Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday, November 22, 2012

ကိုယ်ချင်းစာ 'နာ' ခဲ့ရပါသည်

thn-14-11-12-8
ယူဂန္ဓာနိုင်ငံရှိ မူလတန်းကျောင်းတွင် ပညာသင်ကြားနေစဉ်

(၁)
ဝန်ထမ်းလစာတွေနည်းသည်။ အခြေခံဝန်ထမ်းများ၏ လစာတွေ နည်းသည်။ ဆရာများ၏ လစာနည်းသည်။ မူလတန်းဆရာများ၏ လစာအင်မတန်နည်းသည်။
နိုင်ငံတစ်ခုတည်ဆောက်ဖို့ ပညာရေးသည် အင်မတန်အရေးကြီး သည်။ဒီအတွက် ဆရာကောင်းများလိုသည်။ဆရာကောင်းတွေ ကျောင်းတွေမှာမရှိသလောက် နည်းကုန်ပါပြီ။ကျောင်းတွေမှာ အမျိုးသားဆရာတွေကုန်ပါပြီ။ အမျိုးသားဆရာသည် အိမ်ထောင်ဦးစီးဖြစ်သည်။ဆရာများသည် အိမ်ထောင်ဦး စီးရန် လုံလောက်သောလစာမရ၍ အများစုသည် အလုပ်ထွက်ကုန်ကြသည်။
ဥပဒေသ။ လစာကို ငှက်ပျောသီးပဲပေးရင်တော့ အလုပ်လုပ်ဖို့အတွက် မျောက်တွေကိုသာရမည်။
(၂)
မကြာသေးမီက သတင်းကောင်း များကိုကြားနေရသည်။ဆရာ၊ ဆရာမတွေ လခတိုးမယ်တဲ့။ ဘယ်လောက်တိုးမှာလဲ။မူလတန်းပြဆရာမလစာသည် အထက်တန်းပြဆရာမလစာနှင့် တူတဲ့အထိ တိုးမည်တဲ့။နောက်ဆရာ၊ ဆရာမတွေကို Laptop computer  တွေကို အခမဲ့ပေးမတဲ့။ အင်မတန်ကောင်းသော သတင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် ကျောင်းသားတွေကို Laptop computer တွေကို အခမဲ့ပေးသည်။ ဂိတ်ပေါက်ဝကိုတော့ ရောက်လာပါပြီ။
ဥပဒေသ။ စောစောလာလာ နောက်ကျလာလာ လာဖို့သာ အရေးကြီးသည်။
(၃)
ပြောရဦးမည်။ ကိုကျော်မြင့်တို့မောင်နှမ။ ကိုကျော်မြင့်အစ်မ မူမူမြင့်က စာတော်သည်။ရှစ်တန်းအောင်တော့ မူလတန်းဆရာမ ဖြစ်သွားသည်။ ကိုကျော်မြင့်ကတော့ ရှစ်တန်းကျသည်။ နှစ်နှစ်လောက်ကျတော့ အဖေက သူ့ကို ''မင်းရုံးမှာ ပြာတာ လုပ်ကွာ'' ဟုပြောသည်။ ၉၇ ကျပ်ရသည်။ လယ်လုပ်ရတဲ့ သူထက်တော့သာပါသည်။ပြာတာအလုပ်ဆိုသည်မှာ မဆိုးလှပါ။ ရုံးကိုလာသူတွေက လက်ဖက်ရည်တိုက်သည်။ စာရေးတွေကလည်း မုန့်ကျွေးသည်။တောကလာသူများ အသီးအနှံတွေကို ယူလာပေးသည်။ ဒီလိုနဲ့ သူအဆင်ပြေနေသည်။ အဖေက မင်းကိုးတန်းဖြေပါလားတဲ့။ ထိုအချိန်က ခုနစ်တန်းအောင်ထားလျင် အစိုးရစစ်သည့် ကိုးတန်းစာမေးပွဲဖြေလို့ရသည်။ ပြင်ပဖြေပေါ့။ကျောင်းထွက်လက်မှတ်ရ စာမေးပွဲဟုခေါ်သည်။အစ်မဖြစ်သူ မူမူမြင့်နှင့်အတူ သူစာကျက်ကာဖြေသည်။ ဒီလိုနှင့် သူရောမူမူမြင့်ပါ SLC စာမေးပွဲ အောင်သွားသည်။
သူက စာရေးရာထူး တက်သွားသည်။ မူမူမြင့်က မူလတန်းဆရာမ။
ကျော်မြင့် စာရေးကြီးဖြစ်သွားသည်။မူမူမြင့်က မူလတန်းဆရာမ။
ကျော်မြင့်ရုံးအုပ်ကြီး ဖြစ်သွားသည်။မူမူမြင့်က မူလတန်းဆရာမ။
ဒီလိုနဲ့ ပင်စင်ယူလိုက်ရသည်။ မူမူမြင့်ပင်စင်ယူသွားသည်။ ကိုကျော်မြင့်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်လာသည်။ လာဘ်လာဘ ပိုရွှင်လာသည်။ ကောင်း၏။
ဥပဒေသ။ အပြောင်းအလဲဆိုတာ ဆရာ၊ ဆရာမတွေအတွက် မရှိတတ်ပါ။
(၄)
ကျွန်တော်တို့ငယ်ငယ်က မူလ တန်းပြဆရာမတွေကို ကျွန်တော်သတိထားမိသည်။ သူတို့တပည့်တွေ စစ်ဗိုလ်ကြီးတွေအင်ဂျင်နီယာကြီးတွေ အရာရှိကြီးဖြစ်သွားကြသည်။သူတို့တော့ ဒီအတိုင်းဒီအတိုင်းပါပဲ။သူတို့ဘ၀သည် ဓားသွေးကျောက်လိုပါပဲ။ ဓားများထက်သွားသည်။ ဓားသွေးကျောက်ကတော့ တုံးကျန်ရစ်သည်။ တဖြည်းဖြည်းပါးသွားသည်။ နောက်တော့ သူတို့ မူလတန်းဆရာဖြင့် ပင်စင်ယူသည်။ သူတို့၏ ပင်စင်လစာသည် လက်ဖက်ရည်တစ်ခွက်ဖိုး ဖြစ်လာချိန်တွင် သူတို့ဘ၀ကို စဉ်းစားကြည့်ပါ။ ကွယ်လွန်သွားသည်အထိ သူတို့ဘယ်လို ရုန်းကန်သွားကြပါသလဲ။ ယနေ့ဝန်ထမ်းတွေ ပင်စင်လစာတိုးသည်။ဝမ်းသာစရာပါပဲ။
ဥပဒေသ။ ကောင်းပါသည်။ ကျောက်ခဲရေပေါ်သည်ဟု ပြောစမှတ်ပြုသည်။
(၅)
လစာငွေတွေကိုSmart card ဖြင့်ထုတ်ရမည်တဲ့။ ''ဓာတ်ဆီထုတ်သည့် Smart card သည် ကျပ် ၅၀၀ ပေးရသော် လည်း သူတို့၏ Smart Card သည် ၃၀၀၀ ပေးရမည်တဲ့။ (ပေးရပါသည်။)ထို Smart card တွေက ဘာတွေများ အသုံးကျသနည်း။ AMT ကတ်လို ဘဏ်တွေက စက်တွေမှာ ငွေထုတ်ရသည် မဟုတ်ပါ။ငွေရှိလျှင် ဘဏ်တိုင်းမှာ Smart card ကို အသာထိုးထုတ်လိုက်ရုံဖြင့် ငွေရနိုင်လျင် ဆရာများသည် Smart card ဖြင့် စမတ်ကျကျထုတ်နိုင်သည်။ ယခုတော့ ဒီ Smart card သည် ဆရာများ ပင်စင်စားများအတွက် ဘယ်လောက်မှ အသုံးမ၀င်သည်ကို သိသာထင်ရှားစွာ သက်သေပြနိုင်ပါသည်။ ပင်စင်စားနှစ်သိန်းအတွက် Smart card လုပ်(စား)သူ (Cronies)  များသည် ကျပ်သိန်းခြောက်ထောင် အသာလေးရသွားလေသည်။
အကယ်၍ ပင်စင်စားနှစ်သန်းရှိပါက သူတို့ကျပ်သိန်းနှစ်သောင်းကို ရသွားပေမည်။ ကျွန်တော်သိချင်တာတွေ အများကြီးပါ။အဆိုပါ Smart card ကို ဘယ်ကရသလဲ။နိုင်ငံခြားကရလျှင် နိုင်ငံခြားက၀ယ်ရသည်။ဘယ်လောက် ကျလဲ။ ဒီမှာ Software တွေရေးရတာ ဘယ်လောက်ကျလဲ။ ကျွန်တော်တို့ဆီမှာမရှိလို့ သူတို့ဆီက၀ယ်ရတာ ကောင်းပါသည်။သို့သော် လိုအပ်လျင်တော့ ကောင်းပါသည်။ ဓာတ်ဆီ Smart card သည် ဓာတ်ဆီဆိုင်က မသမာလုပ်သောကြောင့် ဖြစ်လာသည်။ သူတို့နှင့်အတူ စားသုံးသူအချို့ပေါင်းလုပ်သည်။ ထိုအတွက် နိုင်ငံခြားကို ပိုက်ဆံပေးလိုက်ရသည်။ပင်စင် Smart card က ဘာကြောင့် လုပ်တာလဲ။
ဥပဒေသ။ ရိတ်လို့ရသမျှ အကုန်ရိတ်သည်။
(၆)
စီမံခန့်ခွဲမှုများ မှန်ကန်ပါက ပြည်သူများစိတ်ချမ်းသာပြီး အလေအလွင့်နည်းပါမည်။(Cronies)များဟု ပြောလျင်မခံချင်ကြပါ။ (Cronies) များဆိုသည်မှာ အာဏာရှိသူများ လုပ်ပိုင်ခွင့်ရှိသူများနှင့် ပေါင်းစားသူများဖြစ်သည်။ သူတို့သည် ပြည်သူ့အကျိုးကို အဓိကထားဆောင်ရွက်သူများ မဟုတ်ပါ။ ဥပမာပြပါမည်။ ကျွန်တော်တို့ တိုင်းပြည်တွင် မော်တော်ကားနံပါတ်ကို တစ်ပြေးညီ ဆောင်ရွက်ဖို့ လိုအပ်သည်။ထိုနံပါတ်ကို လုပ်ခွင့်ရသူသည် နံပါတ်တစ်ခုလျင် ငွေတစ်ရာတော့ အမြတ်ရသည်။ ကားတစ်သိန်းဆို လျင်သိန်းတစ်ရာ မြတ်သည်။သူ့လုပ်အားတွေ အကြံဉာဏ်တွေနှင့် ရသင့်ပါသည်။သို့သော် သူ၏နံပါတ်ပြားများ သည် ငါးနှစ်သက်တမ်းအတွင်း ပျက်စီးယိုယွင်းသည်။ယာဉ်စစ်လျင် အကြိမ်ကြိမ်ပြန်ရေးရသည်။ သံချေးတက်သည်။အရောင်လွင့်သည်။
ကျွန်တော် အင်္ဂလန်တွင် ကားဝယ်သည်။ ၁၉၇၆ ခုနှစ်တွင် ၀ယ်ထားသော ထိုကားနံပါတ်ပြား၏ အောက်ခံအရောင်သည် ယနေ့တိုင် မလွင့်မပျက်သေးပါ။ အပေါ်နံပါတ်များလည်း အရောင်မပျက်သေးပါ။အကောင်းပကတိ ဒီအတိုင်းရှိပါသည်။(ထိုကားကို အင်္ဂလန်တွင် ငါးနှစ်စီးထားပြီး ရန်ကုန်ရောက်မှ နံပါတ်ကို ဖြုတ်ယူသိမ်းထားခြင်းဖြစ် သည်။)ကျွန်တော်တို့ ဆင်းရဲပါသည်။အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သည်။ ဆင်းရဲသည့်အထဲ အနှိပ်စက်ခံဖြစ်ရတာကိုတော့ ၀မ်းနည်းဖွယ်ကောင်းလှပါသည်။ပြည်သူကိုကြင်နာပါ။
ဥပဒေသ။ ပြည်သူ့ဂုတ်သွေးကို စုပ်ဖို့ ကြိုးစားတာကို သတိထားဆင်ခြင်သင့်သည်။
နိဂုံး
ဝါသနာ၊ စေတနာ၊ အနစ်နာခံသော ဆရာ၊ ဆရာများအတွက် ကိုယ်ချင်းစာ အသည်းနာရပါသည်။

