Thursday, November 22, 2012

အမေရိကန်သမ္မတနှင့် မြန်မာမင်းတုန်းမင်း ရှေး ၁၅၄ နှစ်အကြာက သံတမန်ဖလှယ်ကြခြင်း

အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ နိုဝင်ဘာလတွင် ရောက်မည်ဟု သိရ၏။
မင်းတုန်းမင်း လက်ထက် အမေရိကန်သမ္မတထံ ချစ်ကြည်ရေး သံတမန်လွှတ်သည်ကို သွားသတိရ၏။ အမေရိကန်သမ္မတက လည်း သံတမန် တုံ့ပြန်သည်ကို သတိရ၏။ များများမသိပါ။ နည်းနည်းပဲ သိပါ၏။
ကုန်းဘောင်ဆက် ရာဇ၀င် တတိယတွဲ စာမျက်နှာ ၂၁၅နှင့် ၂၆၄တို့တွင် တွေ့ဖူး၏။ ဒေါက်တာ သန်းထွန်း၏ မြန်မာရက်စွဲသမိုင်း စာအုပ် စာမျက်နှာ ၇၆၂ တွင် တွေ့ ရ၏။ ဒေါက်တာ မောင်မောင်၏ ဒေါက်တာ ဘွဲ့ယူကျမ်း Burma in the Family of Nations စာမျက်နှာ ၄၉ - ၅၀တွင် တွေ့ရ ၏။ မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ် အတွဲ ၂၆ အပိုင်း ၂ တွင် တွေ့နိုင်၏။ ဒေါက်တာမောင်မောင် က သူ၏ ကျမ်းတွင်သမိုင်းအပွင့်လေး တစ်ပွင့် ထည့်ပွင့်ထား၏။ Mission to America ဖြစ်ပါ၏။

မြန်မာ-အမေရိက သံတမန်ဆက်ဆံမှုသည် ယခု ၂၀၁၂ခုနှစ် တွင် ရှေးနှစ်ပေါင်း ၁၅၄ နှစ် ကြာခဲ့ပြီဖြစ်၏။ အမေရိကန် သမ္မတ James Buchanan နှင့် မြန်မာမင်းတုန်းမင်းတို့ နှစ်တိုင်းနှစ်ပြည် ရှေးက ရာဇမဟာမိတ်ဖြစ်ခဲ့  . . .
မင်းတုန်းမင်းသည် သူ့ပိုင်နက်တော် နိုင်ငံတည်တံ့ခိုင်မြဲရေးကို စိတ်စောလျက်ရှိ၏။ စစ်ရေးဖြင့် မတည်တံ့နိုင်၊ သံတမန်ရေးဖြင့်သာလျှင် အဆင်ပြေမည်ဟု သဘောပေါက်နေ၏။ ထို့ကြောင့် အနောက်နိုင်ငံများ နှင့်ချစ်ကြည်မှုရှိလို၏။ နိုင်ငံတကာ တွင် မြန်မာနိုင်ငံဟူ၍ သိမှတ်ထင်ရှားချင်၏။ မိတ်ဆွေများချင်၏။ အမေရိကသို့မြန်မာသံအဖွဲ့ စေလွှတ်လေ၏။
အမေရိကန်လူမျိုး ခရစ်ယာန် ဘုန်းတော်ကြီးဒေါက်တာ Eugenio Kincaid အား မြန်မာသံအဖွဲ့ကို ဦးဆောင်သွား၏။ Kincaid သည် မြန်မာနိုင်ငံတွင် နေသည်မှာ နှစ်ပေါင်း ၂၀ ရှိသူဖြစ်၏။ မင်းတုန်းမင်းနှင့် ရင်းနှီး၏။ အမေရိကသို့ သွားရသောသံအဖွဲ့၏လုပ်ငန်းရည်ရွယ်ချက်မှာ နှစ်နိုင်ငံကုန်သွယ် စာချုပ်ချုပ်ရန်ဖြစ်၏။ မြန်မာလူငယ် တစ်ဒါဇင်တို့ အမေရိကတွင် လေ့လာသင်ယူရန်ဖြစ်၏။ Kincaid ၏  မြန်မာသံအဖွဲ့သည် နယူးယောက်မြို့သို့ ၁၈၅၇ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ရောက်သွားကြ၏။
မင်းတုန်းမင်း၏ ရာဇသ၀ဏ်လွှာကို အမေရိကန်သမ္မတ James Buchanan နှင့် နိုင်ငံခြားရေးဝန်ကြီး Mr.Cass တို့သို့ပေးအပ်လေ၏။ နှစ်နိုင်ငံသဘောတူကုန်သွယ်စာချုပ် ချုပ်ဆိုရေးကို တိုက်တွန်းစာဖြစ်၏။ အမေရိကန်သမ္မတက မင်းတုန်းမင်းအား ဘာလက်ဆောင်ပေးသင့်သနည်းဟု Kincaid ကိုမေးမြန်း၏။ ရေနွေးငွေ့ဖြင့်မောင်းသော သင်္ဘောငယ်လေး တစ်စင်းပေးသင့်ကြောင်း အကြံပြု၏။ ဘုန်းကြီး Kincaid တို့ သံအဖွဲ့ မန္တလေးပြန်ရောက်သောအခါ ၀မ်းမြောက်ဝမ်းသာကြိုဆိုကြ၏။
တစ်နှစ်ခန့်ကြာသောအခါ အမေရိကန်သံအဖွဲ့ မန္တလေးသို့ရောက်လာ၏။ ထိုအကြောင်းကို ကုန်းဘောင်ဆက်ရာဇ၀င် တတိယတွဲ စာမျက်နှာ ၂၆၄ ၌ ဤသို့ တိုတိုကျဉ်းကျဉ်းလေး ရေးထား၏။
‘အနောက်တိုင်းပြည် အမေရိကန်ကျွန်းက ရာဇသံရွှေပေနှင့် သံတို့ရောက်သည်ကို အင်္ဂလိပ်ရာဇသံ ကို ကြိုယူသည့်နည်း၊ ကြိုယူဆက်သွင်းရ၏။ အမေရိကန်ကျွန်းက ရောက်ရင်းရာဇသံအဓိပ္ပာယ်မှာ အမေရိကန်နိုင်ငံနှင့် နိုင်ငံတော်၊ နှစ် တိုင်းနှစ်ပြည်ချစ်ကြည်စွာ ရာဇမဟာမိတ် ဖြစ်လိုကြောင်းနှင့်ပါသည်။’
အမေရိကန် သံတမန်များသည် ၁၈၅၈ ခုနှစ် မတ်လ ၁၄ ရက်တွင် မန္တလေးသို့ရောက်လာကြခြင်းဖြစ် ၏။မင်းတုန်းမင်းသည်အမေရိကန် နိုင်ငံ ၀ါရှင်တန်နှင့် မြန်မာနိုင်ငံ မန္တ လေးတို့ သားစဉ်မြေးဆက် ရင်းနှီး လျက်အဓွန့်ရှည်ကြာ မဟာမိတ်ဖြစ်ရေးကို အလွန်လိုလားလျက်ရှိ၏။ သို့သော် ဆန္ဒရှိသလောက် ခရီးမရောက်ဖြစ်ခဲ့၏။ မြန်မာလူငယ်များ ပို့လွှတ်သင်ကြားရေးလည်း အကောင် အထည်မပေါ်ဘဲရှိ၏။ မိတ်ဆွေဖြစ် ဆက်ဆံရေးသာပေါ်လွင် နေပေ၏။
ဤကဲ့သို့ မြန်မာ အမေရိက သံတမန် ဆက်ဆံမှုသည် ယခု ၂၀၁၂ခုနှစ်တွင်ရှေးနှစ်ပေါင်း ၁၅၄ နှစ် ကြာခဲ့ပြီဖြစ်၏။ အမေရိကန် သမ္မတ James Buchanan နှင့် မြန်မာ မင်းတုန်းမင်းတို့ နှစ်တိုင်း နှစ်ပြည်ရှေးက ရာဇမဟာမိတ်ဖြစ်ခဲ့ကြောင်းကို ဖတ်စရာ၊ သိစရာ၊ မှတ်စရာ၊ တွေးစရာအဖြစ် ဖော်ပြ ရေးသားလိုက်ပါ၏။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:44 AM

အိုဘားမား ပြန်လျင် ဘာကျန်ခဲ့မည်နည်း

thn-18-11-12-1
ဇာတ်သမားပြန်လျင် မှတ်သားစရာ ကျန်ရမည်ဆိုသည့် စကားအတိုင်း၊ အမေရိကန်သမ္မတ ဘားရက်ဟူစိန် အိုဘားမား မြန်မာနိုင်ငံမှပြန်လျင် ဘာကျန်ခဲ့မည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။ နှစ်နိုင်ငံသမိုင်းတွင် ပထမဆုံးဖြစ်သည့် အမေရိကန် သမ္မတ၏ မြန်မာနိုင်ငံအလည်အပတ် ခရီးစဉ်သည် ပစိဖိတ်၊ ဘင်္ဂလားဒေ့ရှ်၊ နယူးဒေလီ၊ ပေကျင်းတို့နှင့် ဆက်စပ်လျက် သတင်းမျက်နှာစာများတွင် သတင်းကြီးနေသည့်နည်းတူ၊ အိုဘားမားခရီးစဉ်အလွန် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်များတွင် မည်သည့် ပြောင်းလဲတိုးတက်မှုများ ဖြစ်ထွန်းလာမည်ကိုစောင့်ကြည့် လေ့လာရဦးမည်ဖြစ်သည်။
သမ္မတဘားရက် ဟူစိန်အိုဘားမား၏ နိုဝင်ဘာလ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံခရီးစဉ်သည် အမေရိကန်ပြည်ထောင်စုအနေဖြင့် အရှေ့တောင်အာရှနှင့် ဘင်္ဂလားပင်လယ်အော်ဒေသကို မဟာဗျူဟာမြောက် ထိုးဖောက်ဝင်ရောက်ရန် ခြေလှမ်းစခြင်းနှင့်အတူ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံတို့နှင့် အကျိုးစီးပွားအဘက်ဘက်တွင် ကတ္တီပါစီးချင်းထိုးရန် အုတ်မြစ်ချလိုက်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။ ထို့ကြောင့် သမ္မတ အိုဘားမား၏ ခရီးစဉ်နောက်ပိုင်း၊ အရှေ့တောင်အာရှဒေသ၏ နိုင်ငံခြားဆက်ဆံရေး ပုံစံပြောင်းလဲလာနိုင်သည့်အပြင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည်လည်း မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများနှင့်ဆက်ဆံရာတွင် မူဝါဒသစ်၊ ဗျူ ဟာသစ်ကို ချမှတ်လာနိုင်သည်ဟု ကောက်ချက်ပြုနိုင်သည်။
အထူးသဖြင့် တရုတ်နိုင်ငံသည် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာဘက်ထွက်ပေါက်နှင့် တောင်အာရှဒေသထွက်ပေါက်တို့ အတွက်လည်းကောင်း၊ အိန္ဒိယနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့နှင့် ချိတ်ဆက်နိုင်ရေးသာမက၊အရှေ့မျော် မူဝါဒလက်တွေ့အောင်မြင်ရေးတို့အတွက်လည်းကောင်း၊ မြန်မာနိုင်ငံသည် ပထ၀ီနိုင်ငံရေးအရသာမက၊ မဟာဗျူဟာတည်ရှိမှုအရပါ အရေးပါနေသဖြင့် တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးမူဝါဒ၊ လမ်းစဉ်၊ ဗျူဟာများကို ဆန်းစစ်သုံးသပ်မွမ်းမံကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတွင် လမ်းဟောင်းမှခွဲထွက်ပြီး၊ လမ်းသစ်ဖောက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးပြီးချင်း၊ ရန်ကုန်အစိုးရဟု သမုတ်ခံနေရသောအချိန်တွင် အိန္ဒိယအစိုးရသည် မြန်မာ့တပ်မတော်အတွက် လက်နက်ခဲယမ်းများ ထောက်ပံ့ကူညီခဲ့သဖြင့် ရန်ကုန်အစိုးရဘ၀မှ ဗမာအစိုးရဘ၀ ပြန်ရောက်ခဲ့သည်မှအစ ပါလီမန်ခေတ် နှစ်နိုင်ငံဆက်ဆံရေးမှာ ကောင်းလွန်းခဲ့သည်။ ၁၉၆၂ အလွန်ကာလမှာလည်း မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံဆက်ဆံရေးသည် မဆိုး၊မကောင်း အနေအထားတွင်ရှိခဲ့သည်ဟု ယေဘုယျ သုံးသပ်နိုင်သည်။

