ်၏။ အမေရိကန် သမ္မတ James Buchanan နှင့် မြန်မာမင်းတုန်းမင်းတို့ နှစ်တိုင်းနှစ်ပြည် ရှေးက ရာဇမဟာမိတ်ဖြစ်ခဲ့  . . .
မင်းတုန်းမင်းသည် သူ့ပိုင်နက်တော် နိုင်ငံတည်တံ့ခိုင်မြဲရေးကို စိတ်စောလျက်ရှိ၏။ စစ်ရေးဖြင့် မတည်တံ့နိုင်၊ သံတမန်ရေးဖြင့်သာလျှင် အဆင်ပြေမည်ဟု သဘောပေါက်နေ၏။ ထို့ကြောင့် အနောက်နိုင်ငံများ နှင့်ချစ်ကြည်မှုရှိလို၏။ နိုင်ငံတကာ တွင် မြန်မာနိုင်ငံဟူ၍ သိမှတ်ထင်ရှားချင်၏။ မိတ်ဆွေများချင်၏။ အမေရိကသို့မြန်မာသံအဖွဲ့ စေလွှတ်လေ၏။
အမေရိကန်လူမျိုး ခရစ်ယာန် ဘုန်းတော်ကြီးဒေါက်တာ Eugenio Kincaid အား မြန်မာသံအဖွဲ့ကို ဦးဆောင်သွား၏။ Kincaid သည် မြန်မာနိုင်ငံတွင် နေသည်မှာ နှစ်ပေါင်း ၂၀ ရှိသူဖြစ်၏။ မင်းတုန်းမင်းနှင့် ရင်းနှီး၏။ အမေရိကသို့ သွားရသောသံအဖွဲ့၏လုပ်ငန်းရည်ရွယ်ချက်မှာ နှစ်နိုင်ငံကုန်သွယ် စာချုပ်ချုပ်ရန်ဖြစ်၏။ မြန်မာလူငယ် တစ်ဒါဇင်တို့ အမေရိကတွင် လေ့လာသင်ယူရန်ဖြစ်၏။ Kincaid ၏  မြန်မာသံအဖွဲ့သည် နယူးယောက်မြို့သို့ ၁၈၅၇ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ရောက်သွားကြ၏။
မင်းတုန်းမင်း၏ ရာဇသ၀ဏ်လွှာကို အမေရိကန်သမ္မတ James Buchanan နှင့် နိုင်ငံခြားရေးဝန်ကြီး Mr.Cass တို့သို့ပေးအပ်လေ၏။ နှစ်နိုင်ငံသဘောတူကုန်သွယ်စာချုပ် ချုပ်ဆိုရေးကို တိုက်တွန်းစာဖြစ်၏။ အမေရိကန်သမ္မတက မင်းတုန်းမင်းအား ဘာလက်ဆောင်ပေးသင့်သနည်းဟု Kincaid ကိုမေးမြန်း၏။ ရေနွေးငွေ့ဖြင့်မောင်းသော သင်္ဘောငယ်လေး တစ်စင်းပေးသင့်ကြောင်း အကြံပြု၏။ ဘုန်းကြီး Kincaid တို့ သံအဖွဲ့ မန္တလေးပြန်ရောက်သောအခါ ၀မ်းမြောက်ဝမ်းသာကြိုဆိုကြ၏။
တစ်နှစ်ခန့်ကြာသောအခါ အမေရိကန်သံအဖွဲ့ မန္တလေးသို့ရောက်လာ၏။ ထိုအကြောင်းကို ကုန်းဘောင်ဆက်ရာဇ၀င် တတိယတွဲ စာမျက်နှာ ၂၆၄ ၌ ဤသို့ တိုတိုကျဉ်းကျဉ်းလေး ရေးထား၏။
‘အနောက်တိုင်းပြည် အမေရိကန်ကျွန်းက ရာဇသံရွှေပေနှင့် သံတို့ရောက်သည်ကို အင်္ဂလိပ်ရာဇသံ ကို ကြိုယူသည့်နည်း၊ ကြိုယူဆက်သွင်းရ၏။ အမေရိကန်ကျွန်းက ရောက်ရင်းရာဇသံအဓိပ္ပာယ်မှာ အမေရိကန်နိုင်ငံနှင့် နိုင်ငံတော်၊ နှစ် တိုင်းနှစ်ပြည်ချစ်ကြည်စွာ ရာဇမဟာမိတ် ဖြစ်လိုကြောင်းနှင့်ပါသည်။’
အမေရိကန် သံတမန်များသည် ၁၈၅၈ ခုနှစ် မတ်လ ၁၄ ရက်တွင် မန္တလေးသို့ရောက်လာကြခြင်းဖြစ် ၏။မင်းတုန်းမင်းသည်အမေရိကန် နိုင်ငံ ၀ါရှင်တန်နှင့် မြန်မာနိုင်ငံ မန္တ လေးတို့ သားစဉ်မြေးဆက် ရင်းနှီး လျက်အဓွန့်ရှည်ကြာ မဟာမိတ်ဖြစ်ရေးကို အလွန်လိုလားလျက်ရှိ၏။ သို့သော် ဆန္ဒရှိသလောက် ခရီးမရောက်ဖြစ်ခဲ့၏။ မြန်မာလူငယ်များ ပို့လွှတ်သင်ကြားရေးလည်း အကောင် အထည်မပေါ်ဘဲရှိ၏။ မိတ်ဆွေဖြစ် ဆက်ဆံရေးသာပေါ်လွင် နေပေ၏။
ဤကဲ့သို့ မြန်မာ အမေရိက သံတမန် ဆက်ဆံမှုသည် ယခု ၂၀၁၂ခုနှစ်တွင်ရှေးနှစ်ပေါင်း ၁၅၄ နှစ် ကြာခဲ့ပြီဖြစ်၏။ အမေရိကန် သမ္မတ James Buchanan နှင့် မြန်မာ မင်းတုန်းမင်းတို့ နှစ်တိုင်း နှစ်ပြည်ရှေးက ရာဇမဟာမိတ်ဖြစ်ခဲ့ကြောင်းကို ဖတ်စရာ၊ သိစရာ၊ မှတ်စရာ၊ တွေးစရာအဖြစ် ဖော်ပြ ရေးသားလိုက်ပါ၏။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:44 AM