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:55 AM

ချစ်သော ကဗျာဆရာ...

16mt7
ဓာတ်ပုံ - ပိတောက်ပွင့်သစ် (စာပေအနုပညာမဂ္ဂဇင်း)
(၁)
ယခုလို အချိန်အခါမျိုးမှာ လူတစ်ယောက်ကို ထူးထူးခြားခြား ကျွန်တော် သတိရနေမိသည်။ သို့သော် ထိုသူကို ကျွန်တော် ပြန်မဆုံနိုင်တော့ပါ။ ရင်ထဲတွင် မှတ်မှတ်ရရ ဖြစ်ခဲ့သည်များကို အိပ်မက်ဆန်ဆန် ပြန်တွေးနေရုံမှတစ်ပါး သူ့ကို ကျွန်တော် ပြန်မတွေ့နိုင်တော့ပါ။ ယခုလို အချိန်အခါမျိုးမှာဟု သုံးနှုန်းရခြင်းမှာ ယခင်ကမရှိခဲ့သော အခြေအနေများကြောင့် ဖြစ်သည်။ မြန်မာပြည်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အချို့က Burma Spring ဟု ခေါ်ဝေါ်ကြသည်။ ''မြန်မာနွေဦး''။ ကျွန်တော်ကတော့ သိပ်သဘောမတူလှပါ။ Arab Spring နှင့်ယှဉ်ပြီး Burma Spring ဟု ခေါ်ဝေါ်ကြသော်လည်း ကွာခြားမှုတော့ များစွာရှိပါသည်။ ''အာရပ်နွေဦး''က တော်လှန်သော နွေဦးဖြစ်ပြီး မြန်မာနွေဦးကတော့ ဒီလိုမဟုတ်ပါ။ မြန်မာပြည်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို သွားနေပြီဟု ဆိုသော်လည်း အာရပ်နွေဦးနှင့် အနှစ်သာရအားဖြင့် ကွာခြားနေသေးသည်။ အာရပ်နွေဦးက တော်လှန်သောနွေဦးဖြစ်သဖြင့် သွေးထွက်သံယိုမှု ကြီးမားသည်။ ပဋိပက္ခ ပြင်းထန်သည်။ ရရှိသော ဒီမိုကရေစီကလည်း ပြည့်ပြည့်၀၀ တစ်လုံးတစ်ခဲတည်း။ မြန်မာနွေဦးကျတော့ ညင်သာသော အသွင်ကူးပြောင်းမှုဖြစ်ပြီး ရရှိသည့် ဒီမိုကရေစီကလည်း တစ်ဝက်တစ်ပျက်။ သိပ်စိတ်မချရသေးဟု ဆိုရမည့် အနေအထား။
ဒီအနေအထားမှာပဲ အဝေးရောက် ကျွန်တော်တို့ မိတ်ဆွေများစွာ အိမ်ပြန်ရောက်လာကြသည်။ အကျဉ်းထောင် အုတ်နံရံအသီးသီးမှ ပြန်ရောက်လာကြသူတွေရှိသလို မိုင်ပေါင်းထောင်ချီ ဝေးကွာသောအရပ်များဆီမှ ပြန်လာကြသူများလည်း ရှိသည်။ ဒီတစ်သက် ပြန်မတွေ့နိုင်တော့ဟု ထင်ခဲ့ရသူများ အမိနိုင်ငံ၏ မြေကြီးကို မြေချခွင့် တစ်ဖန်ပြန်ရခဲ့ကြသည်။ ဟိုတုန်းက သူပုန်၊ ဟိုတုန်းက တော်လှန်ရေးသမား၊ ဟိုတုန်းက အစိုးရဆန့်ကျင်သူများ တစ်ယောက်ပြီးတစ်ယောက် ပြန်လာကြသည်။ သည်လို ပြန်လာကြသူတွေထဲမှာ သူပါလာသင့်သော်လည်း သူပြန်မလာနိုင်တော့ပါ။ မြန်မာပြည်ကို ချစ်သော၊ မြန်မာမှု၊ မြန်မာရနံ့ကိုချစ်သော အလွန်မြန်မာဆန်သော သူသည် နောက်ဆုံးအခွင့်အရေး တစ်ခုကိုသော်မျ မရရှိနိုင်ပါပဲ မိုင်ထောင်ချီဝေးသော အရပ်တစ်နေရာဆီမှာ ထာဝရ လဲလျောင်းကျန်ရစ်နေခဲ့ရသည်။ ထိုသူသည်ကား ကျွန်တော်ချစ်သော ကဗျာဆရာ...။
(၂)
မိုးပိတောက်ပင်ကြီးများ ကိုင်းညွတ်ရိပ်မိုးထားသည့် သထုံလမ်းပေါ် လမ်းလျောက်သွားရသည့် အရသာမှာ ကျွန်တော့်အဖို့ ဘယ်အခါမျမရိုးနိုင်။ ဒီဘက်မှာ တက္ကသိုလ်ရေကူးကန်၊ သည်ဘက်မှာ တင်းနစ်ကွင်း၊ သည်ဘက်မှာ တက္ကသိုလ်အားကစားကွင်း၊ သည်ဘက်မှာ တကောင်းဆောင်၊ သည်ဘက်မှာ ဘီအိုစီကောလိပ်၊ သည်ဘက် လမ်းကလေးပေါ်မှာ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် နေ့စဉ်ကျွန်တော် လမ်းလျောက်သွားခဲ့ရသည်။ လမ်းလျောက်ရတိုင်း ရိုးသွားသည်မရှိ။ ကြည်နူးဆွတ်ပျံ့ဖွယ် တက္ကသိုလ်ရနံ့ကို ကျွန်တော်ရှုရှိုက်ရသည်။ ဘီအိုစီကောလိပ်ဟောင်းမှာ တည်ရှိသော သည်ဌာနသို့ ကျွန်တော်ရောက်ရှိချိန်တွင် ဆရာသည် ဌာနတွင်မရှိတော့ပါ။ မြန်မာစာ သင်ရိုးညွှန်းတမ်းပြုစုရေး တာဝန်ဖြင့် တောင်ငူဆောင်ဘက်သို့ ရောက်နေကြောင်း သိရသည်။ ဆရာ့ရုံးခန်းနှင့် စားပွဲကတော့ ကျွန်တော်တို့ရုံးထဲမှာ ပိုင်ရှင်မဲ့ရှိနေဆဲ။ တာဝန်ဖြင့် အခြားတစ်နေရာ သွားနေရသော်လည်း ဆရာသည် ဒီရုံးဝန်ထမ်းအဖြစ် ရှိနေဆဲဖြစ်သည်။
သို့သော် ဌာနဆီသို့ မကြာမကြာ ဆရာလာပါသည်။ ဌာနဆီသို့ ဆိုခြင်းထက် ဆေးတက္ကသိုလ် အနောက်ဘက် ကင်းတင်းထဲက ဒေါ်ကြည်လက်ဖက်ရည်ဆိုင်သို့ လာခြင်းဖြစ်သည်။ ဗာဒံပင်များ၊ ငှက်ပျောပင်များ ရိပ်မိုးထားသည့် ဒေါ်ကြည်လက်ဖက်ရည်ဆိုင် ထိုင်ခုံများမှာထိုင်ရင်း စာအကြောင်း၊ ပေအကြောင်း မိတ်ဆွေများအကြောင်း ရယ်ရယ်မောမော ပြောနေတတ်သည်။ ဆရာက လက်ဖက်ရည်ဆိုင်မှာ ခုလိုဝိုင်းဖွဲ့ထိုင်ရင်း စကားပြောရသည်ကို အလွန်နှစ်ခြိုက်သူဖြစ်သည်။ ရေနွေးကြမ်းတွေ တစ်အိုးပြီး တစ်အိုး။ ဆေးပေါ့လိပ်တွေ တစ်လိပ်ပြီး တစ်လိပ်။ စကားတွေက မကုန်နိုင်၊ မခန်းနိုင်။ ဒီအထဲမှာ မှတ်သားစရာတွေ လည်းပါသည်။ ကျွန်တော်တို့မသိသေးသော အတိတ်သမိုင်းတချို့ပါ သည်။ ဒီတုန်းက ကျွန်တော်သည် ဆရာတို့ လက်ဖက်ရည်ဝိုင်း၏ နားထောင်သူပရိသတ်။ ဆရာ့မိတ်ဆွေတွေထဲမှာ စာရေးဆရာတွေပါသည်။ ကဗျာဆရာတွေပါသည်။ တက္ကသိုလ် ပါမောက္ခတွေ၊ ဆရာတွေပါသည်။ ကျူရှင်ဆရာတွေပါသည်။ ပန်းချီ ဆရာတွေပါသည်။ သည်လက်ဖက်ရည်ဝိုင်းကလေးက အနုပညာစကားဝိုင်းတစ်ခု ဖြစ်သလို နိုင်ငံရေးစကားဝိုင်း တစ်ခုလည်းဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် ငြင်းကြ ခုံကြသည်။ အမြင်ချင်း ဖလှယ်ကြသည်။ တစ်ခါ တစ်ရံတော့ ဘာမျမဟုတ်တာလေးတွေ ပြောဖြစ်ခဲ့တာလည်း ရှိသည်။
ဆရာက လူချစ်လူခင် အလွန်ပေါများသူဖြစ်သည်။ မျက်နှာဝိုင်းဝိုင်း ပါးစောင်အစ်အစ်။ ခန္ခာကိုယ်က ၀၀ဖိုင့်ဖိုင့်၊ ရှပ်အင်္ကျီလက်တို၊ ပုဆိုး ကွက်ကျဲနှင့် လွယ်အိတ်ကြီးတစ်လုံး ကတော့ ပခုံးပေါ်မှာ အမြဲတမ်းပါသည်။ ပြုံးပြုံး ပြုံးပြုံးနှင့် စကားဆိုတတ်ပြီး ဟန်ဆောင်မှုကင်းသောကြောင့် တစ်ကြိမ်တွေ့ဆုံဖူးရုံဖြင့် ဆရာ့ကို ခင်မင်သွားကြသည်။ ထင်ရှားသော ကဗျာဆရာကြီးတစ်ဦး ဖြစ်နေခြင်းကြောင့်လည်း ဆရာထိုင်သော လက်ဖက်ရည်ဝိုင်းမှာ အပေါင်းအသင်းတွေနှင့် အမြဲစည်ကားနေတတ်သည်။ ဆရာ၏ ထင်ရှားသော အမှတ်လက္ခဏာတစ်ခုမှာ ပြုံးလိုက်တိုင်း ပါးစုံနှစ်ဖက်ဖောင်းကာ မျက်လုံးနှစ်ဖက် ပိတ်လုမတတ် ဖြစ်သွားခြင်းဖြစ်သည်။