မြန်မာနိုင်ငံသည် ပထ၀ီနိုင်ငံရေးအရသာမက၊ မဟာဗျူဟာ တည်ရှိမှုအရပါ အရေးပါနေသဖြင့်  တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး မူဝါဒ၊ လမ်းစဉ်၊ ဗျူဟာများကို ဆန်းစစ်သုံးသပ်မွမ်းမံကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ဆက်ဆံ ရေးတွင် လမ်းဟောင်းမှ ခွဲထွက်ပြီး၊ လမ်းသစ်ဖောက်ကြရမည် ဖြစ်သည်  . . .
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံဆက်ဆံရေးသည် အကြောက်တရားနှင့် စခဲ့သည်ဟုဆိုရမည်။ လွတ်လပ်ရေးရပြီးစ ကာလတွင် ဗမာဝန်ကြီးချုပ်သည် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ၀င်သိမ်းမည်ကို စိုးရိမ်ခဲ့ပုံရသည်။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တရုတ်ကွန်မြူနစ်ပါတီက ထူထောင်ခဲ့သောအခါ၊ မြန်မာအစိုးရသည် အသိအမှတ်ပြုရန် အလျင်အမြန် အားထုတ်ခဲ့သည်။ ဒီဇင်ဘာလထဲတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ရန် ပြင်ဆင်ခဲ့သော်လည်း၊ ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့မှသာ ၁၆ နိုင်ငံမြောက်နိုင်ငံအဖြစ် သံတမန် ဆက်သွယ်နိုင်ခဲ့သည်။ ဗမာအစိုးရသည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကောင်းမွန်ရန်အလို့ငှာ၊ ၁၉၅၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ အထောက်အပံ့ရယူမှုကို ရပ်ဆိုင်းခဲ့သည်။ တရုတ်-မြန်မာ ဆက်ဆံရေးသည် ၁၉၆၇ ခုနှစ် တရုတ်-ဗမာအရေးအခင်းကာလမှလွဲ၍ မဟာဗျူဟာမြောက်အားလုံး ကောင်းခဲ့သည်ဟု ကောက်ချက်ပြုရမည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု ဆက်ဆံရေးဘက်တွင်၊အစကတည်းက ကောင်းလှသည်မဟုတ်သော်လည်း၊ အကျိုးရှိခဲ့ပုံရသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံသည် ဆိုဗီယက်အုပ်စုဖြစ်ပြီး၊ တရုတ်နိုင်ငံသည်လည်း အမေရိကန်အပါအ၀င် အနောက်အုပ်စုနှင့် မတည့်သောလက်ဝဲ အုပ်စုဝင်ဖြစ်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် စစ်နွေးခေတ် လက်ဝဲလှိုင်းနှင့် ခြံချင်းကပ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံသို့ တပ်မတော်လေ့ကျင့်ရေးအတွက် ဒေါ်လာနှစ်သိန်း ခြောက်သောင်းအပါအ၀င် အမေရိကန် ဒေါ်လာ ၁၄ သန်းကျော် အထောက်အပံ့ ပေးအပ်ခဲ့သည်ကိုကြည့်လျင် နှစ်နိုင်ငံဆက်ဆံရေးမှာ ၁၉၈၈ ခုနှစ် အထိ၊ မအေးမနွေးအဆင့်တွင်ရှိခဲ့ သည်ဟု သုံးသပ်နိုင်သည်။
အမေရိကန်သမ္မတ ဘားရက် အိုဘားမား၏ ခရီးစဉ်မတိုင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌနှင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသမ္မတနိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အတွင်း အိန္ဒိယ၀န်ကြီးချုပ် မာမိုဟန်ဆင်း၊ ဒုတိယသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊နိုင်ငံခြားရေးအတွင်းဝန်၊ အာဏာရကွန်ဂရက်အိုင်ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။ အမေရိကန်နိုင်ငံ၏ အရှေ့တောင် အာရှဒေသတွင် မဟာဗျူဟာမြောက်အခြေချရန် ပြင်ဆင်မှုများကို အိန္ဒိယနိုင်ငံသည် စိုးရိမ်တကြီး စောင့်ကြည့်မည်မှာ အသေအချာဖြစ်သည်။ တစ်ဖက်တွင်လည်း အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံအပေါ် အလွန်အမင်းမှီခိုနေရမှုအပေါ် စိုးရိမ်ကြောင့်ကြနေမည်မှာလည်း သဘာဝကျသည်။
ကွန်ဂရက်အိုင်ပါတီအကြောင်းပြောလျင်၊ နှစ်ရာကျော်တည်တံ့သော ပါတီဖြစ်ပြီး၊ကိုလိုနီခေတ်က မြန်မာပြည်တွင် ပါတီရုံးခွဲဖွင့်လှစ်နိုင်သည်အထိ ကျယ်ပြန့်ခဲ့သောပါတီဖြစ်သည်။ ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီနှင့်တွေ့သောအခါ၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဆိုနီယာထံမှ သင်ယူစရာ၊ လေ့လာစရာများ ရှိလိမ့်မည်ဟု ထင်မြင်ကြသည်။ ၀န်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီ၏ ဇနီးဖြစ်သူဆိုနီယာသည် ကွန်ဂရက်အိုင်ပါတီ ခေါင်းဆောင်အဖြစ် အစိုးရအဖွဲ့ကို ပါတီမှတစ်ဆင့် ကြိုးကိုင်နိုင်သည့် အနေအထားတွင် ရှိနေပြီဖြစ်သည်။ကွန်ဂရက်အိုင်ပါတီ၏ စနစ်တကျ တည်ဆောက်အားကောင်းမှုကြောင့်၊ ဆိုနီယာသည် အစိုးရအဖွဲ့တွင်မပါလင့်ကစား၊အစိုးရအပေါ် သြဇာလွှမ်းမိုးနိုင်သည်ကို တွေ့ရသည်။ ပါတီတည်ဆောက်ရေးအပေါ် အာရုံစိုက်ရန်ပညာရှိသတိဖြစ်ခဲ ဖြစ်နေပုံရသောဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယခရီးစဉ်မှအပြန်တွင် ပါတီတည်ဆောက်ရေး၏ အရေးပါပုံကို သဘောပေါက်နိုင်ကောင်းဖွယ်ရှိသည်ဟု မျော်လင့်ရသည်။
ဆိုနီယာသည် ကွန်ဂရက်အိုင်ပါတီ၏ စနစ်ကျကျယ်ပြန့်သော အင်အားကို ကျောထောက်နောက်ခံပြုကာ ပန်းပန်နေခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးပတ်ဝန်းကျင်တွင် လူထုအကြိုက်၊ အချစ်ဖြစ်သော်လည်း မိမိနိုင်ငံရေးပါတီကို စနစ်ကျအားကောင်းအောင် ယနေ့အထိ တည်ဆောက်နိုင်ခြင်းမရှိ၊ တည်ဆောက်ရန်ပြင်ဆင်နိုင်ခြင်း မရှိသည်ကို တွေ့မြင်ရသည်မှာ ရင်လေးဖွယ်ဖြစ်သည်။ အန်အယ်လ်ဒီပါတီကို စနစ်တကျတည်ဆောက်နိုင်မှု အားနည်းလျင်နည်းသည့်အလျောက် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေးမှာလည်း အားနည်းလာဖွယ်ရှိနေသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ဆိုနီယာဂန္ဒီနှင့်ယှဉ်ထိုး၍ မိမိကိုယ်ကို ဝေဖန်ရေးလုပ်သင့်သည်ဟု ထင်မြင် မိသည်။
အမေရိကန်သမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး မလာရောက်မီရက်ပိုင်းအလို၊ နိုဝင်ဘာလ ၁၂ရက်မှ ၁၉ရက်အထိ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ သွားရောက်ခဲ့သည်မှာလည်း ထူးခြားသည်ဟု ဆိုနိုင်သည်။ ဗိုလ်ချုပ်ကြီးစိုးဝင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၁ အရ ဖွဲ့စည်းသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံအစိုးရအဖွဲ့ကိုယ်စား အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေး အခြေအနေ၊ သမ္မတဘားရက် အိုဘားမား၏ လာမည့်ချစ်ကြည်ရေးခရီးစဉ်တို့နှင့်ပတ်သက်ပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ကွန်မြူနစ်ပါတီခေါင်းဆောင်များကို ဆွေးနွေးရှင်းပြနိုင်ရန် စေလွှတ်သော ကိုယ်စားလှယ်သဘောလည်း သက်ရောက်နိုင်သည်ဟု လေ့လာသူအချို့က သုံးသပ်ကြသည်။
အိုဘားမား အရှေ့တောင်အာရှဒေသသို့ မရောက်မီ၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ ပထမအကြိမ်ပါတီညီလာခံ၌ ဇီဂျင်ပင်းသည် တရုတ်ကွန် မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ဇီဂျင်ပင်းခေါင်းဆောင်သော တရုတ်မျိုးဆက်သစ်ခေါင်းဆောင်များသည် ၂၀၂၂ ခုနှစ်အထိ တရုတ်နိုင်ငံကို ပဲ့ကိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေးအရ ကာလရှည်ကြာ ဆွေမျိုးပေါက်ဖော်ဖြစ်သော မြန်မာနိုင်ငံသို့လာရောက်မည့် အမေရိကန်သမ္မတ၏ ခရီးစဉ်ကို အထူးအလေးထား စောင့်ကြည့်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ရေနံပိုက်လိုင်း၊ ဓာတ်ငွေ့ပိုက်လိုင်း၊ ရထားလမ်း၊ ကားလမ်းတို့နှင့်အတူ ဖွံ့ဖြိုးရေးဇုန်များ ထူထောင်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေသည့်အပြင် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာသို့ အနောက်ဘက်ထွက်ပေါက်တစ်ခုဖြစ်လာမည့် တရုတ်နိုင်ငံ၏ ကျောက်ဖြူစီမံကိန်းနှင့် အမေရိကန်၏ အကျိုးစီးပွားတို့သည် ထိပ်တိုက်တွေ့လာနိုင်ဖွယ်ရှိနေသည်ဟု အကဲခတ်များက ထောက်ပြကြသည်။
ရန်ကုန်မြို့တွင် သမ္မတဘားရက် ဟူစိန်အိုဘားမားသည် သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုထက် ပိုမိုစိတ်လှုပ်ရှားဖွယ်ဖြစ်လာနိုင်သည်ဟု သုံးသပ်မိသည်။
အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ သမ္မတ အိုဘားမားသည် တပ်မတော်စစ်ဦးစီးချုပ် ဖြစ်သဖြင့်လည်းကောင်း၊ လာမည့် အနာဂတ်နှစ်နိုင်ငံဆက်ဆံရေးတွင် တပ်မတော်ချင်းဆက်ဆံရေးအပိုင်း၌ အရေးပါလာနိုင်သဖြင့်လည်းကောင်း၊ သမ္မတအိုဘားမားနှင့်တွေ့ဆုံစဉ်၊ သမ္မတ ဦးသိန်းစိန်နှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ပါဝင်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်မှုများရှိနေသည်။ လာမည့်နိုင်ငံရေးအခင်းအကျင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ၌ တပ်မတော်သည် အဆုံးအဖြတ်နေရာတွင်ရှိပြီး၊ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုများကို ငြိမ်းချမ်းစွာဖော်ဆောင်ရာတွင် တပ်မတော်၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည်။ ထို့ကြောင့် အိုဘားမားနှင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံရေးကို မဟာဗျူဟာမြောက်လိုအပ်ချက်ဟု သုံးသပ်နိုင်သည်။ အိုဘားမားပြန်ပြီးနောက်၊ မြန်မာ့ဒီမိုကရေစီရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပိုင်းတွင် တပ်မတော်က မည်သို့ပါဝင်လာမည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် အရေးကြီးသောအချိုးအကွေ့ဖြစ်သည့်အလျောက် သမ္မတအိုဘားမားသည် ရွေးကောက်ပွဲလွတ်လပ်၍ တရားမျှတရေးအတွက် တိုက်တွန်းဦးမည်မှာ မုချဖြစ်သည်။ လာမည့်ရွေးကောက်ပွဲတွင် ကမ္ဘာ့ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၊ အမေရိကန်ပြည်ထောင်စုအပါအ၀င် အနောက်အုပ်စုနိုင်ငံများမှ စောင့်ကြည့်လေ့လာသူများကို ၀င်ရောက်ခွင့်ပြုမည်ဆိုလျင် အလွန်ကောင်းမွန်မည်ဟု သုံးသပ်နိုင်သည်။နိုင်ငံတကာစောင့်ကြည့်လေ့လာမှုကို ခွင့်ပြုခြင်းဖြင့်ရွေးကောက်ပွဲ၏ တန်ဖိုးကိုမြင့်မားစေနိုင်သည်ကိုလည်း ထောက်ပြရမည်ဖြစ်သည်။
ရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားပါတီခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များပါဝင်သည့် ပွင့်လင်း၊စနစ်ကျသောနိုင်ငံရေး စားပွဲဝိုင်းဆွေးနွေးပွဲများကို ပုံဖော်နိုင်ရေးသည်လည်း အရေးကြီးသည်ဟုသုံးသပ်မိပါသည်။ အဆိုပါဆွေးနွေးပွဲများသည် နိုင်ငံရေးအာဏာခွဲဝေရေး ဆွေးနွေးပွဲများဖြစ်လာနိုင်သည့်အပြင်၊ ပြည်ထောင်စုစစ်စစ်မူအပေါ် အခြေခံသည့် နိုင်ငံရေးလမ်းပြမြေပုံသစ်တစ်ခုကို ပြုစုရေးဆွဲနိုင်သည့်အခြေအနေအထိ ခရီးပေါက်နိုင်ရန် လိုအပ်သည်ဟု အကဲခတ်များက သုံးသပ်ကြသည်။ နိုင်ငံရေးစားပွဲဝိုင်းဆွေးနွေးပွဲများသည် လွှတ်တော်ပြင်ပအသွင်ဖြစ်ရန်လိုအပ်သည်ဟုလည်း အကဲခတ်များက ထောက်ပြကြသည်။အမေရိကန်သမ္မတ အိုဘားမားသည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ လွတ်လပ်တရားမျှတရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်ထောင်စုစစ်စစ် ဖော်ဆောင်ရေးတို့နှင့် ဆက်စပ်နေသည့် အများပါဝင်နိုင်သော မြန်မာ့နိုင်ငံရေး လမ်းပြမြေပုံသစ်တစ်ခု ပုံဖော်နိုင်ရန် တိုက်တွန်းဆော်သြသင့်သည်ဟု အကြံပြုကြသည်။ သမ္မတအိုဘားမားပြန်လျင်၊ မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်၌ လက်တွေ့ကျသော နိုင်ငံရေးစားပွဲဝိုင်းဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်ခြေမည်မျှ မြင့်မားလာမည်ကို လေ့လာစောင့်ကြည့်ရဦးမည်ဖြစ်သည်။
သမ္မတအိုဘားမားအနေဖြင့် စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ပုဂ္ဂလိက သတင်းစာများကိစ္စကိုလည်း လျစ်လျူရှု၍ မဖြစ်နိုင်ချေ။ မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်သည် အတိုင်းအတာတစ်ခုအထိ ရရှိနေပြီဖြစ်သော်လည်း ပုဂ္ဂလိကသတင်းစာ တစ်စောင်မှ ထုတ်ဝေခွင့်မပြုနိုင်ခြင်းမှာ နိုင်ငံတကာတွင် မျက်နှာပျက်ဖွယ်ကိစ္စဖြစ်သည်။ ပုဂ္ဂလိကသတင်းစာ ရှိခြင်း၊ မရှိခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ကို တိုင်းတာရာတွင် အလွန်ပဓာနကျသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ပုဂ္ဂလိကသတင်းစာမရှိသည့် တစ်ခုတည်းသောနိုင်ငံဖြစ်နေသည်ကို မျက်ကွယ်ပြုနေ၍ မသင့်တော်ဟု သုံးသပ်မိသည်။ အိုဘားမား၏ ခရီးစဉ်နောက်ပိုင်းတွင် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်အနှေးနှင့် အမြန်ရရှိပြီး၊ မြန်မာ့စာနယ်ဇင်းလောကသည် နိုင်ငံတကာတန်းဝင်လာမည်ဆိုလျင် အတိုင်းထက်အလွန်ဖြစ်သည်။
ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ် တွင် တည်ငြိမ်အေးချမ်းမှုများ အလျင်အမြန် ဖြစ်ပေါ်လာရေးအတွက်ကိုလည်း သမ္မတအိုဘားမားအနေဖြင့် မြန်မာအစိုးရကိုမဖြစ်မနေ တိုက်တွန်းဦးမည်ဖြစ်သည်။ အဆိုပါဖြစ်စဉ်နှစ်ခုသည် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးကို ဘေးကျပ်နံကျပ် ဖြစ်စေခဲ့သည့်အပြင် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ်တွင်လည်း နိုင်ငံတကာက အမြင်မှောက်မှားနိုင်သဖြင့် သတိကြီးကြီးထား ကိုင်တွယ်ရမည်ဖြစ်သည်။ အိုဘားမားခရီးစဉ်နောက်ပိုင်း ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အရေးကိစ္စများတွင် ပိုမိုသွက်သွက်လက်လက်လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီး၊ ရေရှည်ငြိမ်းချမ်းရေး ဦးတည်သော လက်တွေ့ကျသည့်လမ်းပေါ် ရောက်ရှိလာနိုင်မည်ဆိုပါက အားရကျေနပ်ဖွယ်ဖြစ်သည်။
အမေရိကန်သမ္မတဘားရက်အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်သည် စင်းလုံးချောဟုမဆိုနိုင်ပါ။ပြည်တွင်း ပြည်ပလေ့လာသူအချို့နှင့် အကဲခတ်အချို့အမြင်အရ၊ အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ အပြောင်းအလဲသည် ဒရောသောပါးနိုင်ပြီး၊ ပြောင်းလဲတိုးတက်မှုများနှင့် နှိုင်းယှဉ်လျင်အမေရိကန်ဘက်မှအလျော့ပေး လိုက်လျောမှုသည် များလွန်းအားကြီးသည်ဟု ဆိုကြသည်။ အချို့ကလည်းအိုဘားမားသည် မြန်မာနိုင်ငံသို့ အလည်သွားရန် စောလွန်းသည်ဟု ဝေဖန်ကြသည်။ အိုဘားမား၏ ခရီးစဉ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးပတ်ဝန်းကျင်တွင် သိသာမြင်သာသော ဖြစ်ပေါ်တိုးတက်မှုများ ဖြစ်ပေါ်လာရေးသည် အလွန်အရေးကြီးသည်။
အိုဘားမားသည် မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်လမ်းခုလတ်ကာလမျိုးတွင် အလည်အပတ်လာရောက်ခြင်း ဖြစ်သဖြင့်  စွန့်စားရင်ဖိုရသော ခရီးဟုဆိုနိုင်မည် ဖြစ်သည်။ မြန်မာပြည်သူလူထုသည် သမ္မတအိုဘားမားအပါအ၀င် အမေရိကန်သမ္မတ အဆက်ဆက်နှင့် အမေရိကန်နိုင်ငံကို မျော်လင့်ချက်ကြီးကြီးမားမားထားခဲ့ကြသည်မှာ လွန်ခဲ့သော  နှစ်နှစ်ဆယ်ကျော်ကတည်းကဖြစ်သည်။ ယခုကာလတွင်လည်း မှန်းချက်နှင့်နှမ်းထွက်ကိုက်ပါ့မလားဟု စိုးရိမ်မှုများလည်း ရှိနေနိုင်သည်။လက်တွေ့ကျ ကျ ဆန်းစစ်လျင်၊ မှန်းချက်နှင့်နှမ်းထွက်ကိုက်ရန် အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ချဉ်းကပ်ဆောင်ရွက်မှု၊သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်သော ပြည်တွင်းအင်အားစုများ၏ လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်နိုင်မှု၊ ပြည်သူလူထု၏ထောက်ခံမှု စသည့်အချက်များကလည်း အရေးကြီးပါသည်။
အမေရိကန် သမ္မတဘားရက် အိုဘားမား၏ ခရီးစဉ်နောက်ပိုင်းတွင် ဆင်းရဲမွဲတေသော မြန်မာပြည်သူလူထုအများစု၏ အကျိုးကို အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုနိုင်မည်ဆိုလျင် အလွန်ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ မြန်မာပြည်သူလူထုအများစုအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အချိန်တိုအတွင်း ဆောင်ရွက်ပေးနိုင်မည်ဆိုလျင်၊ပညာရေးအပိုင်းတွင်လည်း၊ အဆင့်အတန်းရှိသော အခြေခံပညာရေးကို အခမဲ့ပေးနိုင်သည့်အပြင်၊ကျောင်းသားအရွယ်များ ကျောင်းနေနိုင်အောင် လိုအပ်သည့် ပံ့ပိုးမှုများပြုလုပ်ပေးနိုင်မည်ဆိုလျင် သမ္မတအိုဘားမားနှင့် အတူအမေရိကန်ပြည်သူတို့သည် အောက်ခြေမြန်မာပြည်သူလူထုကြီး၏ နှလုံးသားထဲကို စွဲမြဲဝင်ရောက်သွားပြီဟု ကောက်ချက်ပြုနိုင်မည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော်၊ နိုဝင်ဘာလ ၁၉ ရက်၊ ညနေခင်းတွင် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်ဟူစိန်အိုဘားမားသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာသွားပြီးနောက်၊ ရက်ပိုင်း၊လပိုင်းများအတွင်း ပြောင်းလဲတိုးတက်ဖြစ်ပေါ်လာမည့်အခြေအနေများကို အားလုံးကစောင့်ကြည့်နေကြမည်မှာ အသေ အချာဖြစ်သည်။နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွတ်ငြိမ်းခွင့်ပေး၍ ပြန်လွှတ်ပေးခြင်းသည် အစောဆုံး မြင်ရနိုင်ဖွယ်ရှိသည့်တိုးတက်မှု ဖြစ်သည်ဟု အကဲခတ်များကသုံးသပ်ကြသည်။ နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ပြုလာနိုင်ခြင်းသည် ဒုတိယမြောက် သိသာမြင်သာသော ခြေလှမ်းဖြစ်လာနိုင်ဖွယ်ရှိနေသည်။ နိုင်ငံရေးအရလည်း လွတ်လပ်ပွင့်လင်းသော နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲများမှသည် မြန်မာ့နိုင်ငံရေး လမ်းပြမြေပုံသစ်တစ်ရပ် ပေါ်ထွက် ရေးအတွက် ကနဦးခြေလှမ်းများကို မြင်တွေ့လာရမည်ဆိုလျင် ပိုမိုအားရဖွယ် ဖြစ်လာမည်ဖြစ်သည်။ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း ပိုမိုလက်တွေ့ကျသော ရေရှည်ဖြေရှင်းမှုများဆီဦးတည်သော တိုးတက်မှုများကို မြင်တွေ့လာရမည်ဆိုပါက အိုဘားမား၏ခရီးစဉ်သည် အလုပ်ဖြစ်နေသည်ဟု ယေဘုယျ သုံးသပ်ရမည်ဖြစ်သည်။ အိုဘားမား၏ ခရီးစဉ်နောက်ပိုင်း ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများသည် လေးလံထိုင်းမှိုင်းနေပြီး၊ အမေရိကန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ရည်ရွှန်းသော စီးပွားရေးလုပ်ငန်းများသည် အလွန်အမင်း သွက်လက်အောင်မြင်နေလျင် တစ်ခုခုမှားနေပြီဟု ကောက်ချက်ပြုရမည် ဖြစ်သည်။ သမ္မတအိုဘားမား၏ ခရီးစဉ်သည် အလုပ်သဘောခရီးစဉ် ဖြစ်သည့်အားလျော်စွာ ခရီးစဉ်ကို အကြောင်းပြုလျက် မည်မျှအလုပ်ဖြစ်ခဲ့သည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ ကျွန်တော်တို့အားလုံးသည် အိုဘားမားပြန်လျင် ဘာကျန်ခဲ့မည်ကိုလည်းကောင်း၊ အမေရိကန်သွားလျှင် လမ်းမည်မျှဖြစ်မည်ကိုလည်းကောင်း ဆက်လက်စောင့်ကြည့် လေ့လာရဦးမည်ဖြစ်ပါသည်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:42 AM