အိုဘားမား ပြန်လျင် ဘာကျန်ခဲ့မည်နည်း

thn-18-11-12-1
ဇာတ်သမားပြန်လျင် မှတ်သားစရာ ကျန်ရမည်ဆိုသည့် စကားအတိုင်း၊ အမေရိကန်သမ္မတ ဘားရက်ဟူစိန် အိုဘားမား မြန်မာနိုင်ငံမှပြန်လျင် ဘာကျန်ခဲ့မည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။ နှစ်နိုင်ငံသမိုင်းတွင် ပထမဆုံးဖြစ်သည့် အမေရိကန် သမ္မတ၏ မြန်မာနိုင်ငံအလည်အပတ် ခရီးစဉ်သည် ပစိဖိတ်၊ ဘင်္ဂလားဒေ့ရှ်၊ နယူးဒေလီ၊ ပေကျင်းတို့နှင့် ဆက်စပ်လျက် သတင်းမျက်နှာစာများတွင် သတင်းကြီးနေသည့်နည်းတူ၊ အိုဘားမားခရီးစဉ်အလွန် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်များတွင် မည်သည့် ပြောင်းလဲတိုးတက်မှုများ ဖြစ်ထွန်းလာမည်ကိုစောင့်ကြည့် လေ့လာရဦးမည်ဖြစ်သည်။
သမ္မတဘားရက် ဟူစိန်အိုဘားမား၏ နိုဝင်ဘာလ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံခရီးစဉ်သည် အမေရိကန်ပြည်ထောင်စုအနေဖြင့် အရှေ့တောင်အာရှနှင့် ဘင်္ဂလားပင်လယ်အော်ဒေသကို မဟာဗျူဟာမြောက် ထိုးဖောက်ဝင်ရောက်ရန် ခြေလှမ်းစခြင်းနှင့်အတူ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံတို့နှင့် အကျိုးစီးပွားအဘက်ဘက်တွင် ကတ္တီပါစီးချင်းထိုးရန် အုတ်မြစ်ချလိုက်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။ ထို့ကြောင့် သမ္မတ အိုဘားမား၏ ခရီးစဉ်နောက်ပိုင်း၊ အရှေ့တောင်အာရှဒေသ၏ နိုင်ငံခြားဆက်ဆံရေး ပုံစံပြောင်းလဲလာနိုင်သည့်အပြင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည်လည်း မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများနှင့်ဆက်ဆံရာတွင် မူဝါဒသစ်၊ ဗျူ ဟာသစ်ကို ချမှတ်လာနိုင်သည်ဟု ကောက်ချက်ပြုနိုင်သည်။
အထူးသဖြင့် တရုတ်နိုင်ငံသည် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာဘက်ထွက်ပေါက်နှင့် တောင်အာရှဒေသထွက်ပေါက်တို့ အတွက်လည်းကောင်း၊ အိန္ဒိယနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့နှင့် ချိတ်ဆက်နိုင်ရေးသာမက၊အရှေ့မျော် မူဝါဒလက်တွေ့အောင်မြင်ရေးတို့အတွက်လည်းကောင်း၊ မြန်မာနိုင်ငံသည် ပထ၀ီနိုင်ငံရေးအရသာမက၊ မဟာဗျူဟာတည်ရှိမှုအရပါ အရေးပါနေသဖြင့် တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးမူဝါဒ၊ လမ်းစဉ်၊ ဗျူဟာများကို ဆန်းစစ်သုံးသပ်မွမ်းမံကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတွင် လမ်းဟောင်းမှခွဲထွက်ပြီး၊ လမ်းသစ်ဖောက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးပြီးချင်း၊ ရန်ကုန်အစိုးရဟု သမုတ်ခံနေရသောအချိန်တွင် အိန္ဒိယအစိုးရသည် မြန်မာ့တပ်မတော်အတွက် လက်နက်ခဲယမ်းများ ထောက်ပံ့ကူညီခဲ့သဖြင့် ရန်ကုန်အစိုးရဘ၀မှ ဗမာအစိုးရဘ၀ ပြန်ရောက်ခဲ့သည်မှအစ ပါလီမန်ခေတ် နှစ်နိုင်ငံဆက်ဆံရေးမှာ ကောင်းလွန်းခဲ့သည်။ ၁၉၆၂ အလွန်ကာလမှာလည်း မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံဆက်ဆံရေးသည် မဆိုး၊မကောင်း အနေအထားတွင်ရှိခဲ့သည်ဟု ယေဘုယျ သုံးသပ်နိုင်သည်။