တကယ်တော့ ဆရာသည် တော်လှန်ကဗျာဆရာ တစ်ဦးဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များက ပေါ်ပေါက်ခဲ့သည့် 'တော်လှန်ကဗျာ' အုပ်စု ထဲကတော့မဟုတ်။ ၁၉၉၀ ပြည့်လွန်နှစ်များမှာ ပေါ်ထွက်လာသည့် တော်လှန်ကဗျာဆရာဖြစ်သည်
ဆရာသည် အညာသားတစ်ဦး ဖြစ်သည်။ အညာတက္ကသိုလ် မန္တလေး သည် ဆရာ၏ ရင်ငွေ့လှုံရာဖြစ်သည်။ ဆရာ့ဘ၀မှတ်တမ်းအရ ဆရာသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခဲ့ရာတွင် အထူးချွန်ဆုံး မြန်မာစာဖြေသူတစ်ဦးအဖြစ် ပါမောက္ခ၏ အသိအမှတ်ပြု ချီးကျူးခံရသူ ဂုဏ်ထူးရ ကျောင်းသားတစ်ဦး ဖြစ်ခဲ့သည်ဟု သိရသည်။ ဆရာ့ကို ထင်ရှားစေခဲ့သည်မှာ ''ဖန်မီးအိမ်ကဗျာများ'' ဖြစ်သည်။ သည်ကဗျာစာအုပ်ဖြင့် ၁၉၅၉ ခုနှစ်မှာ ဆရာအမျိုးသားစာပေဆု ရရှိခဲ့သည်။ သည်တုန်းက ကျွန်တော်ပင် မမွေးသေး။ အညာသား ကဗျာဆရာကြီးနှင့် ကျွန်တော် ကံအားလျော်စွာ ရန်ကုန်တက္ကသိုလ် ပရ၀ဏ်အတွင်းမှာ ဆုံတွေ့ခွင့်ရခဲ့သည်။ တစ်ခါတစ်ရံ  တောင်ငူဆောင် ကင်တင်းမှာ။ တစ်ခါတစ်ရံ ဆေးတက္ကသိုလ် အနောက်ဘက် ဒေါ်ကြည်လက်ဖက်ရည်ဆိုင်မှာ ဆရာ့အနီးမှာ အမြဲတမ်းလိုလို ကဗျာသမား၊ စာသမား လူငယ်တွေ ၀ိုင်းရံနေတတ်သည်။ စာအကြောင်း၊ ပေအကြောင်းတွေ ပြောကြ။ ရယ်စရာ မောစရာတွေ ပြောကြ။ ၁၉၈၀ ပြည့်လွန်နှောင်းပိုင်း ကာလများမှာ မြန်မာနိုင်ငံရေး မုန်တိုင်းထန်သောကာလ ဖြစ်သည်။ RIT ကျောင်းသားများ စတင်သော ငွေစက္ကူ အရေးအခင်းသည် လှည်းတန်းလမ်းဆုံ တစ်ဝိုက်သို့ ကူးစက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများပါ ပါဝင်လာသည်။ ဆရာက တက္ကသိုလ်ဝင်းထဲမှာ နေသူဖြစ်သည်။ အင်းစိန်ရှိ ဆောက်လက်စ ''ကဗျာဆရာအိမ်'' မှာ မပြီးသေး။ ကဗျာဆရာအိမ်ဆို၍ ဗိသုကာဆရာရွှေကို သတိရမိသည်။ ဆရာနှင့် ရင်းနှီးသော မိတ်ဆွေတွေထဲမှာ ပန်းချီဆရာ ယဉ်မင်းပိုက် ပါဝင်သလို ဗိသုကာဆရာရွှေလည်း ပါဝင်သည်။ ဆရာရွှေက ဗိသုကာပညာကို ရိုးရာဗိသုကာ ဘာသာရပ်ဖြင့် ဂျပန်တက္ကသိုလ်တစ်ခုမှ အထူးပြု ရရှိထားသူဖြစ်သည်။ အင်းစိန်ရှိ ဆရာ့နေအိမ်ကို ဆရာရွှေက ပုံစံထုတ်ပေးခဲ့ရာ စမ်းချောင်းကလေးပေါ်မှာ မေးတင်ထားပြီး အလွန်ချစ်စရာ ကဗျာဆန်သော အိမ်ကလေး ဖြစ်ခဲ့သည်။ နောက်ပိုင်းမှာ ဆရာသည် ထိုအင်းစိန်နေအိမ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။
လှည်းတန်းတစ်ဝိုက်၊ ရန်ကုန်တက္ကသိုလ်တစ်ဝိုက် ကူးစက်လာသော အရေးအခင်း ကာလထဲမှာ ဆရာနှင့် ကျွန်တော်တို့တစ်တွေ အဆုံအတွေ့ မပြတ်ခဲ့ကြ။ ကဗျာဆရာသည် လွတ်လပ်မှုကို မြတ်နိုးသလို အမှန်တရားကိုလည်း မြတ်နိုးသည်။ မတရားမှု၊ ရက်စက်မှုတို့ကိုလည်း စက်ဆုပ်ရွံ့ရှာသည်။ ဆရာနှင့် ကျွန်တော်တို့တစ်တွေ၏ ရှေ့မှောက်မှာ ဖြစ်ပွားခဲ့သည့် ရက်စက်ကြေကွဲဖွယ် ကျောင်းသားအရေးအခင်းကြောင့် ကျွန်တော်တို့တစ်တွေမှာ ဒဏ်ရာအမာရွတ်တို့ အမြစ်တွယ် ကြီးထွားခဲ့ရသည်။ ဒီကာလအတွင်းမှာပဲ ဆရာ့ထံမှ ရဲရဲတောက်ကဗျာတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ထွက်ပေါ်လာသည်။ စာမျက်နှာပေါ် ပုံနှိပ်ဖော်ပြခွင့် မရခဲ့သော ဆရာ့ကဗျာများကို ပုန်းလျိုးကွယ်လျိုး ကျွန်တော်တို့ ဖတ်ရှုခွင့်ရခဲ့ကြသည်။
၁၉၉၁ ခုနှစ်မှာ ဆရာခေတ္တတာဝန်ယူလုပ်ကိုင်သော နာမည်ကျော် မဂ္ဂဇင်းကြီးမှာ ပိတ်ပင်ခံလိုက်ရသည်။ မရှေးမနှောင်းမှာပင် ဆရာသည်လည်း အင်းစိန်တောရသို့ ၀င်သွားခဲ့ရသည်။ ၁၉၉၀ ပြည့်လွန်နှစ်များမှာ စာရေးဆရာ၊ ကဗျာဆရာ၊ အနုပညာသမား နိုင်ငံရေးသမားအားလုံး ကျီးလန့်စာစား ဖြတ်သန်းခဲ့ရသော နှစ်များဖြစ်သည်။ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည်။ အချိန်မရွေး ဘ၀ပျက်သွားနိုင်သည်။
စိုးတထိတ်ထိတ်
တံခါးပိတ်လည်း စိတ်ကမလုံ၊
ရင်တုန်တုန် လမ်းကြိုလမ်းကြား၊ လျောက်၍သွားလည်း
နောက်နားကပ်လာ၊ အရိပ်ပမာသို့
ထိတ်စရာကြုံ၊ လိပ်ပြာမလုံ။
တမှေးအိပ်လည်း
လူခြေသာတိတ်၊ ခြေသံမတိတ်
တိတ်တိတ်စောင့်ကြည့်နေသလို။