မြင်ရင်တော့ ကောက်ဖို့သင့်တယ်


-နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာ လူအများ စိတ်ဝင်တ စားရှိကြတာက မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲ အခြေအနေတွေ ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကလည်း ကုလသမဂ္ဂ ညီလာခံ မိန့် ခွန်းမှာ နိုင်ငံတော် အပြောင်းအလဲ အခြေအနေတွေကို ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
ဟုတ်ပါတယ်။ နိုင်ငံတော်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ နယ်ပယ်စုံမှာ သာမက တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနဲ့ အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ပေါ်ရေး စတာတွေဟာ တဖြည်းဖြည်းချင်း စတင် ပြောင်း လဲ နေတာကို တွေ့ရမှာဖြစ်ပေမယ့် အဲဒီလို အပြောင်းအလဲတွေမှာ ပီပီ ပြင်ပြင် ရုပ်လုံးပေါ်လာတာလည်း ရှိပါတယ်။ အချက်အလက်စုဆောင်း နေဆဲ အခြေအနေမျိုး ကိုလည်း တွေ့ရပါတယ်။ ကော်မရှင်တွေ၊ ကော်မတီတွေ ဖွဲ့စည်းဆောင်ရွက် နေတာတွေကို တွေ့ရှိရပြီး လိုအပ်ချက် ရှိသေးသော်လည်း ဥပဒေ ပြဋ္ဌာန်းနိုင်ခဲ့တာကို   တွေ့ရှိရပါတယ်။ လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းနေတာတွေ ရှိသလို မလိုအပ်တော့တဲ့ ဥပဒေဟောင်းတွေကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေတာတွေလည်း ရှိပါ တယ်။ အဲဒီလိုပြုပြင် ပြောင်းလဲမှုတွေ ဘယ်လိုအခြေ အနေမှာပဲ ရှိရှိ နိုင်ငံတော် သမ္မတ ကြီး ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦး မကြာခဏ ထောက်ပြပြောဆို ခဲ့ကြတဲ့အတိုင်း စိတ်ရင်း စေတနာအခြေခံစိတ်ဓာတ် ကောင်းကောင်းထားပြီး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ကြိုးစားလုပ်   ဆောင်ကြမယ်ဆိုရင်တော့ အပြောင်းအလဲတွေဟာ မုချအောင် မြင်လာမှာ မလွဲပါဘူး။
ဒါကြောင့် ပြည်သူတွေရဲ့ နိစ္စဓူဝ လိုအပ်ချက်တွေ ဖြစ်တဲ့ ရေ၊ မီး မှန်မှန်ရရှိဖို့၊ သွားရေးလာရေး အဆင်ပြေဖို့ကအစ အထက်မှာ ဖော်ပြခဲ့တဲ့ နယ်ပယ်စုံက အပြောင်း အလဲ အားလုံးကောင်းမွန်တဲ့ အခြေအနေ ကို ရောက်ရှိလာစေဖို့ အတွက် လှိုက်လှိုက်လှဲလှဲ ပါဝင် လှုပ်ရှား လာကြတဲ့ ပြည်သူတစ်ရပ်လုံးရော၊ ဝန်ထမ်း အသီးသီးရော၊ တပ်မတော် သားတွေရော၊ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေရော၊ နိုင်ငံရေး သမားတွေရော  အားလုံး အားလုံး က  ပွင့်လင်းရိုးသားကြပြီး အခြေခံ စိတ်ဓာတ်ကောင်းမွန် ကြဖို့ အမှန် တကယ်ပဲ လိုအပ်လှပါတယ်။ အခြေခံစိတ်ဓာတ် ကောင်းမွန် ဖို့ လိုအပ်လှပုံကို ဝေးဝေးလံလံရှာ ကြည့်ပြီး ကြီးကြီးကျယ်ကျယ် ပြောနေစရာ မလိုပါဘူး။ ကိုယ့် ပတ်ဝန်းကျင်မှာ နေ့စဉ်ကြုံတွေ့နေ ရတဲ့ အမှိုက်ပြဿနာကိုပဲ ပထမဆုံး ပြောကြည့်ကြရအောင်ပါ။ အမှိုက်ပြဿနာနဲ့ ပတ်သက် ပြီး ကိုယ့်အိမ်၊ ကိုယ့်အခန်း ကစပြီး   ပြောချင်ပါတယ်။ ကိုယ့်အခန်းက ကန်ထရိုက်တိုက် တစ်တိုက်ရဲ့ ပထမထပ်မှာပါ။ တိုက်က ခြောက်လွှာဆိုတော့ တစ်ဆယ့် နှစ်ခန်းရှိ ပါတယ်။ အဆောက်အအုံ ပြီးစီးလို့  နေထိုင်ခွင့်ရချိန်မှာ စတင်နေထိုင် ခဲ့ကြသူတွေကတော့ အိမ်ရှင်မိသားစု သုံးခန်းနဲ့ အခန်းပိုင် ဝယ်ယူနေ ထိုင်သူ လေးခန်း၊ ပေါင်း ခုနစ်ခန်း ပါ။ ကျန်တဲ့ အခန်းငါးခန်း ကတော့ ခြောက်လသက်တမ်း သို့မဟုတ် တစ်နှစ်သက်တမ်းနဲ့ ငှားရမ်းနေထိုင် ကြသူတွေ ဖြစ်ပါတယ်။
ကျွန်တော်တို့လမ်းထဲကို စည်ပင်သာယာ အမှိုက်သိမ်းကားက တစ်ပတ်လေးရက် လာပါတယ်။ လမ်းထိပ်မှာလည်း မီးဖိုချောင်က ထွက်တဲ့ အမှိုက်တွေ စွန့်ပစ်ဖို့ အမှိုက်ပုံးတစ်ပုံး ထားပေးပါတယ်။ စည်ပင်သာယာ အမျိုးသမီးဝန်ထမ်း တစ်ဦးကလည်း လက်တွန်းလှည်းနဲ့ နေ့စဉ်နီးပါး လှည့်လည်အမှိုက် သိမ်းပါတယ်။ ဒါပေမဲ့ ပိုက်ဆံ အနည်းငယ်တော့ ပေးရပါတယ်။ ပုဂ္ဂလိက လူရွယ်နှစ်ဦးက တစ်အိမ်တက် တစ်အိမ်ဆင်း အခကြေးငွေယူပြီး အမှိုက်သိမ်းဆည်းပေးတာ လည်းရှိပါတယ်။ စည်ပင်သာယာ အမှိုက်ကားမလာ ရင်သော်လည်းကောင်း၊ ကားလာပေမယ့် မမီလိုက်ရင်သော် လည်းကောင်း အမှိုက်ပုံးနဲ့ အမှိုက်လှည်းတွေမှာ အမှိုက်စွန့် ပစ်လို့ရပါတယ်။ စည်ပင် သာယာ အမှိုက်ကားကတော့ မထသဘတ်စ် ကားတွေလိုပါပဲ၊ သတ်သတ် မှတ်မှတ်မထားဘဲ ရပ်ချင်တဲ့ နေရာမှာ ရပ်ပြီး ပြိုင်ကားမောင်းသလို အမြန် မောင်းတာဆိုတော့ ကျွန်တော်နေတဲ့ တိုက်ရဲ့ အခန်းတွေက အမှိုက်ကားမှာ အမှိုက်ပစ်တာ တစ်ကြိမ်မျှ မတွေ့ရဖူးပါ။ တစ်ခါတစ်ရံမှာ အမှိုက်ကားနောက်ကို အမီလိုက်ပြီး အမှိုက်သွန်ကြတဲ့ ပတ်ဝန်းကျင်က လူရွယ်တစ်ဦး နှစ်ဦးကိုတော့ တွေ့ မြင်ဖူးပါတယ်။ ကျွန်တော်နဲ့ အခြား အခန်း နှစ်ခန်း၊ သုံးခန်းလောက် ကတော့ အမှိုက်လှည်းထဲမှာပဲ အမှိုက်ပစ်ရင် ပစ်တယ်။ လမ်းထိပ်က အမှိုက်ပုံးထဲကို သွားပစ်ရင် ပစ်ကြပါတယ်။ အမှိုက်လှည်းကို အမှိုက်ပစ် ရတာကလည်း စိတ်ညစ်စရာပါပဲ။ စည်ပင်သာယာဝန်ထမ်း အမျိုးသမီးဟာ ပိုက်ဆံရရှိရေးကိုပဲ စိတ်ဝင်စားပြီး သူ့အမှိုက်လှည်း ပေါ်က ဖိတ်စင်ကျတဲ့ အမှိုက်တွေ ကိုတောင် ပြန်မကောက်ဘူးဆို တော့ တစ်လမ်းလုံး အမှိုက်တွေ ပြန့်ကျဲနေပါတယ်။
ကျွန်တော်တို့ တိုက်က ကျွန်တော်အပါအဝင် အခြားနှစ်ဦးသုံးဦးသာ အမှိုက်ပစ်ပြီး အခြားအခန်းတွေ အမှိုက်ပစ်တာ တစ်ကြိမ်တစ် ခါမျှ မတွေ့ဖူးပါ။ ဒါပေမဲ့ ညဘက်   ရောက်ပြီဆိုရင်တော့ နောက်ဖေး လမ်းကြားထဲမှာ တအုန်းအုန်းမြည် နေတဲ့ အမှိုက်ပစ်ချသံနဲ့ ”အောက် မှာ လူရှိတယ်ဟေ့ …” ဆိုတဲ့ မကြားဝံ့မနာသာ ဆဲဆို အော်ဟစ် သံတွေ ကြားရတာက နေ့စဉ်လိုလို ဖြစ်ပါတယ်။ ယခင် ကန်ထရိုက် တိုက်တွေကို တစ်တိုက်နဲ့ တစ်တိုက် ကပ်လျက်ဆောက်ခဲ့ရာမှ လွန်ခဲ့တဲ့ တစ်နှစ်ကျော် နှစ်နှစ်   လောက်  က စပြီး တိုက်နှစ်ခုကြားမှာ နေရာလပ် ချန်ပြီး ဆောက်ရတော့ အခြေခံ စိတ်ဓာတ်မကောင်းကြတဲ့ အပေါ် ထပ်နေသူတွေအတွက် မီးဖိုချောင်ထွက် အမှိုက်တွေ ကို နောက်ဖေး လမ်းကြားမှာ ပစ်လိုက်၊ တစ်သျှူး၊ ဆေးလိပ်တိုနှင့် ပလတ်စတစ်အိတ် တွေကိုတော့ တိုက်နှစ်လုံးကြားထဲ ပစ်ချလိုက်နဲ့ ဟန်ကျနေကြပါတယ်။ အောက် ဆုံးထပ်မှာ နေတဲ့လူတွေ ကတော့ နောက်ဖေးလမ်းကြားက အမှိုက်ပြဿနာကို မဖြေရှင်းနိုင်တဲ့ အပြင် တိုက်နှစ်လုံး အကြားက အမှိုက်သိမ်းရတဲ့ အလုပ်တိုးလာပြီး စိတ်သောက ပိုလာခဲ့တာကိုပဲ တွေ့ ရပါတယ်။
စည်ပင်သာယာ အနေနဲ့ နောက်ဖေးလမ်းကြားက အမှိုက်ကို လုံးဝသိမ်းမပေးပါဘူးတဲ့။ ကျောချင်းကပ် တိုက်တွေက အလုပ်သမား ငှားပြီး  အမှိုက်တွေကို လမ်းမပေါ် ရာက်အောင် ပို့ပေးရင်တော့ သူတို့ သိမ်းပေးမယ်လို့ ဆိုပါတယ်။ စည်ပင်သာယာက ပြဋ္ဌာန်းထားတဲ့ နည်းဥပဒေ ၅/ခ အရ နောက်ဖေး လမ်းကြား၊ အများပြည်သူနှင့် ဆိုင် တဲ့ လမ်း၊ရေမြောင်းတွေမှာ အမှိုက်ပစ်ရင် ပုဒ်မ ၂၈ နဲ့ အရေးယူနိုင် တယ်လို့ဆိုပါတယ်။  တားမြစ်တဲ့ နေရာမှာ အမှိုက်ပစ်ရင် ဒဏ်ငွေ ၁ဝဝဝဝ (ကျပ်တစ်သောင်း) တပ် ရိုက်နိုင်ပေမယ့် စောင့်ကြည့်နိုင်တဲ့ အင်အားမရှိဘူးလို့ပြောပြီး အမှိုက် ခွန်ကိုတော့ မှန်မှန် ကောက်တယ် ထင်ပါတယ်။ သာကေတ ၇ ရပ် ကွက်က အမက အမှတ် (၃၅)   ကျောင်းအုတ်နံရံဘေးမှာ စည်ပင် သာယာရဲ့ တရားဝင် အမှိုက်စွန့် ပစ်တဲ့ နေရာမဟုတ်သော်လည်း တစ်ရပ်ကွက်လုံးက အမှိုက်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေက အမှိုက်   တွေ စုပုံထားတဲ့ ကွင်းပြင်ကြီးဟာ ၇ နှစ်ကြာပြီဖြစ်ကြောင်းနဲ့ ကျောင်းသားလူငယ်တွေရဲ့ ကျန်းမာရေး အတွက် စိုးရိမ်ဖွယ် အခြေအနေရှိ နေတယ်လို့ ၂၅-၁ဝ-၂ဝ၁၂ ရက် နေ့ ပေါ်ပြူလာ နယူးစ်ဂျာနယ် ၄/၄၂မှာ သတင်းဓာတ်ပုံနဲ့ တကွဖော်ပြထားတာကို တွေ့ရှိရပါတယ်။ နောက်ဖေးလမ်းကြားထဲက အမှိုက်ကို လမ်းမပေါ်ရာက်အောင်  ပို့ ပေးရင် သိမ်းဆည်းပေးပါမယ်ဆို တဲ့ စည်ပင်သာယာဟာ သာကေတ စာသင်ကျောင်းဘေးက လူမြင်ကွင်းမှာ ခုနစ်နှစ်ကျော်စုပုံနေတဲ့  အမှိုက်တွေ သိမ်းဆည်းပေးဖို့ စာနဲ့တင်ပြခဲ့ တာကိုတောင် ရှင်းလင်းသိမ်းဆည်း မပေးတာကတော့ စဉ်းစားချင်စရာပါပဲ။
ဒီတော့ စင်ကာပူမှာလို အမှိုက်ပစ်သူတွေကို ဓာတ်ပုံကင်မရာ နဲ့ မှတ်တမ်းတင်ပြီးလည်း မဖမ်း ဆီးနိုင်၊ စောင့်ကြည့်ပြီး ဖမ်းဖို့လည်း လူမရှိဘူးဆိုပြီး လက်လျှော့တာမျိုး ကတော့ မဖြစ်စေချင်ပါဘူး။ လူ တစ်ဦးချင်းစီရဲ့ အခြေခံ စိတ်ဓာတ် လေးတွေကောင်း မွန်လာအောင် ပြုပြင်နိုင်ရင်တော့ အဆင်ပြေမယ် ထင်ပါတယ်။ နောက်ဖေးလမ်း ကြားထဲကို အမှိုက်ပစ်ကြတဲ့ လူ တွေရဲ့ အခြေခံ စိတ်ဓာတ်က ညံ့ ဖျင်းကြသလို ဘတ်စ်ကားပေါ်က ခရီးသည် အချို့ဆိုရင်လည်း သူတို့ သုံးတဲ့ တစ်သျှူးစက္ကူကို ကားပေါ် မှာပဲ ပစ်ချကြပါတယ်။ ကားပြတင်း ပေါက်ကနေပြီး လမ်းပေါ်ကို ပစ်ချ ကြတာလည်းရှိပါတယ်။ ခြေကျင် လျှောက်ကြတဲ့ ခရီးသည်တွေကလည်း သူတို့ရဲ့ တစ်သျှူး စက္ကူ   တွေ၊ ငှက်ပျောသီးခွံ၊ ရေသန့်ဘူးခွံတွေကို အမှိုက်ပုံးရှိတဲ့နေရာအထိ သည်းညည်းခံပြီး ယူမသွားကြဘဲ အလွယ် တကူတွေ့တဲ့နေရာမှာ ပစ်တတ်ကြပါတယ်။ ကွမ်းတံ   တွေးကို တွေ့တဲ့ နေရာမှာ ထွေးတတ်ကြပြီး ဆေးပေါ့လိပ်တိုနဲ့ စီးကရက်တိုတွေ ကတော့ အဆိုးရွားဆုံးပါပဲ။
အထက်တန်းစား ကိုယ်ပိုင် ကားစီးကြသူတွေရဲ့ အခြေခံစိတ် ဓာတ်ညံ့ဖျင်းမှုကလည်း ထူးမခြားနားပါပဲ။ စီးလာတဲ့ ကားတွေနဲ့တောင် မလိုက်ဖက်ပါဘူး။ ပါဂျရို၊ ပရာဒို၊ ဆာ့ဖ်၊ ရွှေငါးစတဲ့ ကားကောင်းတွေမှာ စီးလာတဲ့ မိန်းကလေး၊ ယောက်ျားလေး အားလုံး သန့်သန့်ပြန့်ပြန့် ချောချောလှလှ လေးတွေဖြစ်ကြပေမယ့် သူတို့စားသောက်ပြီးတဲ့ အချိုရည်ဘူးခွံတွေ၊ မုန့်ထုပ်အခွံတွေ၊ တစ်သျှူးစက္ကူ တွေကို စည်းမဲ့ကမ်းမဲ့ လမ်းပေါ် ပစ်ချတာကိုလည်း တွေ့မြင်ရပါတယ်။ အချို့သော ခရီးသွားပုဂ္ဂိုလ် တွေကတော့ အမှိုက်ပုံးကို တွေ့မြင်ပြီး အလှမ်းကွာဝေး လှတာလည်း မဟုတ်ဘဲနဲ့ ခြေလှမ်းဆယ့် လေးငါးလှမ်းလောက် ဆက်လျှောက်ပြီး အမှိုက်ပုံးထဲ ပစ်ရင်ရတဲ့ အခြေအနေမှာ အနီးက မြောင်း ထဲကိုပဲ ပစ်ချတာ တွေ့မြင်ရပါတယ်။ အဲဒီလို လူမျိုးတွေကတော့ ဘေးပတ်ဝန်းကျင်ကို ဂရုပြုဟန် လုံးဝမရှိပါဘူး။ အချို့သော ပုဂ္ဂိုလ် တွေက အမှိုက်ပစ် ခါနီးမှာ ဘေးဝဲ ယာကို မလုံမလဲ ကြည့်တတ်ကြ သေးပေမယ့် အမှိုက်ပစ် တာကတော့ စည်းမဲ့ကမ်းမဲ့ပါပဲ။  ယခင်ကတော့ ကျွန်တော်တို့ လူငယ်လူရွယ်တွေဟာ အခြေခံ စိတ်ဓာတ်ကောင်းမွန်ပြီး ယဉ်ကျေး သိမ်မွေ့ကြပါတယ်။ လူမှုရေးစိတ် ဓာတ်အပြည့်အဝရှိကြပြီး တစ်ပါးသူကို ကူညီတတ်ကြလို့ ချင်ခင်နှစ်လိုဖွယ် ကောင်းလှပါတယ်။ ဒါပေမဲ့ ဒီလိုအစဉ်အလာ ကောင်းလေးတွေဟာ   ဖြတ်သန်းကျော်လွှားခဲ့ရတဲ့  ခတ်ရေစီးရဲ့ အောက်မှာ ပျောက်ဆုံးခဲ့ကြရပါတယ်။ ကျွန်တော်တို့ မြန်မာလူငယ်၊ လူရွယ်တွေဟာ ထက်ထက်မြက် မြက်ရှိကြပြီး အတတ်လည်း မြန်ကြပါတယ်။ အတုခိုးတာလည်း ကျွမ်းကျင်မြန်ဆန်ပါတယ်။ ဝတ်စား ဆင်ယင်မှုကို အတုခိုးတဲ့   နေရာမှာ တော့စံချိန်ပါပဲ။ အမြန်ဆုံးပါပဲ။ အမျိုးသမီး ငယ်ငယ်ကြီးကြီးတွေဟာ ဘောင်းဘီကို မချွတ်ကြတော့ပါဘူး။ ရှည်ရှည်တိုတို သရီး ကွာတား စုံနေတာပါပဲ။ ကျပ်စည်းထာသလို အသားကပ် ဘောင်းဘီမျိုးစုံနဲ့ လမ်းသလား ကြတာတောင် ရှိပါသေးတယ်။ ကျွန်တော်တို့ အမျိုးသမီး ငယ်လေးတွေကို  ပြောချင်တာက   ဆောင်းပါး   ခေါင်းစီး” မြင်ရင်တော့ ကောက်ဖို့သင့်တယ်”ဆိုတာကို ကြည့်ပြီး အဓိပ္ပာယ်လွဲမှားစွာနဲ့ ဆံပင်ကောက်တာ ဖြောင့်တာတွေ ကိုတော့ မလုပ်စေချင်ပါဘူး။ ဒီလောက် ထက်ထက်မြက်မြက်နဲ့ အတတ်မြန်ကြတယ်၊ အတုခိုး မြန်ကြတဲ့ မြန်မာ့လူငယ် လူရွယ်တွေ အနေနဲ့ တလွဲဆံပင်ကောင်း မနေကြဘဲ အခြေခံ စိတ်ဓာတ်လေးတွေ   ကောင်းမွန်လာရေးအတွက် ကြိုးပမ်းသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် ၂ဝ-၉-၂ဝ၁၂ နေ့ထုတ် ပေါ်ပြူလာနယူးစ်ဂျာနယ် ၄/၃၇မှာ ဖော်ပြထားတဲ့ လွှတ်တော် လှေကားထစ်တွေက အဆင်းမှာ အမှိုက်တစ်စတွေ့လို့ ကောက်ပြီး ပစ်မလို့လုပ်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ်  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းဓာတ်ပုံကို ကြည့်ပြီး … ”မြင်ရင်တော့ ကောက်ဖို့ သင့်တယ်”ဆိုတဲ့ နှုတ်ထွက်စကားကို မိမိတို့ စွမ်းနိုင် သလောက်  ကြိုးစားလိုက်နာ ကြည့်ကြရအောင်လား။ …
ခင်မောင်အေး(ချောက်)