မြန်မာနိုင်ငံသည် ပထ၀ီနိုင်ငံရေးအရသာမက၊ မဟာဗျူဟာ တည်ရှိမှုအရပါ အရေးပါနေသဖြင့်  တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး မူဝါဒ၊ လမ်းစဉ်၊ ဗျူဟာများကို ဆန်းစစ်သုံးသပ်မွမ်းမံကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ဆက်ဆံ ရေးတွင် လမ်းဟောင်းမှ ခွဲထွက်ပြီး၊ လမ်းသစ်ဖောက်ကြရမည် ဖြစ်သည်  . . .
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံဆက်ဆံရေးသည် အကြောက်တရားနှင့် စခဲ့သည်ဟုဆိုရမည်။ လွတ်လပ်ရေးရပြီးစ ကာလတွင် ဗမာဝန်ကြီးချုပ်သည် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ၀င်သိမ်းမည်ကို စိုးရိမ်ခဲ့ပုံရသည်။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တရုတ်ကွန်မြူနစ်ပါတီက ထူထောင်ခဲ့သောအခါ၊ မြန်မာအစိုးရသည် အသိအမှတ်ပြုရန် အလျင်အမြန် အားထုတ်ခဲ့သည်။ ဒီဇင်ဘာလထဲတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ရန် ပြင်ဆင်ခဲ့သော်လည်း၊ ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့မှသာ ၁၆ နိုင်ငံမြောက်နိုင်ငံအဖြစ် သံတမန် ဆက်သွယ်နိုင်ခဲ့သည်။ ဗမာအစိုးရသည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကောင်းမွန်ရန်အလို့ငှာ၊ ၁၉၅၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ အထောက်အပံ့ရယူမှုကို ရပ်ဆိုင်းခဲ့သည်။ တရုတ်-မြန်မာ ဆက်ဆံရေးသည် ၁၉၆၇ ခုနှစ် တရုတ်-ဗမာအရေးအခင်းကာလမှလွဲ၍ မဟာဗျူဟာမြောက်အားလုံး ကောင်းခဲ့သည်ဟု ကောက်ချက်ပြုရမည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု ဆက်ဆံရေးဘက်တွင်၊အစကတည်းက ကောင်းလှသည်မဟုတ်သော်လည်း၊ အကျိုးရှိခဲ့ပုံရသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံသည် ဆိုဗီယက်အုပ်စုဖြစ်ပြီး၊ တရုတ်နိုင်ငံသည်လည်း အမေရိကန်အပါအ၀င် အနောက်အုပ်စုနှင့် မတည့်သောလက်ဝဲ အုပ်စုဝင်ဖြစ်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် စစ်နွေးခေတ် လက်ဝဲလှိုင်းနှင့် ခြံချင်းကပ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံသို့ တပ်မတော်လေ့ကျင့်ရေးအတွက် ဒေါ်လာနှစ်သိန်း ခြောက်သောင်းအပါအ၀င် အမေရိကန် ဒေါ်လာ ၁၄ သန်းကျော် အထောက်အပံ့ ပေးအပ်ခဲ့သည်ကိုကြည့်လျင် နှစ်နိုင်ငံဆက်ဆံရေးမှာ ၁၉၈၈ ခုနှစ် အထိ၊ မအေးမနွေးအဆင့်တွင်ရှိခဲ့ သည်ဟု သုံးသပ်နိုင်သည်။