လက်ဖက်ရည်ဆိုင်၊ ထိုင်ခုံတစ်လုံး
တိတ်တိတ်ပုန်း၍၊
စကားလုံးများ၊ ဖမ်း၍ထားကာ
နားစိုက်ထောင်နေလေရော့ထင့်။
ဘယ်သွား ဘယ်လာ၊ ဘယ်မှာ ဘယ်ချိန်
ဘယ်အိမ်ရောက်ရောက်၊
တံခါးမခေါက်၊ ကိုယ်ရုပ်ဖျောက်၍ သူရောက်နေမြဲ၊ စောင့်နေမြဲ။

ထောက်လှမ်းရေးနှင့် စစ်ရေးနှင့်ကြုံ
ဒုက္ခဘုံ . . .။
၁၉၉၅ ခုနှစ်မှာ အင်းစိန်တောရမှ ဆရာပြန်ထွက်လာသည်။ အရင်လိုပဲ အင်းစိန်မှာ၊ လှည်းတန်းမှာ၊ တောင်ငူကင်တင်းမှာ၊ ၃၂ လမ်းမှာ၊ မိတ်ဆွေတွေ၊ တပည့်တပန်းတွေနှင့် လက်ဖက်ရည်ဆိုင် ခွေးခြေခုံပုဝိုင်းမှာ ဆရာ့ကိုမြင်ရသည်။ ရယ်ရယ်မောမော ပြုံးပြုံးရွှင်ရွှင်ပါပဲ။ ဆရာကနေ့တိုင်း ကဗျာရေးသည်ဟု သိရသည်။ ဆရာ့လွယ်အိတ်ထဲမှာ အမြဲတမ်း ကဗျာတွေ အသင့်ရှိနေတတ်သည်။ ဆရာ့ထံမှ ကဗျာစာမူတောင်းလျင် ချက်ချင်းထုတ်ပေးတတ်သည်။ ကြိုက်တဲ့ကဗျာယူ သွားစိစစ်ရေးလွတ်တာ၊ မလွတ်တာ မင်းတို့တာဝန်''ဟု ဆိုသည်။
တကယ်တော့ ဆရာသည် တော်လှန်ကဗျာဆရာ တစ်ဦးဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များက ပေါ်ပေါက်ခဲ့သည့် ''တော်လှန်ကဗျာ'' အုပ်စု ထဲကတော့ မဟုတ်။၁၉၉၀ ပြည့်လွန်နှစ်များမှာ ပေါ်ထွက်လာသည့် တော်လှန် ကဗျာဆရာဖြစ်သည်။ ဆရာ့ကဗျာတွေက စာမျက်နှာများပေါ်သို့ တရားဝင် မရောက်ခဲ့ပါ။ ပုန်းလျိုးကွယ်လျိုး ထုတ်ဝေခဲ့သော စာမျက်နှာများပေါ်မှသာ သိုသိုသိပ်သိပ် ဖော်ပြခဲ့ရသည်။
ဦးညွှတ်ပါ၏
ရဲဘော်တချို့ ကျဆုံး
ရဲဘော်တချို့ ထောင်ထဲ
ရဲဘော်တချို့ ရှောင်ပုန်း
တစည်းတလုံးတည်း မနေရအောင်
ဇယားချဖျက်ဆီး
အရင်းအနှီးကြီးမားစွာပေးရ
လူ့အခွင့်အရေးနဲ့
ဒီမိုကရေစီရေးကာလမှာ
သွေးစတွေ သွေးစက်တွေ
ပွက် ပွက်ထလို့ ပါလား။
အောင်ပွဲနေ့ဆိုတာ
မရှောင်မလွဲတွေ့ရမယ်
ယနေ့ဟာ အရင်းအနှီး
မနက်ဖြန် အသီးအပွင့်
မျော်လင့်ချက်ရင်ထဲအပြည့်။
ခိုင်မာတဲ့ ယုံကြည်ချက်မို့
အသက်ကိုပေးခဲ့တယ်။
စွန့်စား စွန့်လွှတ်ခဲ့ကြတဲ့ ရဲဘော်အပေါင်းတို့
ငါ၏ ဦးခေါင်းညွတ်လျက်။
၁၉၉၇ ခုနှစ်မှာ ပြည်ပသို့ ဆရာထွက်ခွာသွားသည်။ အစ ပထမ အလည်သွားတာ သက်သက်ဖြစ်သည်။ သမီးရှိရာ ဥရောပနိုင်ငံ တစ်ခုသို့ အလည်သွားခဲ့သော ဆရာသည် ပြည်ပအသံလွှင့်ဌာနတစ်ခု၏ တွေ့ဆုံမေးမြန်းမှုမှာ ''နှုတ်ကျွံ'' သွားခဲ့ရာမှ ထာဝရ Exile  အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ သည့်နောက်ပိုင်းမှာ ဆရာ့အသံကို လေလှိုင်းထဲမှာပဲ ကြားနေရပြီး လူချင်းပြန်မဆုံဖြစ်တော့ပါ။
၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ အကြောင်းကိစ္စ တစ်ခုဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ကျွန်တော်ရောက်ရှိခဲ့သည်။ တစ်ရက်တွင် ကျွန်တော် ခေတ္တတည်းခိုနေထိုင်ရာ တိုကျိုတာဝါအနီးရှိ ဟိုတယ်သို့ ဧည့်သည်တစ်ဦး ရောက်ရှိလာသည်။ ဧည့်သည်နှင့်အတူ အဖော်နှစ်ဦးလည်း ပါလာသည်။ အဆိုပါ ဧည့်သည်သည် ဦးထုပ်ကို ခေါင်းငိုက်စိုက်ဆောင်းထားပြီး ကုတ်အင်္ကျီထူထူကို ၀တ်ဆင်ထားသည်။ အရပ်နိမ့်နိမ့်၊ ခန္ခာကိုယ် ၀၀ဖိုင့်ဖိုင့်၊ ပုဆိုးဝတ်ထားသည်။ ဧည့်သည်တစ်ဦးက ''ခင်ဗျားကို ဂျပန်စာရေးဆရာကြီး တစ်ဦးနဲ့ မိတ်ဆက်ပေးမလို့'' ဟု နောက်သည်။ သူတို့တွေကို ကျွန်တော်မသိပါ။ မြန်မာတွေဆိုတာပဲ သိသည်။ ''ကော်ဖီသွားသောက်ရအောင်'' ဟု ဖိတ်ခေါ်သဖြင့် ဟိုတယ်အနီးရှိ ကော်ဖီဆိုင်တစ်ဆိုင်သို့ သွားကြသည်။ ကော်ဖီဆိုင်တွင် စောစောက ဦးထုပ်ခေါင်းငိုက်စိုက် ဆောင်းထားသည့် ပုဂ္ဂိုလ်သည် ဦးထုပ်ကို ရုတ်တရက် ချွတ်လိုက်ပြီး ''ဂျပန်စာရေးဆရာကြီး ဆိုတာ ကျုပ်ပဲ'' ကျွန်တော် အလွန်အံ့အားသင့်သွားသည်။ ဆရာ့ကို ဒီနေရာ၊ ဒီအရပ်မှာ မမျော်လင့်ဘဲ ပြန်တွေ့လိုက်ရသည့်အတွက် ဖြစ်သည်။ အရင်တုန်းကလိုပဲ ရယ်စရာ မောစရာတွေပြောတုန်း။ ခေတ်ကြီးကို သရော်တုန်း။ ဟာသတွေ လုပ်နေတုန်း။ ဆရာက ဂျပန်ကို စာပေဟောပြောပွဲကိစ္စဖြင့် ရောက်နေခြင်းဖြစ်သည်။ ကျွန်တော့်ကိုမြင်တော့  မြန်မာပြည်လွမ်းစိတ်တွေ ဆရာ့မျက်ဝန်းပေါ် ဖြတ်သွားတာ ကျွန်တော် သတိပြုလိုက်မိသည်။ ဆရာ မြန်မာပြည်ကို အလွန်သတိရနေကြောင်း စကားတွေထဲမှာ တသွင်သွင်ပါသည်။ ဟိုစာရေးဆရာအကြောင်း၊ ဒီစာရေးဆရာအကြောင်း၊ ဟိုမဂ္ဂဇင်းအကြောင်း၊ ဒီမဂ္ဂဇင်းအကြောင်း၊ သူနှင့် ရင်းနှီးသော မိတ်ဆွေများအကြောင်း မနားတမ်း မ၀တမ်း ပြောဖြစ်ကြသည်။ လေကြောရှည်လွန်းသဖြင့် ကော်ဖီဆိုင်ကို အားနာကာ နောက်တစ်ဆိုင် ပြောင်းထိုင်ရသည်အထိ ဖြစ်သည်။ ဆရာသည် ရန်ကုန်တွင်ရှိစဉ် လက်ဖက်ရည်ဆိုင်များတွင်သာ မိတ်ဆွေများနှင့် စကားဖောင်ဖွဲ့ အချိန်ကုန်လေ့ရှိသည်။ ကျွန်တော်တို့ လမ်းခွဲကြခါနီးမှာ ဆရာ့လေသံ ပျော့လာသည်။ အိမ်လွမ်းစိတ်၊ အမိမြန်မာပြည်ကို ပြန်လိုစိတ်တွေ ဆရာ့ရင်ထဲ ပြည့်နေတာ ကျွန်တော် သတိထားမိလိုက်သည်။
(၃)
ထိုအဖြစ်အပျက်မှာ ဆရာနှင့် နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်သည်။ အဝေးရောက် ကဗျာဆရာတစ်ဦး အနေဖြင့် ဆရာသည် ဥရောပ၊ အာရှ၊ သြစတြေးလျ၊ အမေရိကနိုင်ငံများအကြား လှည့်လည်ပြီး ပြည်ပရောက် မြန်မာများကို စာပေအနုပညာ ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ တစ်ခါတစ်ရံ မြန်မာပြည်နှင့် အနီးဆုံး ထိုင်းနိုင်ငံသို့လာပြီး အိမ်လွမ်းစိတ်ကို ဖြေသိမ့်ခဲ့သည်ဟု ကြားရသည်။ ရန်ကုန်မြို့မှ လွတ်လပ်ပေါ့ပါးသော လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု အမှတ်တရအဖြစ် ''ခွေးခြေခုံပုံ'' ကလေးတစ်လုံးကို ပါဆယ်ထုပ်၍ ဆရာထံပို့ပေးခဲ့ရသည်ဟုလည်း ကြားရသည်။ သောင်ရင်းမြစ်ကမ်းနဖူးပေါ် မတ်တတ်ရပ်ရင်း မြန်မာပြည်ဘက်ခြမ်းကိုကြည့်ကာ ငိုကြွေးခဲ့သည့် ဆရာ့သတင်းကို ကြားရသည်။
၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ ဆရာရုတ်တရက် ကွယ်လွန်ခဲ့ပါသည်။ ကော်ဖီဆိုင်မှာ ထိုင်နေရင်း ရုတ်တရက် လဲကျကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟု ကြားရသည်။ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းကို ဆရာမသိလိုက်နိုင်ခဲ့ပါ။ ၂၀၀၈ နာဂစ်မုန်တိုင်းသတင်းကိုလည်း ဆရာမကြားနိုင်ခဲ့။ ၂၀၀၉၊ ၂၀၁၀ မြန်မာ့ နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲကိုလည်း ဆရာမမြင်တွေ့လိုက်နိုင် ခဲ့တော့ပါ။ ပြည်ပရောက် နိုင်ငံသားတွေ အမိနိုင်ငံပြန်လာခွင့် ရချိန်မှာ ဆရာပြန်လာတာကို မြင်ချင်သော်လည်း မြင်ခွင့်မရတော့ပါ။ မြန်မာကို ချစ်သော၊ မြန်မာမှုကို ချစ်သော၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးသော၊ မြန်မာရနံ့ကို ခင်တွယ်သော ကျွန်တော်ချစ်သော ကဗျာဆရာသည် ပြည်ပနိုင်ငံ အဝေးတစ်ရာမှာ ထာဝရလဲလျောင်း အိပ်စက်ကျန်နေရစ်ခဲ့ပြီ။
သည်စာစုကို ဆရာ၏ထင်ရှားသော ကဗျာတိုလေးဖြင့် နိဂုံးသတ်ချင်ပါသည်။
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါတော့ . . .။
                                  တင်မိုး