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:38 AM

ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသော မြန်မာအလုပ်သမားဦးရေ သောင်းဂဏန်းမျှရှိ

ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသော မြန်မာအလုပ်သမားဦးရေ သောင်းဂဏန်းမျှရှိပြီး ထိုင်းနိုင်ငံသည် အခြားနိုင်ငံများထက် အကျဉ်းကျခံရသူ မြန်မာလုပ်သား အရေအတွက် ပိုများကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။ ပြည်ပတွင် အကျဉ်းကျခံနေရသူများ အနေဖြင့် ၄င်းတို့ကိုယ်တိုင် အပြစ်ကျူးလွန်မှုရှိ၍ ကျခံရသကဲ့သို့ အချို့မှာ အကြောင်းပြချက် မရှိဘဲ ကျခံနေရခြင်းရှိသည်ဟု ဒုဝန်ကြီးက ပြောဆိုခဲ့သည်။ အကျဉ်းကျရသည့် ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရဌာနအနေဖြင့်လည်း သေချာတိကျစွာ မသိရှိသေးကြောင်း သတင်းရရှိသည်။ “ထိုင်းမှာ အကျဉ်းကျခံနေရတဲ့ သူတွေနဲ့ ပတ်သက်ပြီး တို့လည်း တောက်လျှောက်လုပ်တော့ လုပ်နေတာပဲ။ ဟိုမှာ အပြစ်ရှိလို့ ကျရင်လည်း ကြီးတဲ့အမှု သေးအောင်၊ ငယ်တဲ့အမှု ပပျောက်အောင် လုပ်နေတာပဲ” ဟု ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။ အကျဉ်းကျခံရသူအချို့မှာ သက်ဆိုင်ရာ အစိုးရဘက်သို့ အကြောင်းကြား ပြောဆိုခြင်းမရှိသည့်အတွက် အစိုးရအနေဖြင့် လိုက်လံကူညီ ဆောင်ရွက်ပေးရန် အခက်အခဲရှိနေကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။ “သူတို့ဘာကြောင့် အကျဉ်းကျတယ်၊ ဘယ်လိုကြောင့် ကျတယ်ဆိုတာ ဘာမှလာမပြောကြတော့ လုပ်ပေးဖို့က ခက်ခဲတယ်။ ဒီလူတွေအတွက်တော့ လုပ်ပေးနိုင်သလောက် လုပ်ပေးနေတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ပြည်ပတွင် အကျဉ်းကျခံနေသော အလုပ်သမားအများစုမှာ နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေထိုင်ခြင်း အပါအဝင် မိမိအလုပ်ရှင်တို့နှင့် ပြေလည်မှုမရှိခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း အေဂျင်စီအချို့က သုံးသပ်ခဲ့သည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:36 AM