အမေရိကန်သမ္မတ ဘားရက် အိုဘားမား၏ ခရီးစဉ်မတိုင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌနှင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသမ္မတနိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အတွင်း အိန္ဒိယ၀န်ကြီးချုပ် မာမိုဟန်ဆင်း၊ ဒုတိယသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊နိုင်ငံခြားရေးအတွင်းဝန်၊ အာဏာရကွန်ဂရက်အိုင်ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။ အမေရိကန်နိုင်ငံ၏ အရှေ့တောင် အာရှဒေသတွင် မဟာဗျူဟာမြောက်အခြေချရန် ပြင်ဆင်မှုများကို အိန္ဒိယနိုင်ငံသည် စိုးရိမ်တကြီး စောင့်ကြည့်မည်မှာ အသေအချာဖြစ်သည်။ တစ်ဖက်တွင်လည်း အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံအပေါ် အလွန်အမင်းမှီခိုနေရမှုအပေါ် စိုးရိမ်ကြောင့်ကြနေမည်မှာလည်း သဘာဝကျသည်။
ကွန်ဂရက်အိုင်ပါတီအကြောင်းပြောလျင်၊ နှစ်ရာကျော်တည်တံ့သော ပါတီဖြစ်ပြီး၊ကိုလိုနီခေတ်က မြန်မာပြည်တွင် ပါတီရုံးခွဲဖွင့်လှစ်နိုင်သည်အထိ ကျယ်ပြန့်ခဲ့သောပါတီဖြစ်သည်။ ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီနှင့်တွေ့သောအခါ၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဆိုနီယာထံမှ သင်ယူစရာ၊ လေ့လာစရာများ ရှိလိမ့်မည်ဟု ထင်မြင်ကြသည်။ ၀န်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီ၏ ဇနီးဖြစ်သူဆိုနီယာသည် ကွန်ဂရက်အိုင်ပါတီ ခေါင်းဆောင်အဖြစ် အစိုးရအဖွဲ့ကို ပါတီမှတစ်ဆင့် ကြိုးကိုင်နိုင်သည့် အနေအထားတွင် ရှိနေပြီဖြစ်သည်။ကွန်ဂရက်အိုင်ပါတီ၏ စနစ်တကျ တည်ဆောက်အားကောင်းမှုကြောင့်၊ ဆိုနီယာသည် အစိုးရအဖွဲ့တွင်မပါလင့်ကစား၊အစိုးရအပေါ် သြဇာလွှမ်းမိုးနိုင်သည်ကို တွေ့ရသည်။ ပါတီတည်ဆောက်ရေးအပေါ် အာရုံစိုက်ရန်ပညာရှိသတိဖြစ်ခဲ ဖြစ်နေပုံရသောဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယခရီးစဉ်မှအပြန်တွင် ပါတီတည်ဆောက်ရေး၏ အရေးပါပုံကို သဘောပေါက်နိုင်ကောင်းဖွယ်ရှိသည်ဟု မျော်လင့်ရသည်။
ဆိုနီယာသည် ကွန်ဂရက်အိုင်ပါတီ၏ စနစ်ကျကျယ်ပြန့်သော အင်အားကို ကျောထောက်နောက်ခံပြုကာ ပန်းပန်နေခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးပတ်ဝန်းကျင်တွင် လူထုအကြိုက်၊ အချစ်ဖြစ်သော်လည်း မိမိနိုင်ငံရေးပါတီကို စနစ်ကျအားကောင်းအောင် ယနေ့အထိ တည်ဆောက်နိုင်ခြင်းမရှိ၊ တည်ဆောက်ရန်ပြင်ဆင်နိုင်ခြင်း မရှိသည်ကို တွေ့မြင်ရသည်မှာ ရင်လေးဖွယ်ဖြစ်သည်။ အန်အယ်လ်ဒီပါတီကို စနစ်တကျတည်ဆောက်နိုင်မှု အားနည်းလျင်နည်းသည့်အလျောက် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေးမှာလည်း အားနည်းလာဖွယ်ရှိနေသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ဆိုနီယာဂန္ဒီနှင့်ယှဉ်ထိုး၍ မိမိကိုယ်ကို ဝေဖန်ရေးလုပ်သင့်သည်ဟု ထင်မြင် မိသည်။
အမေရိကန်သမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး မလာရောက်မီရက်ပိုင်းအလို၊ နိုဝင်ဘာလ ၁၂ရက်မှ ၁၉ရက်အထိ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ သွားရောက်ခဲ့သည်မှာလည်း ထူးခြားသည်ဟု ဆိုနိုင်သည်။ ဗိုလ်ချုပ်ကြီးစိုးဝင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၁ အရ ဖွဲ့စည်းသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံအစိုးရအဖွဲ့ကိုယ်စား အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေး အခြေအနေ၊ သမ္မတဘားရက် အိုဘားမား၏ လာမည့်ချစ်ကြည်ရေးခရီးစဉ်တို့နှင့်ပတ်သက်ပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ကွန်မြူနစ်ပါတီခေါင်းဆောင်များကို ဆွေးနွေးရှင်းပြနိုင်ရန် စေလွှတ်သော ကိုယ်စားလှယ်သဘောလည်း သက်ရောက်နိုင်သည်ဟု လေ့လာသူအချို့က သုံးသပ်ကြသည်။