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 2:46 AM

Wednesday, November 21, 2012

ကလေးဘ၀ကစခဲ့တဲ့ မေးခွန်းများ


ချော်လဲဖူးပါသလား မေးလျှင် တော်တော် အူကြောင်ကြောင်နိုင်လိုက်လေခြင်းဟု ထင်ကောင်းထင်ကြမည်။ ဖူးသစ်စ မနက်ခင်းတစ်ခုနှင့် ကစားဖူးပါသလား သို့ မဟုတ် အရွယ်ရောက်လာပြီးမှ အကြိမ်ကြိမ်ချော်လဲဖူးပါသလား။ အကယ်၍ သင်သည် အရွယ်ရောက်မှ ချော်လဲလေ့ရှိတတ်ခဲ့လျှင် သင်၏ကလေးဘ၀၌ လွဲချော်မှု အတော်အတန် ရှိခဲ့ပေလိမ့်မည် ဖြစ်သည်။
သေချာတာကတော့ ကျွန်တော်တို သည် ကလေးဘ၀၌  ဒဏ်ရာများတော့ ရခဲ့ဖူးပါလိမ့်မည်။ အဖေးတက်လာသော အနာလေးများ ယားယံခြင်း၌ သာယာတတ်မည်ဆိုပါက သင်သည်အောက်ပါစာများ ဖတ်ရန် မည်သို့မျှ မသင့်လျှော်ပါ။
ကလေးချစ်သူ တော်တော်များများ ကျွန်တော်တွေ့ ဖူးသည်။ သို့သော် ကလေးကိုချစ်ခြင်းထက် ကလေးကြောင့်ရသော မိမိတို့၏ ပျော်ရွှင်မှုကို ပိုမို၍ ချစ်ခင်နေကြခြင်းကို တွေ့နေရသည်။ ကလေးတို့မည်သည် လူနုနယ်ခြင်း ထက်ပို၍ စိတ်လည်း အလွန်နုနယ်တတ်သည်ကို သတိထားမိရန်လိုအပ်သည်။
ကလေးငယ်ဘ၀မှ ကလေးဘ၀သို့  ရောက်ရန် အရိုးများဆက်ပေးရလေသည်။ ထိုသို့ အရိုးဆက်နေချိန်အတွင်း ဦးနှောက်မှာလည်း သိသိသာသာ ဖွံ့ ဖြိုးလာစေပြီး မိမိဘေးနားမှာ ရှိသူများ ပြောသည့်အတိုင်း တစ်လုံးစ နှစ်လုံးစ လိုက်ပြောတတ်လာမည်။ အမြင်အကြားစသော အာရုံများ ပွင့်လာမည်။ စကားပြောတတ်ခြင်း အခြေအနေသို့ရောက်မည်။
ထိုအခါ သူတို့၏ပတ်ဝန်းကျင် အသစ်စက်စက်အကြောင်း သိချင်လာကြမည်ဖြစ်လေရာ သူတို့ တတ်သမျှ စကားတို့နှင့် မေးမြန်းကြပေလိမ့်မည်။ အကယ်၍ သင်သည် ကလေးချစ်သူ တစ်ဦးဆိုပါစို့။ ကလေးဘယ်နှစ်ယောက်၏ မေးခွန်းတွေကို လစ်လျူရှုခဲ့ပြီးပြီလဲ။ ဘယ်နှစ်ကြိမ် ပေါ့ပေါ့တန်တန် ဖြေဆိုပြီးခဲ့ပြီလဲ။ ဘယ်နှစ်ခါ ရယ်မောဖြစ်ခဲ့ပြီလဲ။ သင့်ကြောင့် ကလေး ဘယ်နှစ်ယောက် စိတ်ဒဏ်ရာ ရခဲ့ပြီလဲ။                                                                                                                             
မေးခွန်းတို့ သဘောသဘာဝအရ နှစ်မျိုးနှစ်စားသာ ရှိပါသည်။ ကိုယ်က သူတစ်ပါးကိုမေးသော မေးခွန်းနှင့် သူတစ်ပါးက ကိုယ့်ကို မေးသော မေးခွန်းများပင် ဖြစ်သည်။(ကျွန်တော် ဆိုလိုသည့် သူတစ်ပါးဆိုသော နာမ်စားမှာ သက်ရှိရော သက်မဲ့ပါ ပါဝင်သည်) သူစိမ်းတွေနှင့်ဆက်ဆံရာ၌ ကျွန်တော်တို့သည် မေးခွန်းတော်တော်များကို မေးမြန်းခဲ့သလို ဖြေဆိုခဲ့ပြီးလည်း ဖြစ်ခဲ့သည်။ မေးခွန်းများ၏ အဖြူစင်ဆုံး အချိန်မှာ စကားပြောတတ်ခါစ ကလေးဘ၀ ပင်။ သူတို့သည် အစပင်ဖြစ်သည်။ သူတို့ကို သူတို့  လူဟုပင် မသိကြ၊ သူတို့သိသည်မှာ မိဘ နှစ်ပါးနှင့် မြင်နေကျ လူအနည်းငယ်သာ။
၁၉၉၀ ခန့်  ရခိုင်ပြည်နယ် သံတွဲမြို့  ဂျိတ္တောကျေးရွာလေးမှာ ကျွန်တော် ပထမတန်း၊ဒုတိယတန်း အရွယ်တုန်းက ဖြစ်သည်။ ကျွန်တော့်တွင် သူငယ်ချင်းဟူ၍ များများစားစား မရှိလှပါ။ ဘာရယ်မဟုတ် ကျောင်းပိတ်ရက် ကလေးတို့ သဘာဝ ဆော့ကစားနေသောတစ်နေ့။ ကျွန်တော်က ရှေ့ကတိုင်သည်။ ကျွန်တော့်သူငယ်ချင်းတွေက နောက်မှ လိုက်အော်၏။
          " ဒီမိုကရေစီ ရရှိရေး၊ ဒို့ အရေး.. ၊ ဒို့ အရေး.. "
ဒီမိုကရေစီ ဟူသော ဝေါဟာရအား ကျွန်တော်မသိခဲ့။ ကျွန်တော့် သူငယ်ချင်းများလည်း မသိခဲ့။ နားစွဲနေသော စကားလုံးကို တွေ့ရာ အော်ကြခြင်းဖြစ်သည်။ ထိုသို့ အော်ရင်းဖြင့် ဆက်သွယ်ရေး အရာရှိတစ်ဦးအိမ်ရှေ့သို့ရောက်သောအခါ ထိုသူက အိမ်ပေါ်မှ ပြေးဆင်းလာပြီး ကျွန်တော်တို့အား ထိုသို့မအော်ရန်တားသည်။ ကျွန်တော့်နောက်မှ လိုက်အော် နေကြသူများထဲတွင် သူ၏သားဖြစ်သူလည်း ပါသည်။
ထိုလူကြီးက သူ့ သားကို ဆွဲထုတ်ကာ ကျွန်တော်တို့ရှေ့ တွင် ပြင်းပြင်းထန်ထန် ရိုက်သည်။  ထို့နောက် ကျွန်တော်တို့ မိဘတွေကိုလည်း တိုင်သည်။ အိမ်ပြန်ရောက်တော့ ကျွန်တော့်အမေကလည်း ကျွန်တော့်ကို ရိုက်သည်။ ဘာလို့  ရိုက်တာလဲဟု ကျွန်တော်မေးသည့်အခါ ဘာမှ ပြန်မဖြေ။ ကျွန်တော်လည်း မငိုပါ။ ဒီမိုကရေစီကြောင့် အရိုက်ခံရသည်။ ဘာလဲ ဒီမိုကရေစီ…။ လူတွေ အုပ်လိုက်ကြီးဖြတ်သွားရင်း အားလုံးဝိုင်းအော်နေကြသည်ကိုမြင်ဖူးသည်။ သူတို့လည်း အရိုက်မခံရဘူးလား…။ 
နောက်တစ်နေ့  အမေရိုက်သော ဒဏ်ရာကြောင့် ကျွန်တော် ကျောင်းမတက်နိုင်ခဲ့။ နောက်ရက်တွေမှာ သူငယ်ချင်းတွေကို မေးကြည့်သည်။ ဒီမိုကရေစီဆိုတာဘာလဲ..။ သူတို့လည်းမသိ။ ကျွန်တော် အပါအ၀င် အကုန်လုံးနားလည်သွားကြသည်မှာ ဒီမိုကရေစီ ဟုအော်လျှင် အရိုက်ခံရမည်ဟုပင်။
ကျွန်တော်တို့ကို မြန်မာစာသင်သော ဆရာကို မေးကြည့်ပြန်သည်။ ဆရာက အဲဒါ သရဲတွေ မကောင်းဆိုးဝါးတွေ ခေါ်တဲ့ဂါထာ၊ အဲဒါရွတ်ရင် သူတို့လာပြီး မင်းကို ကုပ်ချိုးသတ်လိမ့်မယ် ဟုပြန်ပြောသည်။ ကျွန်တော် တကယ်ထင်ခဲ့သည်။
ကလေးဘ၀သည် အလွန်ဖြူစင်သည်ဟု သူများတွေ ပြောတာရေးတာရော သီချင်းထဲမှာပါ ကျွန်တော်ကြားခဲ့ရသည်။ မေးခွန်းတွေအတွက် သူတို့မှာ အဖြေမရှိ။ ထို့ကြောင့် လူကြီးတွေအတွက် အသက်ရှိသော ကစားစရာ အရုပ်ဖြစ်ခဲ့သည်။ လူကြီးတွေသည် သူတို့ကိုယ်တိုင် မဖြေနိုင်သော မေးခွန်းတစ်ချို့ ဖြင့် ကလေးများကို စ ကြသည်။ ဥပမာ " သား ဖေဖေနဲ့ မေမေ ဘယ်သူ့ကို ပိုချစ်လဲ " ။