သမ္မတ အိုဘားမား၏ ရိုဟင်ဂျာ အသုံးအနှုန်း မြန်မာအစိုးရ လက်မခံဟု တုံ့ပြန်

ရခိုင်အကြမ်းဖက်မှု ကြိုးကိုင်သည့် အဖွဲ့အစည်းများ နှစ်ဖက်စလုံးတွင် ရှိနေသည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ဆိုသည် (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)
အမေရိကန်သမ္မတ အိုဘားမားက ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို နိုင်ငံသားတဦးကဲ့သို့ အခြေခံ လူ့အခွင့်အရေးများ ပေးအပ်သင့်သည် ဆိုသော ပြောဆိုမှုနှင့် ဆက်စပ်ပြီး ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံကြောင်း နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောဆိုလိုက်သည်။
ယနေ့ ညနေ ၅ နာရီ ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) တွင် ကျင်းပပြုလုပ်သော ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့၏ ရခိုင်အရေး တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးတွင် ၎င်းက ဧရာဝတီသတင်းဌာန၏ မေးမြန်းချက်များကို ဖြေကြားစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သမ္မတ အိုဘားမားက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ နိုဝင်ဘာလ ၁၉ ရက်နေ့က ပြောကြားသော မိန့်ခွန်းထဲတွင် “ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေကို တွေ့မြင်ရပြီး တင်းမာမှုတွေ ဆက်လက်ဖြစ်နိုင်မယ့် အန္တရာယ်ကို မြင်နေရပါတယ်။ ရခိုင် တိုင်းရင်းသားများ အပါအ၀င် ဒီပြည်နယ်လူထုတွေက ဆင်းရဲနွမ်းပါးမှုနဲ့ တရားလွန် ညှင်းပန်းနှိပ်စက်မှု ဒဏ်ကို ကာလရှည်ကြာစွာ ရင်ဆိုင်ခဲ့ကြရပါတယ်။ သို့ပေမယ့် အပြစ်မဲ့သူများကို အကြမ်းဖက်မှုအတွက် ဘာဆင်ခြေမှ ပေးလို့မရပါဘူး။ ရိုဟင်ဂျာတွေလည်း ခင်ဗျားတို့လို၊ ကျနော့်လို သူတို့မှာလည်း သူတို့ဂုဏ်သိက္ခာနဲ့ သူတို့ရှိပါတယ်။ ပြန်လည်သင့်မြတ်ရေးအတွက် အချိန်ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်တို့ အားလုံးရဲ့ လူသားဖြစ်တည်မှုအတွက်  ဒီနိုင်ငံရဲ့ အနာဂတ်အတွက် ရည်မှန်းပြီး သွေးထိုးလှုံ့ဆော်မှုတွေ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ဖို့ အချိန်တန်ပါပြီ” ဟု ထည့်သွင်း ပြောဆိုခဲ့သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက “ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းက အင်မတန်မှ အငြင်းပွားဖွယ်ရာ အသုံးအနှုန်းဖြစ်ပါတယ်။ သို့သော် ပြည်ထောင်စု အစိုးရအနေနဲ့ရော၊ ရှေ့က အစိုးရ အဆက်ဆက်အနေနဲ့ကတော့ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကိုသော် လည်းကောင်း၊ တိုင်းရင်းသားဆိုတဲ့ အချက်ကိုသော် လည်းကောင်း လက်ခံထားခြင်း မရှိပါဘူး။ ဒါ ပွင့်ပွင့်လင်းလင်း ပြောတာပါ” ဟု ရှင်းပြသည်။
ဧရာဝတီသတင်းဌာနက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခြံစည်းရိုးကာရင်း အမည်မသိ လက်နက်ကိုင်များ၏ ဖမ်းဆီးခေါ်ခြင်း ခံသွားရသော မြန်မာစစ်သားများကိစ္စနှင့် ပတ်သက်ပြီး အစိုးရက မည်သို့မည်ပုံ ဆောင်ရွက်လျက် ရှိပါသနည်းဟု မေးမြန်းရာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ကာကွယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့်အတွက် မိမိမဖြေကြားနိုင်ကြောင်း ပြောသည်။
“ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပဲ သက်ဆိုင်တဲ့အတွက် ကျနော် မဖြေနိုင်ပါဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် အဖွဲ့အစည်းများ ရှိနေသည်ဆိုပြီး အစိုးရက မကြာခဏဆိုသကဲ့သို့ သတင်းထုတ်ပြန်လေ့ ရှိသည့်အတွက် မည်သည့်အဖွဲ့အစည်းများ ရှိနေပါသနည်း၊ မည်သူများကို အရေးယူထားပါသနည်း ဆိုသော ဧရာဝတီ၏ မေးခွန်းနှင့် ပတ်သက်ပြီးလည်း တိကျစွာ ဖြေကြားခြင်းမပြုခဲ့ပေ။
“အကြမ်းဖက်မှုတွေဖြစ်အောင် နောက်ကွယ်က ကြိုးကိုင်ခြင်း၊ လှုံ့ဆော်ခြင်း ပြုလုပ်တဲ့သူတွေက နှစ်ဖက်စလုံးမှာ ရှိတယ်ဆိုတာ ကျနော်တို့ ပြောခဲ့တာရှိတယ်။ ဒါတွေကလည်း ကျနော်တို့မှာ ခိုင်လုံသော အထောက်အထားတွေ တွေ့ရှိပြီး ဖြစ်ပါတယ်။ ဆက်လက် စုံစမ်းဖော်ထုတ်ဆဲ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ အရေးယူမှု မပြုခင် ထုတ်ဖော်ပြောဖို့ မသင့်ဘူးလို့ ယူဆပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ရှင်းပြသည်။
ရခိုင်ပြည်နယ်တွင် နိုင်ငံသားစိစစ်မှုများ လုပ်ဆောင်လျက်ရှိပြီး ယင်းသို့လုပ်ဆောင်ရာတွင် လူမျိုးစုနှစ်ခုစလုံးမှ ခေါင်းဆောင်များ၏ သဘောတူညီချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ စိစစ်ရာတွင်လည်း ၁၉၈၂ ခုနှစ် ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး မည်မျှ နိုင်ငံသားဖြစ်ခွင့်ရှိမည်ကို ဖြေကြားခြင်းနိုင်ခြင်း မရှိသေးကြောင်း၊ လတ်တလော အနေအထားတွင် စိစစ်နေဆဲဖြစ်ပြီး အထောက်အထား မပြနိုင်သူများကို တရားမ၀င် ၀င်ရောက်လာသူများအဖြစ် သတ်မှတ်မည်ဟု သိရှိရသည်။
“လူအဖွဲ့အစည်း နှစ်ခုကြားမှာ သံသယတွေ ရှိနေကြတယ်။ ဘင်္ဂါလီတွေ မှတ်ပုံတင်တွေ ရသွား၊ မှတ်ပုံတင်နှစ်ခုလောက် ကိုင်နေတာတွေမြင်တော့ ရခိုင်တွေဘက်ကလည်း ခိုးဝင်လာတဲ့သူတွေဆိုပြီး ခံစားချက်တွေရှိတယ်။ တဘက်ကလည်း ဘိုးဘွားဘီဘင် လက်ထက်ကတည်းက နေထိုင်လာတာ ခိုးဝင်တာမဟုတ်ဘူးဆိုတဲ့ ခံစားချက်ရှိတယ်။ နှစ်ဘက်စလုံးက စစ်ဆေးပေးစေလိုတဲ့ အတွက်ကြောင့် စစ်ဆေးတာဖြစ်တယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ဆိုသည်။
နိုင်ငံသား စိစစ်ရေးလုပ်ငန်းများအပြီး မည်သို့ နိုင်ငံသားမှတ်ပုံတင်ကတ် ထုတ်ပေးမည်၊ တရားမ၀င် ၀င်ရောက်လာသူအဖြစ် သတ်မှတ်ပြီးသူများကို  မည်သို့မည်ပုံ အရေးယူမည်ကိုမူ နယ်စပ်လုံခြုံရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသွားသည်။
နိုင်ငံသားစိစစ်ရာတွင်လည်း ရိုဟင်ဂျာအဖြစ် မှတ်ပုံတင်ခွင့်ပေးရန် တောင်းဆိုမှုများရှိနေကြောင်း သိရှိရသည်။
“ရိုဟင်ဂျာအဖြစ် စာရင်းသွင်းဖို့ တောင်းဆိုတာက တထောင်မှာ တရာလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် လ၀ကက စစ်လိုက်တော့ အဖေကလည်း ဘင်္ဂါလီ၊ အမေကလည်း ဘင်္ဂါလီ၊ သားသမီးကျမှ ရိုဟင်ဂျာဖြစ်ချင်တာက ဆန္ဒစွဲတွေဖြစ်ပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ဆိုသည်။
လက်ရှိအနေအထားတွင် ရခိုင်ပြည်နယ်၌ ဒုက္ခသည် ခြောက်သိန်းရှိနေပြီး ယင်းဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန် အမေရိကန်ဒေါ်လာ ၆၈ သန်း လိုအပ်နေကြောင်း သိရှိရသည်။
“အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည် အရေအတွက် ၁၁၁၀၀၀၊ ဟိုတလောက တောင်ပြို၊ ရေကြီးတာကြောင့် ဒုက္ခသည်အရေအတွက် ၁၉၀၀၀၊ ဂီရိမုန်တိုင်းဒဏ်ကြောင့် ဒုက္ခသည် ၂၆၀၀၀၀၊ စိုက်ပျိုးရခက်ခဲ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ ၂၀၀၀၀၀ လောက် စားနပ်ရိက္ခာ အခက်အခဲ ရင်ဆိုင်နေရတယ်။ စုစုပေါင်း ဒုက္ခသည်ခြောက်သိန်း အကျပ်အတည်း ဆိုက်ရောက်နေတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး၊ လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေး မြန်မာအစိုးရက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အစိုးရက ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ထိခိုက်သေဆုံးမှုများ ရှိနေပြီး နေအိမ်များနှင့် အဆောက်အအုံများ မီးရှို့ခံရခြင်း အပါအ၀င် အပျက်အစီးများစွာ ကြုံတွေ့ရလျက်ရှိသည်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:34 AM

စိုင်းနော်ခမ်းအဆက် ထိုင်းအမျိုးသားတဦး၏ ပိုင်ဆိုင်မှုအားလုံး ထိုင်းအာဏာပိုင်သိမ်းပိုက်

တရုတ်တရားရုံးမှ သေဒဏ်ချမှတ်ခံရသော ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့်နီးစပ်သူတယောက်ဟု နာမည်ရနေသူ ထိုင်းအမျိုးသားတဦး၏နေအိမ်အား ယမန်နေ့က ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းကာ ပိုင်ဆိုင်မှုအားလုံး သိမ်းပိုက်လိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြပါသည်။
Noat houseပူနွတ်၏အိမ်အား အာဏာပိုင်များဝင်ရောက်စစ်ဆေး (ဓါတ်ပုံ- ထိုင်းရတ်သတင်းစာ)

“ အိမ်နီးချင်းနိုင်ငံနဲ့ဆက်နွယ်နေတယ်လို့ ယူဆတဲ့ မူးယစ်ဆေးဝါးနဲ့ နာမည်ထွက် နေတဲ့သူ တွေကို ဆက်လက်စစ်ဆေး သွားမယ်။ အခုလို ရှောင်တခင်ဝင်စစ်တာကိုလဲ ခဏခဏလုပ်သွားမယ် ” ဟု ထိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အတွင်း ရေးမှူး ရဲဗိုလ်ချုပ်ကြီး ဖုံးစဖတ် ဖုံးဂျရွန်းက ပြောသည်။

စိုင်းနော်ခမ်း နှင့်နီးစပ်သူဟု နာမည်ကြီးနေသော ထိုင်းနိုင်ငံ ချင်းရိုင်းသား ပူနွတ်၏ (ချင်းရိုင်းခရိုင်အတွင်းရှိ) နေအိမ် ၄ လုံးကို ထိုင်းမူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးအဖွဲ့က အင်အား ၇၀၀ ကျော်သုံး၍ ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ၎င်း၏ ပိုင်ဆိုင်မှုတန်ဘိုး ဘတ်သန်း ၂၀၀ ခန့်အား သိမ်းပိုက်လိုက်ကြောင်း၊ ပူနွတ် ဆိုသူမှာ ကြိုတင်ထွက်ပြေး တိမ်းရှောင် နိုင်ခဲ့ ကြောင်း၊ ၎င်း၏ အိမ်ဖော်တဦးကိုသာ တွေ့ရှိခဲ့ကြောင်း ၎င်း၏ သတင်းများ၌ ဖော်ပြထားသည်။

အလားတူ  ချင်းရိုင်းခရိုင်အတွင်း မြို့နယ် ၃ ခုတွင်လည်း တားဆီးစစ်ဆေးဂိတ်နေရာ ၄၀ ခန့် ချကာ  အထူး စစ်ဆေးခဲ့ ကြောင်း ချင်းရိုင်းဒေသခံများကပြောသည်။

ယမန်နေ့က ထိုင်းရဲများရှောင်တခင်စစ်ဆေးမှုအပါအဝင် နော်ခမ်းနှင့်ပတ်သက်ဆက်နွယ်သည့်သူများထံမှ ယာဘ အပြား ပေါင်း ၁ သန်းကျော်နှင့် မူးယစ်ဆေးဝါးတန်ဖိုး ဘတ်သန်း ၅၀၀ ဖမ်းဆီးမိပြီးဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
Noat ownသိမ်းဆည်းရမိသော ပူနွတ်ခေါ်  ဂျမ်းရတ် ဖာ့ဂျရိန်း ၏ ပိုင်ဆိုင်မှု (ဓါတ်ပုံ- ထိုင်းရတ်သတင်းစာ)
 
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပါမိတ်ရပ် လမ်းသွယ် ၃ ရှိ ပူနွတ်၏ နေအိမ်အားလည်း ပြီးခဲ့သည့် တနှစ်ခန့်က ထိုင်းနှင့် မြန်မာ အာဏာပိုင်များ ဝင်ရောက်စစ်ဆေးမှုပြုခဲ့သေးသည်။ သို့သော် ထိုစဉ်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပစ္စည်းများ  တရားဥပဒေနှင့် ဆန့်ကျင်သည့် ပစ္စည်းတစ်စုံ တစ်ရာ မတွေ့ခဲ့ရပေ။