အိုဘားမား အရှေ့တောင်အာရှဒေသသို့ မရောက်မီ၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ ပထမအကြိမ်ပါတီညီလာခံ၌ ဇီဂျင်ပင်းသည် တရုတ်ကွန် မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ဇီဂျင်ပင်းခေါင်းဆောင်သော တရုတ်မျိုးဆက်သစ်ခေါင်းဆောင်များသည် ၂၀၂၂ ခုနှစ်အထိ တရုတ်နိုင်ငံကို ပဲ့ကိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေးအရ ကာလရှည်ကြာ ဆွေမျိုးပေါက်ဖော်ဖြစ်သော မြန်မာနိုင်ငံသို့လာရောက်မည့် အမေရိကန်သမ္မတ၏ ခရီးစဉ်ကို အထူးအလေးထား စောင့်ကြည့်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ရေနံပိုက်လိုင်း၊ ဓာတ်ငွေ့ပိုက်လိုင်း၊ ရထားလမ်း၊ ကားလမ်းတို့နှင့်အတူ ဖွံ့ဖြိုးရေးဇုန်များ ထူထောင်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေသည့်အပြင် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာသို့ အနောက်ဘက်ထွက်ပေါက်တစ်ခုဖြစ်လာမည့် တရုတ်နိုင်ငံ၏ ကျောက်ဖြူစီမံကိန်းနှင့် အမေရိကန်၏ အကျိုးစီးပွားတို့သည် ထိပ်တိုက်တွေ့လာနိုင်ဖွယ်ရှိနေသည်ဟု အကဲခတ်များက ထောက်ပြကြသည်။
ရန်ကုန်မြို့တွင် သမ္မတဘားရက် ဟူစိန်အိုဘားမားသည် သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုထက် ပိုမိုစိတ်လှုပ်ရှားဖွယ်ဖြစ်လာနိုင်သည်ဟု သုံးသပ်မိသည်။
အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ သမ္မတ အိုဘားမားသည် တပ်မတော်စစ်ဦးစီးချုပ် ဖြစ်သဖြင့်လည်းကောင်း၊ လာမည့် အနာဂတ်နှစ်နိုင်ငံဆက်ဆံရေးတွင် တပ်မတော်ချင်းဆက်ဆံရေးအပိုင်း၌ အရေးပါလာနိုင်သဖြင့်လည်းကောင်း၊ သမ္မတအိုဘားမားနှင့်တွေ့ဆုံစဉ်၊ သမ္မတ ဦးသိန်းစိန်နှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ပါဝင်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်မှုများရှိနေသည်။ လာမည့်နိုင်ငံရေးအခင်းအကျင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ၌ တပ်မတော်သည် အဆုံးအဖြတ်နေရာတွင်ရှိပြီး၊ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုများကို ငြိမ်းချမ်းစွာဖော်ဆောင်ရာတွင် တပ်မတော်၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည်။ ထို့ကြောင့် အိုဘားမားနှင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံရေးကို မဟာဗျူဟာမြောက်လိုအပ်ချက်ဟု သုံးသပ်နိုင်သည်။ အိုဘားမားပြန်ပြီးနောက်၊ မြန်မာ့ဒီမိုကရေစီရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပိုင်းတွင် တပ်မတော်က