ကလေးငယ်အတွက် တကယ့်ကို ပြဿနာပင်။ မိဘနှစ်ပါးရှိလျှင် ပိုဆိုးသည်။ ထိုအခါ လက်ဖ၀ါး အချင်းချင်းပွတ်၍ သော်လည်းကောင်း၊ ခေါင်းငုံ့ ၍သော်လည်းကောင်း၊ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍သော်လည်းကောင်း သူတို့၏ အနေရခက်မှု၊ ဖြေရှင်းရခက်မှုကို လူကြီးများသိအောင်ပြကြသည်။ ထိုအရာကို လူကြီးများက ရယ်စရာဟု သဘောထားကြသည်။ ဤသည်မှာ ကလေးငယ်အတွက် အနှုတ်လက္ခဏာ သို့မဟုတ် ဒဏ်ရာပင်ဖြစ်သည်။
 တချို့ က ကလေးဝတ်ထားသော အကျီကို အကြောင်းပြု၍ စကြသည်။
"မင်းအင်္ကျီက အစုတ်ကြီး အသစ်မ၀တ်ဖူးလား"
ထိုသို့  အစခံလိုက်ရသော ကလေးသည် ပြည့်ပြည့်စုံစုံထဲက ဆိုလျှင်အကြောင်းမရှိ။ ဆင်းရဲနွမ်းပါးသော မိသားစုမှ ဆင်းသက်လာခဲ့လျှင် ကလေးရော သူ့မိသားစုပါ အကျိုးယုတ်လှသည်။ သူသည် သူ့ အကျှီင်္အကြောင်း သူ့မိဘကို ပြောမည်။ အသစ်မဆင်နိုင်သော မိဘသည် ကလေးငယ်ကို ဆူမည်။ တစ်ချို့က ရိုက်နှုက်မည်။ ကြီးစွာသောသိမ်ငယ်ခြင်းတို့ဖြင့် ငိုကြွေးနေသော ကလေးငယ်သည် အလွန် အန္တာရယ်များလှသည်။ အကျီအစုတ်လေးနှင့်အတူ လမ်မှားပေါင်းများစွာကို ၀တ်ဆင်ရန် သူဝန်လေးတော့မည်မဟုတ်ပါ။
ကလေးတို့မည်သည် အသစ်အဆန်းကို သဘောကျကြသည်။ ကလေးကစားစရာများကို သူတို့စိတ်ထဲ၌ လက်တွေ့ဘ၀ဟု မှတ်ယူသည်။ ကားရုပ်တစ်ခုဆိုပါစို့။ သူတို့ မောင်းသည်။ သူတို့ စိတ်ထဲ၌ အပြင်မှာ မောင်းနေသလို ။ သေနတ် တစ်လက်ဆိုပါစို့။ သူတို့ကိုယ်သူတို့ ကြီးမားသည့်တိုက်ပွဲတစ်ခု ရင်ဆိုင်နေရသလို။ စင်စစ် သူတို့ကစားနေကြခြင်းမဟုတ်။ သူတို့သွားနေကြခြင်း ဖြစ်သည်။ သူတို့ ရွေးခြယ်နေကြခြင်းဖြစ်သည်။ 
ထိုအချက်ကို သူတို့နှင့်နီးကပ်စွာရှိနေသော မိဘ နှစ်ပါး သို့မဟုတ် အုပ်ထိန်းသူတို့က လေးလေးနက်နက် သတိပြုရန်လိုသည်။ သူတို့၏ မျှော်လင့်ချက်၊ သူတို့ ဖွင့်အန်လာသော တောင့်တမှု (တနည်း) မေးခွန်းတို့အား အလွယ်တကူ မရှောင်တိမ်းသင့်။
ကျွန်တော့်အဖေသည် ကျွန်တော့်ကို ပညာတတ်တစ်ယောက် ဖြစ်စေချင်ခဲ့သည်။ ငယ်ငယ်လေးကတည်းက ကျွန်တော့်ပညာရေး၌ သူကိုယ်တိုင် ကြပ်မတ်သည်။ ကျွန်တော်သည် အဖေ့ကျေးဇူးဖြင့် သူငယ်တန်း မှ တတိယတန်းအထိ ပထမချည်း စွဲခဲ့သည်။
မှတ်မှတ်ရရ လေးတန်းကျောင်းသားအရွယ်။ စာမေးပွဲနီးစဉ်ကာလ ဖြစ်သည်။ ကျွန်တော့်အိမ်ဘေးမှာ ကျွန်တော့်သူငယ်ချင်းများ ဆော့နေသည်ကို ကျွန်တော် မြင်နေကြားနေရသည်။ ကျွန်တော့်လက်ထဲမှာ သင်္ချာစာအုပ်နှင့် ကျွန်တော့်ဘေးမှာ ပုစ္ဆာများကို တစ်ခုပြီးတစ်ခုရွေးနေသော ကျွန်တော့်အဖေ။ ကျွန်တော့်အာရုံသည် သူ့ထံမှာ မရှိ။ ရယ်မောသံ ကစားသံတို့အကြား ရောက်နေသည်။
အဖေသည် ကျွန်တော်တွက်ရန် ပုစ္ဆာများရွေးပြီးသည်နှင့် ကျွန်တော့်ကို တွက်ခိုင်းတော့သည်။ ကျွန်တော် မတွက်ခင် သူ့ကို မရဲတရဲ တောင်းဆိုကြည့်သည်။ အလွန်ရိုးသားသော မေးခွန်း ဖြစ်သည်။ သား တွက်ပြီးရင် ဆော့လို့ရမလား ဖေဖေ ဟူ၍။ သူက ပြုံး၍ ကျွန်တော့်စကားကို လက်ခံသဘောတူသည်။ ကျွန်တော်လည်း တွက်သည်။ 
ကစားနေသော သူငယ်ချင်းများ၏ရယ်သံက ကျွန်တော့်ကို စိတ်လှုပ်ရှားနေစေသည်။ သူပေးသောပုစ္ဆာများ တွက်ပြီး ကျွန်တော် ဆင်းကစားရန်ပြင်သောအခါ သူ တားသည်။ နေပူနေသောကြောင့် ပေးမကစားနိုင်ပါ ဟူ၍။ ကျွန်တော် ငိုတော့သည်။သူ ချော့သည်။ မရ။ ကြာတော့ ကျွန်တော် အရိုက်ခံလိုက်ရသည်။ ကစား ခွင့်မရခဲ့ပါ။
ထိုကဲ့သို့သော အဖြစ်အပျက်များ ကျွန်တော်နှင့် ကျွန်တော့်မိဘ အသိုင်းအ၀ိုင်းကြားမှာ ငယ်စဉ်ဘ၀ထဲက မကြာခဏဆိုသလို ဖြစ်ပျက်ခဲ့သည်။ မျှော်လင့်ထားသည်များ ဖြစ်မလာပေ။ မေးခွန်းများသည် ဖြေသူမရှိ။ ဖြေသူရှိလည်း ကျေနပ်မှုမရခဲ့ပါ။
လေးတန်းစာမေးပွဲဖြေပြီး အောင်စာရင်းထွက်တော့ ကျွန်တော် ဆုတစ်ခုမှ မချိတ်။ ကျွန်တော် စာလုပ်ချိန်တွင် ကစားနေသော ကျွန်တော့်သူငယ်ချင်းဖြစ်သူ နေ၀င်းက ပထမ ရခဲ့သည်။ ထို့နောက်ပိုင်းလည်း စာမေးပွဲ မကျဖူးတာကလွဲပြီး ကျွန်တော် ဘာဆုမှ မရခဲ့။ ထူးထူးခြားခြား သင်္ချာ စပါယ်ရှယ် ညံ့ခဲ့သည်။ သင်္ချာသင်လျှင် ကျွန်တော် စိတ်မ၀င်စားတော့ပါ။ ဆယ်တန်းကို နှစ်ချင်းပေါက် အောင်ခဲ့သည့်တိုင် သခ်ျာလေးဆယ်နှင့် ဖြစ်သည်။
ကျွန်တော် မိဘကို အပြစ်ပြန်တင်နေခြင်း မဟုတ်ပါ။ မေးခွန်းများ၏ စွန့်ပစ်မှုကို ခံခဲ့ရသောဒဏ်ရာတော်တော်များများကို ပြန်သတိရနေခြင်း သက်သက်ဖြစ်သည်။ မေးခွန်းများသည် ငယ်စဉ်မှ ယခု အချိန်အထိ ကျွန်တော်တို့ကို စွန့်ပစ်နေဆဲ။
လူသည် အသက်ကြီးလာလေလေ မေးခွန်းတွေများလာလေလေ ဖြစ်သည်။ လောကကြီးသည် သူစိမ်းဖြစ်သည်။ မေးခွန်းထုတ်စက်လည်း ဖြစ်သည်။ အနာသိပြီးဆေးမရှိသော ကျွန်တော်တို့နိုင်ငံသည် အလွန်ထူးခြားလှပါသည်။ မေးခွန်း တွေရှိပြီး အဖြေမရှိရာ၌လည်း အလွန်ထင်ရှားကျော်ကြားလှပါသည်။
ကလေးဘ၀၌ မေးခွန်းတစ်ချို့၏ စွန့်ပစ်ခြင်းခံခဲ့ရသူ တော်တော်များများအတွက် လောကဓံသည် ကြောက်စရာ အကောင်းဆုံး သူစိမ်းမေးခွန်းထုတ်စက် ပင်ဖြစ်သည်။
ညီဇံလှ
၀၂၃၄ (အင်္ဂါ)
၁၉ ၁၂ ၁၁

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 11:21 AM

အတ္တတွေဖြုတ်ကြ!