ပူနွတ် ဆိုသူသည် Kings Romans Casino လောင်းကစားရုံ ကြီးကြပ်ရေးမှူးလည်းဖြစ်ခဲ့ပြီး ငယ်စဉ်ထိုင်းနာမည်မှာ ဂျမ်းရတ် ဖာ့ဂျရိန်းဖြစ်၏။ ထိုနောက်ပိုင်း အိုးလန်း ဖာ့ဂျရိန်း၊ ဂျမ်းရတ် ဆုမ်ဖုန်းဖန်း စသည့်နာမည်များ ပြောင်းလဲခေါ် ဝေါ်သည် ဟုဆိုသည်။

အသက် ၅၈ နှစ်ခန့်ရှိ ပူနွတ်(ဦးနှုတ်ခမ်းမွေးအဓိပ္ပါယ်ရ) သည် မယ်ဆိုင်ဇာတိဖြစ်ပြီး ၂၀၀၁ ခုနှစ် နယ်စပ်အရေး အခင်း အတွင်း ထိုင်းနိုင်ငံမှတိမ်းရှောင်ခဲ့ဖူးသည်။ သျှမ်းပြည်အရှေ့ပိုင်း သျှမ်းအမျိုးသမီး ( တချို့က မိုင်းယန်းသူ ဟုဆိုကြ၏) နှင့်အိမ်ထောင်ပြုခဲ့သည်။  ထို့ နောက်ပိုင်း ဇာတိမြေသို့ ပြန်လာပြီး မယ်ဆိုင်မြို့ သျှမ်းတိုင်းရင်းသား အစည်းအရုံး၏ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသူ လည်းဖြစ်သည်။ ၎င်းသည် ယမန်နှစ်က ဒု-ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့ဖူးသူ ဆန်တီ ချိုင်းဝိရတ်တန ဆိုသူအသတ်ခံရမှုဖြင့်လည်း ရဲဘက်မှအလိုရှိနေသူဖြစ်သည်။

စိုင်းနော်ခမ်းမှာမူ တရုတ်နိုင်ငံ ခွန်းမင် (ကူမင်း) မြို့တော်တရားရုံး၌ ယခင်အပတ်က တရားရုံးမှ သေဒဏ်ချမှတ်ပေးပြီးဖြစ် သည်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:32 AM

စိုင်းအောင်မြတ်အား တရုတ်အစိုးရထံမှ ပြန်ခေါ်ပေးရန် သမ္မတကြီးထံ မိသားစုတောင်းဆို

ရွှေတြိဂံဒေသ မူးယစ်ရာဇာ စိုင်းနော်ခမ်းအမှုအတွက် မြန်မာနိုင်ငံဘက်မှ သက်သေအဖြစ် တရုတ်အစိုးရထံ ယာယီ လွှဲအပ်ခြင်းခံရသည့် စိုင်းအောင်မြတ်အား ပြန်ခေါ်ယူပေးရန် မိသားစုဝင်များက မြန်မာသမ္မတ ဦးသိန်းစိန် ထံ စာရေးတင်ပြတောင်းဆိုထားသည်ဟု မိသားစုအသိုင်းအဝိုင်းကပြောပါသည်။
စိုင်းအောင်မြတ်၏ ဇနီးနှင့် သားသမီး
 
“ကျမတို့ သောကြာနေ့က တင်လိုက်တာပါ။ စိုင်းနော်ခမ်းကို သေဒဏ်ပေးလိုက်ပြီဆိုတော့ စိုင်းအောင်မြတ်ကို နေရပ်ပြန်ပို့ပေးသင့်ပြီလေ။ အခုမှာ သူ့မိန်းမကလဲ ကလေးသုံးယောက် နဲ့ အငယ်ဆုံးက လပိုင်းလောက်ပဲ ရှိသေးတာ။ အဲဒါကြောင့် စိုင်းအောင်မြတ်ကို ပြန်ခေါ်ပေးဖို့ နိုင်ငံတော် သမ္မတကြီးဆီ စာတင်လိုက်ရတာ ဖြစ်တယ်” - ဟု မိသားစု အသိုင်းအဝိုင်း တဦးကပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် ခရိုင် မိုင်းဖုန်းကျေးရွာအုပ်စု တာဆမ်ဖူးရွာနေ စိုင်းအောင်မြတ် ၏ ဇနီး နန်းအွန်၊ သား စိုင်းနော်၊ သမီး နန်းလောင်(ဝ်)ဆိုင်၊ လပိုင်းအရွယ် နန်းဇံဟွမ် တို့မှ နိုင်ငံတော် သမ္မတကြီးထံ စာရေးတောင်းဆိုခြင်းဖြစ်သည်။

“နီးစပ်တဲ့ဆွေမျိုးတွေကဘဲ ကျွေးမွေးထားရတာပေါ့။ စိုင်းအောင်မြတ်ရဲ့ မိန်းမ က ကလေးနဲ့ဆိုတော့၊ စိုင်း အောင်မြတ်ကို အစိုးရလာခေါ်သွားတုန်းက သူ့ရဲ့ အငယ်ဆုံးသမီး က ၂ လ ကျော်ဘဲရှိသေးတယ်။ ငြိမ်းချမ်း ချင် လို့ လက်နက်ချတာဘဲ။ အခုကတော့ သူ့ရဲ့မိသားစုတွေက အရမ်းအခက်အခဲဖြစ်နေတယ်” - ဟု ဆွေမျိုး အသိုင်းအဝိုင်းက ပြောပါသည်။

စိုင်းနော်ခမ်းနှင့်အဖွဲ့အား တရားရုံးမှ အမြန် ဆုံးအမှုစီရင်ဆုံးဖြတ်နိုင်ရေးအတွက် ယခုနှစ် ဩဂတ်စ် ၂၈ ရက် နံနက် ၄ နာရီ၌ စိုင်းအောင်မြတ်အား မြန်မာအစိုးရက တရုတ်အစိုးရထံသို့ နိုင်ငံတော်သက်သေအဖြစ် ယာယီ လွှဲအပ်ပေးခဲ့ခြင်း ဖြစ်သည်ဟု မြန်မာ့အလင်းသတင်းစာကဆိုပါသည်။

၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့၌ တရုတ်တရားရုံးက စိုင်းနော်ခမ်းနှင့်အဖွဲ့ဝင် ၄ ဦးကို သေဒဏ်ချမှတ်လိုက်သော် လည်း စိုင်းအောင်မြတ်ကို မြန်မာအစိုးရထံ ပြန်လည်လွှဲအပ်ပေးခြင်းမရှိသေးပေ။

၂၀၁၁ အောက်တိုဘာ ၅ ရက် မဲခေါင်မြစ်အတွင်း တရုတ်စက်လှေနှစ်စီးအားပြန်ပြေးဆွဲပြီး တရုတ် လှေသား ၁၃ ဦး သတ်ဖြတ်ခံရသည့်အမှုတွင် စိုင်းနော်ခမ်း၏ ဒုလက်ထောက်ဖြစ်သည့် စိုင်းအောင်မြတ်က တိုက်ရိုက် ပါဝင် ပတ် သက်သည်ဟု ထိုင်းသတင်းစာများက ရေးသားသည်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:31 AM

Wednesday, November 21, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ HIV နဲ့ AIDS ဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်

ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ HIV နဲ့ AIDS ဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်

ကုလသမဂ္ဂ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို UNAIDS လို့ခေါ်တဲ့ ကုလသမဂ္ဂ HIV နဲ့ AIDS ကူးစက်ပျံ့ပွားမှု တားဆီးရေးဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ကြီးအဖြစ် မနေ့က ခန့်အပ်လိုက်ပါတယ်။ HIV/ AIDS ရောဂါ ကူးစက်ခံရသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေးတာဝန်ကို ထမ်းဆောင်ဖို့အတွက် ခန့်အပ်တာဖြစ်ပါတယ်။

အခုလို ခန့်အပ်လိုက်တာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လူ့အဖွဲ့အစည်းနဲ့ ကင်းဝေးတဲ့နေရာတွေမှာ နေနေရပြီး၊ လူသားဂုဏ်သိက္ခာနဲ့ အခြေခံလူ့အခွင့်အရေးရဖို့တွေအတွက် နေ့တဓူဝ ရုန်းကန်နေကြရသူတွေကို ကူညီဆောင်ရွက်ဖို့အတွက် အခုလို ရွေးချယ်ခဲ့ရတဲ့အပေါ် အထူးပဲဂုဏ်ယူမိပါတယ်။ ပြောဆိုခွင့်မရသူတွေရဲ့ကိုယ်စား ပြောဆိုနိုင်သူ တစ်ယောက်ဖြစ်ချင်ပါတယ်လို့ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲံ့ပါတယ်။

UNAIDS အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး Michel Sidibe ကလည်း ဒီတာဝန်ကို ဒေါ်အောင်ဆန်းစုကြည် လက်ခံခဲ့တဲ့အတွက် အဖွဲ့အနေနဲ့ အလွန်တရာ ဂုဏ်ယူရပါတယ်။ ဒီကနေ့ကာလမှာ ရွာကလေးတွေကနေ မြို့ကြီးတွေအထိ၊ အာဖရိက ကနေ အာရှ အထိ လူတွေဟာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြောဆိုနေကြတာပါ။ လူတွေကို လှုပ်ရှားသွားအောင် လုပ်ဆောင်နိုင်တဲ့ အစွမ်းသတ္တိ သူ့မှာရှိပါတယ်လို့ပြောဆိုပါတယ်။

ဒါ့အပြင် ကိုယ့်ကိုကိုယ် ရောဂါကူးစက်ခံရနိုင်တယ်လို့ သံသယရှိသူတွေအနေနဲ့ စောနိုင်သမျှစောစာ ပိုးရှိ မရှိ စစ်ဆေးသိရှိဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါမှသာ နောက်ထပ် ကူးစက်မှုအသစ်တွေ ထပ်ဖြစ်မလာအောင် တားဆီးနိုင်မှာဖြစ်တဲ့အပြင်၊ လိုအပ်တဲ့အခါ အသက်ကယ်ကုသမှုတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် လို့ UNAIDS အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ HIV နဲ့ AIDS ဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်

ကုလသမဂ္ဂ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစု
ကြည်ကို UNAIDS လို့ခေါ်တဲ့ ကုလသမဂ္ဂ HIV နဲ့ AIDS ကူးစက်ပျံ့ပွားမှု တားဆီးရေးဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ကြီးအဖြစ် မနေ့က ခန့်အပ်လိုက်ပါတယ်။ HIV/ AIDS ရောဂါ ကူးစက်ခံရသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေးတာဝန်ကို ထမ်းဆောင်ဖို့အတွက် ခန့်အပ်တာဖြစ်ပါတယ်။

အခုလို ခန့်အပ်လိုက်တာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လူ့အဖွဲ့အစည်းနဲ့ ကင်းဝေးတဲ့နေရာတွေမှာ နေနေရပြီး၊ လူသားဂုဏ်သိက္ခာနဲ့ အခြေခံလူ့အခွင့်အရေးရဖို့တွေအတွက် နေ့တဓူဝ ရုန်းကန်နေကြရသူတွေကို ကူညီဆောင်ရွက်ဖို့အတွက် အခုလို ရွေးချယ်ခဲ့ရတဲ့အပေါ် အထူးပဲဂုဏ်ယူမိပါတယ်။ ပြောဆိုခွင့်မရသူတွေရဲ့ကိုယ်စား ပြောဆိုနိုင်သူ တစ်ယောက်ဖြစ်ချင်ပါတယ်လို့ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲံ့ပါတယ်။

UNAIDS အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး Michel Sidibe ကလည်း ဒီတာဝန်ကို ဒေါ်အောင်ဆန်းစုကြည် လက်ခံခဲ့တဲ့အတွက် အဖွဲ့အနေနဲ့ အလွန်တရာ ဂုဏ်ယူရပါတယ်။ ဒီကနေ့ကာလမှာ ရွာကလေးတွေကနေ မြို့ကြီးတွေအထိ၊ အာဖရိက ကနေ အာရှ အထိ လူတွေဟာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြောဆိုနေကြတာပါ။ လူတွေကို လှုပ်ရှားသွားအောင် လုပ်ဆောင်နိုင်တဲ့ အစွမ်းသတ္တိ သူ့မှာရှိပါတယ်လို့ပြောဆိုပါတယ်