မည်သို့ပါဝင်လာမည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် အရေးကြီးသောအချိုးအကွေ့ဖြစ်သည့်အလျောက် သမ္မတအိုဘားမားသည် ရွေးကောက်ပွဲလွတ်လပ်၍ တရားမျှတရေးအတွက် တိုက်တွန်းဦးမည်မှာ မုချဖြစ်သည်။ လာမည့်ရွေးကောက်ပွဲတွင် ကမ္ဘာ့ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၊ အမေရိကန်ပြည်ထောင်စုအပါအ၀င် အနောက်အုပ်စုနိုင်ငံများမှ စောင့်ကြည့်လေ့လာသူများကို ၀င်ရောက်ခွင့်ပြုမည်ဆိုလျင် အလွန်ကောင်းမွန်မည်ဟု သုံးသပ်နိုင်သည်။နိုင်ငံတကာစောင့်ကြည့်လေ့လာမှုကို ခွင့်ပြုခြင်းဖြင့်ရွေးကောက်ပွဲ၏ တန်ဖိုးကိုမြင့်မားစေနိုင်သည်ကိုလည်း ထောက်ပြရမည်ဖြစ်သည်။
ရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားပါတီခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များပါဝင်သည့် ပွင့်လင်း၊စနစ်ကျသောနိုင်ငံရေး စားပွဲဝိုင်းဆွေးနွေးပွဲများကို ပုံဖော်နိုင်ရေးသည်လည်း အရေးကြီးသည်ဟုသုံးသပ်မိပါသည်။ အဆိုပါဆွေးနွေးပွဲများသည် နိုင်ငံရေးအာဏာခွဲဝေရေး ဆွေးနွေးပွဲများဖြစ်လာနိုင်သည့်အပြင်၊ ပြည်ထောင်စုစစ်စစ်မူအပေါ် အခြေခံသည့် နိုင်ငံရေးလမ်းပြမြေပုံသစ်တစ်ခုကို ပြုစုရေးဆွဲနိုင်သည့်အခြေအနေအထိ ခရီးပေါက်နိုင်ရန် လိုအပ်သည်ဟု အကဲခတ်များက သုံးသပ်ကြသည်။ နိုင်ငံရေးစားပွဲဝိုင်းဆွေးနွေးပွဲများသည် လွှတ်တော်ပြင်ပအသွင်ဖြစ်ရန်လိုအပ်သည်ဟုလည်း အကဲခတ်များက ထောက်ပြကြသည်။အမေရိကန်သမ္မတ အိုဘားမားသည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ လွတ်လပ်တရားမျှတရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်ထောင်စုစစ်စစ် ဖော်ဆောင်ရေးတို့နှင့် ဆက်စပ်နေသည့် အများပါဝင်နိုင်သော မြန်မာ့နိုင်ငံရေး လမ်းပြမြေပုံသစ်တစ်ခု ပုံဖော်နိုင်ရန် တိုက်တွန်းဆော်သြသင့်သည်ဟု အကြံပြုကြသည်။ သမ္မတအိုဘားမားပြန်လျင်၊ မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်၌ လက်တွေ့ကျသော နိုင်ငံရေးစားပွဲဝိုင်းဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်ခြေမည်မျှ မြင့်မားလာမည်ကို လေ့လာစောင့်ကြည့်ရဦးမည်ဖြစ်သည်။
သမ္မတအိုဘားမားအနေဖြင့် စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ပုဂ္ဂလိက သတင်းစာများကိစ္စကိုလည်း လျစ်လျူရှု၍ မဖြစ်နိုင်ချေ။ မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်သည် အတိုင်းအတာတစ်ခုအထိ ရရှိနေပြီဖြစ်သော်လည်း ပုဂ္ဂလိကသတင်းစာ တစ်စောင်မှ ထုတ်ဝေခွင့်မပြုနိုင်ခြင်းမှာ နိုင်ငံတကာတွင် မျက်နှာပျက်ဖွယ်ကိစ္စဖြစ်သည်။ ပုဂ္ဂလိကသတင်းစာ ရှိခြင်း၊ မရှိခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ကို တိုင်းတာရာတွင် အလွန်ပဓာနကျသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ပုဂ္ဂလိကသတင်းစာမရှိသည့် တစ်ခုတည်းသောနိုင်ငံဖြစ်နေသည်ကို မျက်ကွယ်ပြုနေ၍ မသင့်တော်ဟု သုံးသပ်မိသည်။ အိုဘားမား၏ ခရီးစဉ်နောက်ပိုင်းတွင် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်အနှေးနှင့် အမြန်ရရှိပြီး၊ မြန်မာ့စာနယ်ဇင်းလောကသည် နိုင်ငံတကာတန်းဝင်လာမည်ဆိုလျင် အတိုင်းထက်အလွန်ဖြစ်သည်။
ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ် တွင် တည်ငြိမ်အေးချမ်းမှုများ အလျင်အမြန် ဖြစ်ပေါ်လာရေးအတွက်ကိုလည်း သမ္မတအိုဘားမားအနေဖြင့် မြန်မာအစိုးရကိုမဖြစ်မနေ တိုက်တွန်းဦးမည်ဖြစ်သည်။ အဆိုပါဖြစ်စဉ်နှစ်ခုသည် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးကို ဘေးကျပ်နံကျပ် ဖြစ်စေခဲ့သည့်အပြင် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ်တွင်လည်း နိုင်ငံတကာက အမြင်မှောက်မှားနိုင်သဖြင့် သတိကြီးကြီးထား ကိုင်တွယ်ရမည်ဖြစ်သည်။ အိုဘားမားခရီးစဉ်နောက်ပိုင်း ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အရေးကိစ္စများတွင် ပိုမိုသွက်သွက်လက်လက်လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီး၊ ရေရှည်ငြိမ်းချမ်းရေး ဦးတည်သော လက်တွေ့ကျသည့်လမ်းပေါ် ရောက်ရှိလာနိုင်မည်ဆိုပါက အားရကျေနပ်ဖွယ်ဖြစ်သည်။
အမေရိကန်သမ္မတဘားရက်အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်သည် စင်းလုံးချောဟုမဆိုနိုင်ပါ။ပြည်တွင်း ပြည်ပလေ့လာသူအချို့နှင့် အကဲခတ်အချို့အမြင်အရ၊ အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ အပြောင်းအလဲသည် ဒရောသောပါးနိုင်ပြီး၊ ပြောင်းလဲတိုးတက်မှုများနှင့် နှိုင်းယှဉ်လျင်အမေရိကန်ဘက်မှအလျော့ပေး လိုက်လျောမှုသည် များလွန်းအားကြီးသည်ဟု ဆိုကြသည်။ အချို့ကလည်းအိုဘားမားသည် မြန်မာနိုင်ငံသို့ အလည်သွားရန် စောလွန်းသည်ဟု ဝေဖန်ကြသည်။ အိုဘားမား၏ ခရီးစဉ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးပတ်ဝန်းကျင်တွင် သိသာမြင်သာသော ဖြစ်ပေါ်တိုးတက်မှုများ ဖြစ်ပေါ်လာရေးသည် အလွန်အရေးကြီးသည်။
အိုဘားမားသည် မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်လမ်းခုလတ်ကာလမျိုးတွင် အလည်အပတ်လာရောက်ခြင်း ဖြစ်သဖြင့်  စွန့်စားရင်ဖိုရသော ခရီးဟုဆိုနိုင်မည် ဖြစ်သည်။ မြန်မာပြည်သူလူထုသည် သမ္မတအိုဘားမားအပါအ၀င် အမေရိကန်သမ္မတ အဆက်ဆက်နှင့် အမေရိကန်နိုင်ငံကို မျော်လင့်ချက်ကြီးကြီးမားမားထားခဲ့ကြသည်မှာ လွန်ခဲ့သော  နှစ်နှစ်ဆယ်ကျော်ကတည်းကဖြစ်သည်။ ယခုကာလတွင်လည်း မှန်းချက်နှင့်နှမ်းထွက်ကိုက်ပါ့မလားဟု စိုးရိမ်မှုများလည်း ရှိနေနိုင်သည်။လက်တွေ့ကျ ကျ ဆန်းစစ်လျင်၊ မှန်းချက်နှင့်နှမ်းထွက်ကိုက်ရန် အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ချဉ်းကပ်ဆောင်ရွက်မှု၊သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်သော ပြည်တွင်းအင်အားစုများ၏ လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်နိုင်မှု၊ ပြည်သူလူထု၏ထောက်ခံမှု စသည့်အချက်များကလည်း အရေးကြီးပါသည်။