အတ္တတွေဖြုတ်ကြ!ဓာတ်ပုံ - ကိုကျော်သူ၏ Facebook မှ ကူးယူဖေါ်ပြပါသည်
၂ဝ၁၂ ခုနှစ်၊ မေလ (၁) ရက်နေ့မှ ယနေ့ ဇွန်လ (၁၉) ရက်နေ့အထိ ကျွန်တော်ကျော်သူနှင့် ဇနီးဖြစ်သူ ရွှေဇီးကွက်တို့သည် အမေရိကန်နိုင်ငံရောက် မြန်မာ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးသော၊ မြန်မာ့လူမှုရေး သမားများကို ဂုဏ်မြှင့်ပေးသော၊ မြန်မာကို ကမ္ဘာကသိရှိအောင် ကြိုးစားမြှင့်တင်ပေးနေသော မြန်မာပြည်သူ လူထုတို့နှင့် ဖွဲ့စည်းထားသော “ပြည်သူ့ဂုဏ်ရည်” အဖွဲ့၏ ဖိတ်ကြားချက်အရ ရောက်ရှိနေဆဲဖြစ်သည်။
၂ဝ၁၂ ခုနှစ်၊ မေလ (၁) ရက်နေ့မှ အမေရိကန်နိုင်ငံရှိ Los Angeles သို့ ရောက်ရှိခဲ့ကာ ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ကိုကျော်ဝဏ္ဏနှင့် ဇနီးဖြစ်သူ မမိုးချိုသင်း (ကဗျာဆရာကြီး တင်မိုး၏သမီး)တို့၏ နေအိမ်မှ အစပြုကာ San Francisco, Seattle, New York, Washington D.C, Albany, Utica, Buffalo, Florida , Phoenix အစရှိသည့် မြို့များသို့ လေယာဉ်ဖြင့်တစ်မျိုး၊ ကားနှင့်တစ်ဖုံ အဆက်မပြတ် သွားလာခဲ့ပြီး ပြည်သူ့ဂုဏ်ရည်အဖွဲ့ မြန်မာပြည်သူလူထုတို့နှင့် လက်ပွန်း တစ်သီးတွေ့ဆုံ၍ မြန်မာပြည်တွင်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ဆောင်ချက်များ ဖြစ်သော နာရေးကူညီမှုလုပ်ငန်းများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း၏ အများပြည်သူတို့ကို (အခမဲ့) ဆေးဝါး ကုသပေးမှုများ၊ သုခအလင်း ပညာဒါနလုပ်ဆောင်မှုများ၊ ရေဘေး၊ မီးဘေး၊ သဘာဝဘေးအန္တရာယ်တို့ကို ကူညီထောက်ပံ့ပေးမှုများ၊ စစ်ဘေးဒုက္ခသည်များအား ကူညီဖေးမပံ့ပိုးမှုများ၊ အလုပ်အကိုင်ရှာဖွေနိုင်ရန် အတွက် ပညာဒါနပြုလုပ်ပေးမှုများ၊ အရေးပေါ်ကယ်ဆယ်မှုလုပ်ငန်းများ စသည်တို့ကို ရှင်းလင်းဟောပြော ပေးခြင်း၊ ရင်းနှီးစွာ ပြည်ပရှိ မြန်မာပြည်သူတို့နှင့် အမေးအဖြေကဏ္ဍများ လုပ်ဆောင်ပေးခြင်း၊ နာရေးကူညီ မှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုပုံရိပ်များကို Photo Slideshow ပြုလုပ်၍ ပြသရှင်းလင်းခြင်းများအပြင် ဇနီးဖြစ်သူ ရွှေဇီးကွက်၏ လူမှုရေးသမားများ၏စိတ်ဓါတ်၊ ခံယူချက်တို့ကို “ဗုဒ္ဓဓမ္မနှင့် ပရဟိတ” ခေါင်းစဉ် ဖြင့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားမှုများတို့ကို ပြုလုပ်ပေးခဲ့သည်။
ပြည်ပ အမေရိကန်နိုင်ငံရှိ မြန်မာပြည်သူလူထုတို့သည် ကျေနပ်အားရစွာဖြင့် သဒ္ဓါတရားထက်သန် စွာ လှူဒါန်းမှုများကို တက်ကြွစွာ ဖြင့်မိမိတို့၏ ချွေးနည်းစာထဲမှ လှူဒါန်းခြင်းကို တွေ့မြင်ခံစားခဲ့ရ၍ သာဓု … သာဓု … သာဓု ဟူ၍ ခေါ်ဆိုမိပါသည်။
အမှန်စင်စစ်မူ … ပြည်တွင်းတွင် ဆင်းရဲဒုက္ခရောက်ရှိနေကြသော မြန်မာပြည်သူတို့အား ကူညီပံ့ပိုး မှုများ ပြုလုပ်ပေးရန် လှူဒါန်းကြသော ပြည်ပရှိ မြန်မာပြည်သူလူထုတို့သည်လည်း ချမ်းသာကြွယ်ဝကြ သော မီလျှံနာ သူဋ္ဌေးကြီးများ မဟုတ်ပါ။ သူတို့သည်လည်း မိကွဲ၊ ဖကွဲ၊ သားသမီးတစ်ကွဲနှင့် ပြည်ပ နိုင်ငံသို့ ပင်ပန်းဆင်းရဲဒုက္ခခံကာ စွန့်လွှတ်စွန့်စားမှုပေါင်းမျိုးစုံနှင့် အကြောင်းအမျိုးမျိုးနှင့် ရောက်ရှိလာကြ သော လူသားများပင်ဖြစ်သည်။ ပြည်တွင်းတွင်ဘဲနေနေ၊ ပြည်ပတွင်ဘဲနေနေ .. အားလုံး အားလုံးတို့သည် လူသားများပင်ဖြစ်တော့သည်။ ထို့ကြောင့် လူသားပီသစွာ လူသားချင်းစာနာစိတ်ဖြင့် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြုကြကာ မိမိထက် နိမ့်ကျနေကြသော သူများအား တတ်နိုင်သလောက်၊ တတ်စွမ်းသလောက် လှူဒါန်းကူညီထောက်ပံ့ကြသော ကုသိုလ်ရှင်များ ပင်ဖြစ်သည်။
ဤတွင် မြန်မာပြည်သူလူထုတို့သည် ဗုဒ္ဓ၏ ဆုံးမသြဝါဒအတိုင်း ကုသိုလ်ရှင်၊ ပါရမီရှင်၊ ဒါနရှင်များ ဖြစ်ကြရန် ကြိုးကုပ်အားထုတ်မှုများသည် အတိုင်းထက်လွန်နေသည်ကို ကျွန်တော်မြင်တွေ့မိတော့သည်။
အကြောင်းမှာ . . . ပြည်တွင်းရှိ မြန်မာပြည်သူလူထုများ၊ အမေရိကန်ပြည်ထောင်စုရှိ  မြန်မာပြည်သူလူထုများ၊ အခြား ပြည်ပ နိုင်ငံများရှိ မြန်မာပြည်သူများ၊ အများစုတို့သည် မည်သည့်လုပ်ငန်း ကိုဘဲလုပ်လုပ် အပြိုင်အဆိုင် အနိုင်မခံ အရှုံးမပေး လုပ်ဆောင်ကြသည်ကို တွေ့မြင်ရသည်။ အများ ကောင်းကျိုး လူမှုရေးလုပ်ငန်းအတွက် လုပ်ဆောင်ကြရာတွင် သူ့ထက်ငါပေးဆပ်မှုများကို လုပ်ဆောင်ခြင်း ကိုကား မဆိုချင်ပါ။ အများကောင်းကျိုးအတွက် လူမှုရေးလုပ်ငန်းများ အပြိုင်အဆိုင်ပေးဆပ်နိုင်လျှင် အများအကျိုးခံစားရမည် မဟုတ်ပါလား။ သို့ရာတွင် ထိုသို့ပြိုင်ကြ၊ ဆိုင်ကြရာတွင် တစ်ဖွဲ့ နှင့်တစ်ဖွဲ့ ၊ တစ်သင်းနှင့်တစ်သင်း၊ တစ်ကျောင်းနှင့်တစ်ကျောင်း၊ တစ်အုပ်စုနှင့်တစ်အုပ်စု ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုများ၊ ဂုဏ်သိက္ခာချမှုများနှင့် မပြိုင်စေလိုပေ။ မိမိတို့၏ဖြူစင်သော ပေးဆပ်မှုလုပ်အား၊ မိမိတို့၏ဖြူစင်သော စေတနာတို့နှင့်သာ မှတ်တိုင်ထူကြဖို့ အရေးကြီးလှသည်။ မှတ်တိုင်ထူရာတွင် ကောင်းသောမှတ်တိုင်ဖြစ်ဖို့ အဓိကပင် ဖြစ်သည်။
ကောင်းသောမှတ်တိုင်ဟု ဆိုရာတွင်လည်း ဘုရားကြိုက်သော ဓမ္မမှတိုင်ဖြစ်ဖို့လိုသည်။
ကျွန်တော်တို့၏ အမေရိကန်လူမှုရေးခရီးစဉ်တွင် လူမျိုးပေါင်းစုံတို့နှင့် တွေ့ဆုံခဲ့ရသည်။ အားလုံး တို့သည် စေတနာထက်သန်မှု၊ ဒါနထက်သန်မှု စသည့်မြန်မာပီသမှုများကို တွေ့မြင်ခဲ့ရသည်။ သို့သော် . . . ကျွန်တော် အထက်တွင် ဖော်ပြရေးသားခဲ့သော သူ့ထက်ငါ အလုအယက် ပေးဆပ်လိုမှုများကို မြင်တွေ့ မိရသည့်အခါများကို ကြုံတွေ့ရခဲ့သည်များလည်းရှိသည်။ သူ့အဖွဲ့၊ ငါ့အဖွဲ့၊ သူ့အုပ်စု၊ ငါ့အုပ်စု၊ သူ့ကျောင်း ငါ့ကျောင်းစသည့် “ငါ” မပြုတ်မှုများကို မြင်တွေ့ရသော် များစွာစိုးရိမ်မိခဲ့ရသည်များလည်း ရှိခဲ့ရသည်။ စစ်မှန်သောချမ်းသာမှု၊ ငြိမ်းချမ်းမှုကို လိုချင်ပါက “ငါ” ဟူသော “အတ္တ” ကို ဖြုတ်ရမည် မဟုတ်ပါလား။