ဒါ့အပြင် ကိုယ့်ကိုကိုယ် ရောဂါကူးစက်ခံရနိုင်တယ်လို့ သံသယရှိသူတွေအနေနဲ့ စောနိုင်သမျှစောစာ ပိုးရှိ မရှိ စစ်ဆေးသိရှိဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါမှသာ နောက်ထပ် ကူးစက်မှုအသစ်တွေ ထပ်ဖြစ်မလာအောင် တားဆီးနိုင်မှာဖြစ်တဲ့အပြင်၊ လိုအပ်တဲ့အခါ အသက်ကယ်ကုသမှုတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် လို့ UNAIDS အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကပြောဆိုပါတယ်

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:46 PM

အိုဘားမား မိန့်ခွန်း အပေါ် ရခိုင်ခေါင်းဆောင်များ အမြင်

မြန်မာနိုင်ငံကို တရက်ကြာ လာရောက် လည်ပတ်ခဲ့သော အမေရိကန်သမ္မတ ဘားရက်(စ်) အိုဘားမားက ရန်ကုန် တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာ၌ ရခိုင် အရေးအား ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ RNDP ပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်၊ ၀န်ကြီး ဦးဇော်အေးမောင် နှင့် အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောတို့ အပါအ၀င် ရန်ကုန်ရှိ ရခိုင်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ် ၅ ဦး တက်ရောက်ခဲ့သည်။
US-President-Obama-speech-Yangoon-University
မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ဖေါ်ဆောင်နေချိန်တွင် အမေရိကန် သမ္မတ တစ်ဦး၏ ပထမဆုံးသော မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်သဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူများ အတွက် ကောင်းသော လက္ခဏာ ဖြစ်ကြောင်း အခမ်းအနား တက်ရောက်သူ RNDP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကပြောသည်။
“ မိန့်ခွန်း တခုလုံးကို ယေဘုယျအားဖြင့် ကျနော်ပြောချင်ပါတယ်။ အမေရိကန်သမ္မတ တယောက် အနေနဲ့ ဒီမိုကရေစီ အကြောင်းတွေကို ပြောတာတွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ယေ ဘုယျအားဖြင့် သွားနေတဲ့ လမ်းကြောင်း ကောင်းမွန်စေဖို့၊ နောက်ပြန် မလှည့်စေဖို့ ပြောတာတွေ ကို တွေ့ရပါတယ်။ အမေရိကန် အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပြီး အကူအညီပေးသွားမယ် လို့ ပြောသွား တာတွေဟာ ကောင်းတဲ့ လက္ခဏာတွေပါ။ တိုင်းရင်းသား အရေးတွေကို ပြောသွားတာဟာလည်း ကောင်းတဲ့ကိစ္စပါ” ဟု ပြောသည်။
သမ္မတ အိုဘားမားသည် ယနေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ် အချိန်မှ ၃ နာရီ ၁၀ မိနစ်အထိ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမတွင် မိန့်ခွန်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကိစ္စများကို ပြောဆိုရာမှာ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး သီးသန့်ပြောဆိုသွား ကြောင်းနှင့် အိုဘားမားက ရိုဟင်ဂျာ ဟု ပြောဆို သုံးနှုန်းသွားသည့်အပေါ် ဦးဦးလှစောက သူ့အမြင်ကို နိရဉ္စရာသို့ ယခုလို ပြောသည်။
“အခု ရခိုင်အရေးကိစ္စဟာ မြန်မာပြည်မှာ တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့ ကိစ္စတခုလို သူက နားလည်ပြီး ပြောသွားတာကို တွေ့ရပါတယ်။ ဒီနေရာမှာ သမ္မတ အိုဘားမားနဲ့ ကျနော်တို့က အယူအဆမတူပါ။ ဥပမာ ကချင်နဲ့ မြန်မာ့တပ်မတော်နဲ့ ဖြစ်နေသလို၊ ကရင်မှာ ဖြစ်နေသလိုမျိုး ဒီရခိုင်ပြဿနာဟာ မဟုတ်ပါ။ အခုက ပြည်ထောင်စုက ခွဲထွက်မယ့် ပြဿနာလည်း မဟုတ် တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့ ပြဿနာလည်း မဟုတ်။ သို့သော် အခု ဒီရိုဟင်ဂျာလို့ ပြောတဲ့ သူတွေနဲ့ ဖြစ်နေတဲ့ ပြဿနာက တဖက်က နယ်စပ်ဖြတ်ကျော်ပြီး ခိုးဝင်လာတဲ့ လူတွေနဲ့ ဒေသခံတွေ အကြားမှာ ဖြစ်နေတာ ဖြစ်တယ်။ ဒါကြောင့် အနှစ်သာရချင်းမတူပါ။”
ဆက်လက်၍ “သမ္မတ အိုဘားမား အနေနဲ့ ရခိုင်ပြည်နယ်၏ တကယ့် အရှိ တရားနဲ့ နည်းနည်း ဝေးနေသလို ကျနော်တို့ ခံစားရတယ်။ သူမိန့်ခွန်းထဲက တခြား တင်ပြမှုတွေကို လက်ခံ၊ ကြိုက်ပေမယ့် ဒီကိစ္စမှာတော့ အိုဘားမားရဲ့ ချည်းကပ်ပုံ ချည်းကပ်နည်းဟာ ကျနော်တို့နဲ့ လက်ခံနိုင်စရာအကြောင်းမရှိပါ။ သမ္မတ ဦးသိန်းစိန်က လည်း မြန်မာတိုင်းရင်းသားထဲမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ ပြောထားသလို ရခိုင်ပြည်သူ တရပ်လုံးကလည်း ရိုဟင်ဂျာဟာ တိုင်းရင်းသားမဟုတ်သလို မရှိဘူးလို့ သဘောထားဟာ ပြတ်ပြတ်သားသား ရှိနေပြီးသားဖြစ်လို့ အိုဘားမား ပြောတာနဲ့ နည်းနည်းလွဲနေပါတယ်။ စကားကို ပြတ်ပြတ်သားသား မပြောသလို ဖြစ်နေပါတယ်။ ဒါကိုကျနော်တို့ ဘ၀င်မကျပါ။ မကြိုက်ပါ” ဟု ဆက်လက် ပြောဆိုသည်။
အမေရိကန် သမ္မတအိုဘားမားသည် ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်တွင် ရန်ကုန် လေဆိပ်သို့ ရောက်ရှိလာပြီး သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး ရွှေတိဂုံ ဘုရားသို့ သွားရောက် ဖူးမျှော်ခဲ့သည်။
US-President-Obama-speech-Yangoon-University-hall
အလားတူ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်ကလည်း မြန်မာနိုင်ငံ အတွက် အကျိုးရှိသော ခရီးစဉ် တစ်ခု ဖြစ်ကြောင်းနှင့် မြန်မနိုင်ငံ အနေဖြင့် အတုယူစရာများကို ထည့်သွင်းပြောကြားခဲ့ကြောင်း အခုလို ပြောဆိုသည်။
“သူပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တွေလုပ်နေတဲ့အပေါ်မှာ သူ့အနေနဲ့ ကြိုဆိုလက်ခံပြီး တော့ အမေရိကန်အနေနဲ့လည်း နောက်ကနေ ပံ့ပိုး အကူ အညီ ပေးသွားမယ်လို့ ပြောသွားတာဟာ တော်တော့ကို ကောင်းပါတယ်။ နောက်ပြီးတော့ တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းရေး ရအောင် ပိုမိုလုပ်ဆောင်ရမယ်လို့လည်း ပြောသွားပါတယ်။ ထိရောက်တဲ့ စကား တခုကတော့ အာဏာ ပါဝါဆိုတာ ပြည်သူတွေဆီမှာပဲရှိတယ်လို့ပြောပါ တယ်။ သမ္မတဆိုတာဟာလည်း ပြည်သူတွေက ရွေးချယ်ပြီး ပေါက်ဖွားလာတာလို့ သူက ပြောပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံမှာ အင်မတန်မှ အင်းအားကောင်းတဲ့ စစ်တပ်ရှိတယ်။ အဲဒီ စစ်တပ်ဟာ ပြည်သူတွေက ရွေးချယ်ထား တဲ့ သမ္မတရဲ့ အောက်မှာပဲ ရှိတယ်လို့  ဥပမာတွေ ပေးပြီး ပြောသွားတာကို တွေ့ရပါတယ်။”
အိုဘားမားနှင့်အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း လိုက်ပါလာပြီး ၎င်းတို့ အဖွဲ့သည် ညနေ ၃ နာရီ ၃၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကမ္ဘောဒီယားနိုင်ငံသို့ ပြန်လည် ထွက်ခွာ ခဲ့သည်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:38 PM

သမ္မတအိုဘားမား မြန်မာနိုင်ငံရှိ လူမှုအခြေပြုအဖွဲ့ အစည်းများနှင့်တွေ့

တိုင်းပြည်ပြုပြင်ပြောင်းလဲမှုတွင် ယနေ့အခြေအနေအထိ တိုးတက်ပြောင်းလဲမှု ဖြစ်လာရခြင်းမှာ မြန်မာနိုင်ငံရှိ လူထုအခြေပြုအဖွဲ့အစည်းများ၏ ကြိုပမ်းအားထုတ်မှု လည်းပါဝင်ကြောင်း အမေရိကန် သမ္မတ ဘရက်အိုဘားမားက ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ်ရောက် ရှိခဲ့သော သမ္မတ အိုဘားမားက ရန်ကုန်တက္ကသိုလ်၌ လူလုအခြေပြုအဖွဲ့ အစည်းခေါင်းဆောင် ၁၄ ဦးနှင့် ယမန်နေ့ နေ့လည် ၂ နာရီအချိန်က ၁၅ မိနစ်ကြာ တွေ့ဆုံခဲ့ စဉ် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
သမ္မတနှင့် တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့-KWAG ၏ ဒါရိုက်တာ နော်စူစဲ နာလှလှစိုးက “ကျမတို့ ပြည်တွင်းမှာ ဖိနှိပ်မှုများစွာနဲ့ အလုပ်လုပ်နေကြရတာပါ။ ဒါကို သူက အသိ အမှတ်ပြုပြီး တော့ ပြောလာတဲ့အတွက် ကြက်သီးထမတက် အံ့သြ၀မ်းသာဖြစ်မိတယ်။ ကျမတို့ နိုင်ငံက သမ္မတလည်း ကျမ တို့ရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုစေချင်တယ်” ဟု ပြောသည်။
အမေရိကန်သမ္မတနှင့် အချိန်အနည်းငယ်သာ တွေ့ခွင့်ရသော်လည်း ယခုလို ချီးကျူးထောက်ခံခဲ့သည့်အပေါ် ကျေနပ်အားရမိကြောင်း နော်စူစဲနာလှလှစိုး ကဆိုသည်။
၎င်းတွေ့ဆုံမှုတွင် နော်စူစဲနာလှလှစိုး အပါအ၀င် သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၊ သျှမ်းခေါင်း ဆောင် ဦးခွန်ထွန်းဦး၊ ကချင်ငြိမ်ချမ်းရေးကွန်ယက်မှ မစံပယ်ဖြူ၊ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးနှင့် ဦး မင်းကိုနိုင်၊ အလုပ်သမားအရေး လုပ်ဆောင်နေသည့် ဦးမောင်မောင်နှင့် လူထုအကျိုးပြု လုပ်ငန်းဆောင်ရွက်နေသည့် ကို မျိုးရန်နောင်သိန်း စသည့် လူထုအခြေပြု အဖွဲ့အစည်းများမှ ခေါင်းဆောင် ၁၄ ဦး ပါဝင်သည်။
“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အမျိုးသမီးတွေ ပါဝင်ခွင့်ရရေးနဲ့ မငြိမ်းချမ်းမှု တွေကြောင့် တကယ်ပဲခံစားရတဲ့ သူတွေက အမျိုးသမီးနဲ့ကလေးတွေပဲဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ စနစ်တကျဖြစ်သင့်တယ်ဆိုတာကို သမ္မတ အိုဘားမားကို ပြောဖြစ်ခဲ့တယ်” ဟု နော်စူစဲနာလှလှစိုးက ဆိုသည်။
အလားတူ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးကလည်း လက်ရှိ မြန်မာနိုင်ငံတွင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု စံနစ်ကို အကောင် အထည်ဖော်လိုပါက မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲထားရမည်ဖြစ်ကြောင်း သမ္မတ အိုဘားမားအား ပြောဆိုခဲ့သည်။
ယမန်နေ့က မြန်မာပြည်သို့ အလည်ရောက်ရှိခဲ့သော သမ္မတ အိုဘားမားသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော် ဥက္ကဌ စသည့် ပုဂ္ဂိုလ်တို့နှင့်လည်း တွေ့ဆုံခဲ့ပြီး ရန်ကုန် တက္ကသိုလ်ခန်းမတွင် မြန်မာပြည်သူလူထုများအား မိန်းခွန်းပြောခဲ့သည်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:37 PM