အမေရိကန် သမ္မတဘားရက် အိုဘားမား၏ ခရီးစဉ်နောက်ပိုင်းတွင် ဆင်းရဲမွဲတေသော မြန်မာပြည်သူလူထုအများစု၏ အကျိုးကို အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုနိုင်မည်ဆိုလျင် အလွန်ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ မြန်မာပြည်သူလူထုအများစုအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အချိန်တိုအတွင်း ဆောင်ရွက်ပေးနိုင်မည်ဆိုလျင်၊ပညာရေးအပိုင်းတွင်လည်း၊ အဆင့်အတန်းရှိသော အခြေခံပညာရေးကို အခမဲ့ပေးနိုင်သည့်အပြင်၊ကျောင်းသားအရွယ်များ ကျောင်းနေနိုင်အောင် လိုအပ်သည့် ပံ့ပိုးမှုများပြုလုပ်ပေးနိုင်မည်ဆိုလျင် သမ္မတအိုဘားမားနှင့် အတူအမေရိကန်ပြည်သူတို့သည် အောက်ခြေမြန်မာပြည်သူလူထုကြီး၏ နှလုံးသားထဲကို စွဲမြဲဝင်ရောက်သွားပြီဟု ကောက်ချက်ပြုနိုင်မည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော်၊ နိုဝင်ဘာလ ၁၉ ရက်၊ ညနေခင်းတွင် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်ဟူစိန်အိုဘားမားသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာသွားပြီးနောက်၊ ရက်ပိုင်း၊လပိုင်းများအတွင်း ပြောင်းလဲတိုးတက်ဖြစ်ပေါ်လာမည့်အခြေအနေများကို အားလုံးကစောင့်ကြည့်နေကြမည်မှာ အသေ အချာဖြစ်သည်။နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွတ်ငြိမ်းခွင့်ပေး၍ ပြန်လွှတ်ပေးခြင်းသည် အစောဆုံး မြင်ရနိုင်ဖွယ်ရှိသည့်တိုးတက်မှု ဖြစ်သည်ဟု အကဲခတ်များကသုံးသပ်ကြသည်။ နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ပြုလာနိုင်ခြင်းသည် ဒုတိယမြောက် သိသာမြင်သာသော ခြေလှမ်းဖြစ်လာနိုင်ဖွယ်ရှိနေသည်။ နိုင်ငံရေးအရလည်း လွတ်လပ်ပွင့်လင်းသော နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲများမှသည် မြန်မာ့နိုင်ငံရေး လမ်းပြမြေပုံသစ်တစ်ရပ် ပေါ်ထွက် ရေးအတွက် ကနဦးခြေလှမ်းများကို မြင်တွေ့လာရမည်ဆိုလျင် ပိုမိုအားရဖွယ် ဖြစ်လာမည်ဖြစ်သည်။ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း ပိုမိုလက်တွေ့ကျသော ရေရှည်ဖြေရှင်းမှုများဆီဦးတည်သော တိုးတက်မှုများကို မြင်တွေ့လာရမည်ဆိုပါက အိုဘားမား၏ခရီးစဉ်သည် အလုပ်ဖြစ်နေသည်ဟု ယေဘုယျ သုံးသပ်ရမည်ဖြစ်သည်။ အိုဘားမား၏ ခရီးစဉ်နောက်ပိုင်း ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများသည် လေးလံထိုင်းမှိုင်းနေပြီး၊ အမေရိကန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ရည်ရွှန်းသော စီးပွားရေးလုပ်ငန်းများသည် အလွန်အမင်း သွက်လက်အောင်မြင်နေလျင် တစ်ခုခုမှားနေပြီဟု ကောက်ချက်ပြုရမည် ဖြစ်သည်။ သမ္မတအိုဘားမား၏ ခရီးစဉ်သည် အလုပ်သဘောခရီးစဉ် ဖြစ်သည့်အားလျော်စွာ ခရီးစဉ်ကို အကြောင်းပြုလျက် မည်မျှအလုပ်ဖြစ်ခဲ့သည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ ကျွန်တော်တို့အားလုံးသည် အိုဘားမားပြန်လျင် ဘာကျန်ခဲ့မည်ကိုလည်းကောင်း၊ အမေရိကန်သွားလျှင် လမ်းမည်မျှဖြစ်မည်ကိုလည်းကောင်း ဆက်လက်စောင့်ကြည့် လေ့လာရဦးမည်ဖြစ်ပါသည်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:42 AM