အထူးသဖြင့် မိမိကိုယ်ကို လူမှုရေးသမားဟု အမည်ခံထားသော လူမှုရေးအသင်းအဖွဲ့ လုပ်ကိုင် နေကြသော လူမှုရေးသမားတစ်ယောက်အနေဖြင့် … နာမည်ကြီးအောင် လုပ်ယူလို့မရ၊ စီးပွားဖြစ်အောင် လုပ်လို့မရ၊ ဂုဏ်သိက္ခာတတ်အောင် လုပ်ယူ၍မရ၊ လူမှုရေးကို ခုတုံးလုပ်ကာ ကိုယ်ကျိုးရှာ၍ မရကြောင်း သိရှိထားဖို့လိုသည်။ မိမိ၏ ဖြူစင်သော စေတနာ၊ မေတ္တာ၊ မုဒိတာ၊ ကိုယ်ကျင့်သိက္ခာ စသည်တို့နှင့်သာ သက်ဆိုင်သည်။ လူမှုရေးဟုဆိုရာ၌ တစ်နိုင်တစ်ပိုင် မိမိနိုင်သလောက်ဝန်၊ မိမိထမ်းနိုင်သော အင်အား တို့နှင့် စုစည်းပေးဆပ်ကြဖို့သာ လိုအပ်သည်။ လူတစ်ဦးချင်းမှ အစုအဖွဲ့လေးများ၊ အစုအဖွဲ့လေးများမှ အုပ်စုကြီးများ ဝိုင်းဝန်းကူညီပေးဆပ်ကြပါမှ လူ့လောကကြီး သာယာစိုပြေ ငြိမ်းချမ်းစေမည်ဖြစ်သည်။ ဝိုင်းဝန်းကူညီတွန်းအားပေးကြသော်ငြားမိမိတို့ ရဲ့ ဦးတည်ချက်၊ရည်ရွယ်ချက်များတူညီမှုများကိုက်ညီမှု၊ထပ်တူကြဖို့ လိုအပ်သည်.။
ဝိုင်းဝန်းကူညီတွန်းအားပေးကြသောမိမိတို့ ရဲ့ ဦးတည်ချက်၊ရည်ရွယ်ချက်များသည်လည်း တူညီမှုများကိုက်ညီမှုများမရှိပါကမိမိတို့ ဧ။်မှတ်တိုင်၊ပန်းတိုင်သို့ ရောက်မည်မဟုတ်ပေ။
တစ်ခါတစ်ရံ … မည်သည့် ပညာရှိကြီးကဘဲဖြစ်ဖြစ်၊ မည်သည့် တရားဟောဆရာကဘဲဖြစ်ဖြစ်၊ မည်သည့် ဂုဏ်သိက္ခာမြင့်မားသော ပုဂ္ဂိုလ်ကြီးကဘဲဖြစ်ဖြစ် ဆိုဆုံးမ၍မရသော ကိစ္စရပ်များကို မထင်မှတ်သော ကလေးငယ်လေး၏ လုပ်ဆောင်မှုလေးတစ်ခုဖြင့် အားလုံးသော “ငါ” မဖြုတ်နိုင်ကြသေးသော၊ ကိုယ်ကျိုး ဖက်နေကြသော လူ့ဗာလများအတွက် “ငါ” ပြုတ်သွားကြကာအများအကျိုးဆောင်ရွက်လိုစိတ် မွေးဖွားစေ ခဲ့သော လူ့ပဏ္ဏိတဖြစ်သွားကြသော ဖြစ်ရပ်များလည်း ကြုံတွေ့စေခဲ့ရသည်။
ဤဖြစ်ရပ်သည်ကား အမေရိကန်နိုင်ငံ Albany မြို့ ပြည်သူ့ဂုဏ်ရည်အဖွဲ့နှင့် ပြည်ပရှိ မြန်မာ ပြည်သူလူထုတို့အား ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့ တွေ့ဆုံခဲ့သည့် ပွဲတွင်ဖြစ်တော့သည်။
၂ဝ၁၂ ခုနှစ် မတိုင်မှီကတည်းက ပြည်ပနိုင်ငံတစ်ချို့တွင် မြန်မာပြည်သူလူထုတို့၏ စေတနာ အရင်းခံ၍ ဖြစ်တည်လိုမှုများကြောင့် မြန်မာအသင်းအဖွဲ့များ၊ မြန်မာပြည်သူတို့၏ လွန်ကဲသော ယှဉ်ပြိုင်လိုမှုများဖြင့် ဖက်ပေါင်းစုံမှ စွဲခွာ၊ လှုပ်ယမ်း၊ လွန်ဆွဲမှုတွန်းအားများကြောင့် ပြိုလဲရတော့မည့် ဘာသာရေးအခြေခံသော လူမှုရေးတည်းဟူသော ကျောက်တိုင်ကြီး ပြိုလဲရတော့မလို ဖြစ်နေချိန်တွင် ၂၆.၆.၂ဝ၁၂ ရက်နေ့ အမေရိကန်နိုင်ငံရှိ Albany မြို့ တွင် ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ မြန်မာပြည်သူတို့နှင့်ရင်းနှီးစွာ တွေ့ဆုံစည်းလုံးစေမည့် အခမ်းအနားကို ကျင်းပခဲ့သည်။ ထိုအချိန်ပြည်ပတွင် “ငါ” ဟူသော အတ္တကို လက်ကိုင်ပြု၍ ဟိုလူလာရင် ငါမလာဘူး။ ဟိုအဖွဲ့လာရင် ဒီအဖွဲ့မလာဘူး စသည့် စကားသံများနှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်လည်းဖြစ်သည်။ ပွဲစလျှင်စချင်း ပြည်သူ့ဂုဏ်ရည်အဖွဲ့မှတာဝန်ခံမှ အဖွဲ့ ၏ ရည်ရွယ် ချက်၊ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီးနောက်၊ ရွှေဇီးကွက်၏ ဗုဒ္ဓဓမ္မနှင့် ပရဟိတ ခေါင်းစဉ်ဖြင့် ပရဟိတလုပ်ငန်းများ၊ ကျွန်တော်၏ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ ရှင်းလင်းချက်များ စသည်တို့ကို နာရီအားဖြင့် (၃း၃ဝ) ခန့် ပြောကြားပြသခဲ့ပြီးအချိန်တွင် Albany  မြို့ရှိ မြန်မာပြည်သူ၊ မိဘ ပြည်သူအပေါင်းမှ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းမှုများပြုလုပ်နေစဉ် အသက်အားဖြင့် (၁၃)နှစ်ခန့်ရှိသော ကလေး သူငယ်တစ်ယောက်သည် ကျွန်တော်တို့ထံ ရောက်ရှိလာကာ “သားလည်းလှူချင်တယ်” ဟုဆိုကာ ကလေးငယ်က သူ၏လည်ပင်းတွင် ချိတ်ဆွဲထားသော ရွှေဆွဲကြိုးအားဖြုတ်ပြီး လှူဒါန်းမှုကို ပြုလုပ်ခဲ့ရာ ပွဲခင်းတစ်ခုလုံးမှ လူကြီးများနှင့် ကျွန်တော်တို့ဇနီးမောင်နှံပါ အံ့သြဝမ်းသာ ကြက်သီးမွှေးများ ထလောက် အောင် ပီတိများ လွှမ်းခြုံကာ သာဓု အကြိမ်ကြိမ် ခေါ်ဆိုလိုက်မိတော့သည်။
ထိုဖြစ်ရပ်သည် အချို့ သောလူကြီးများတွင်အရိုးစွဲနေသော“ငါ” ဟူသော “အတ္တ” လက်ကိုင်တုတ်ကို ရိုက်ချိုးခဲ့ခြင်းဖြစ်တော့သည်။ ထိုကလေးငယ်သည် အကြောင်းအမျိုးမျိုးနှင့် ဒုက္ခပင်လယ်ကြီးထဲမှ ပြည်ပနိုင်ငံသို့ ရောက်ရှိလာခဲ့သော မြန်မာပြည်ဖွား ကရင်လူမျိုးတစ်ဦးပင် ဖြစ်တော့သည်။ ငယ်စဉ်ကတည်းက မိဘဘိုးဘွားတို့၏ ချွေးနည်း စာဖြင့် ရှာဖွေစုဆောင်းဝယ်ယူထားသော ရွှေဆွဲကြိုးလေးအား မိမိတို့၏ ရင်သွေးငယ်ကို မြတ်မြတ်နိုးနိုး မှတ်မှတ်ရရ တန်ဖိုးထားကာ ဆွဲချိတ်ပေးထားခြင်းပင်ဖြစ်သည်။ ထိုသို့လှူဒါန်းမှုပြုရန် ကလေးငယ်သည် ဝမ်းနည်းခြင်းမရှိ၊ နုမြောတသခြင်းမရှိ၊ ကြည်နူးပြုံးရွှင်စွာဖြင့် ကြေကြေနပ်နပ်ကြီး လှူဒါန်းခြင်းပင်ဖြစ်သည်။ သူ၏အနီးတွင် ရှိသော ကလေးငယ်၏ မိခင်ဖြစ်သူ မျက်နှာသည်လည်း ကြည်နူးမှုပီတိများ လွှမ်းခြုံနေသည်ကို သတိထား မိတော့သည်။ထိုဖြစ်ရပ်ကား ကြည်လင်အေးမြသော “သာဓု” သံတို့ လွှမ်းခြုံသွားသည့် ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ တွေ့ဆုံပွဲ တစ်ခုပင်ဖြစ်တော့သည်။
ထို့ကြောင့် “ဘယ်ဖက်လက်က လှူတာကို ညာဖက်လက် မသိစေနဲ့”  ဟူသော စကားအတိုင်း ကျွန်တော်တို့ မြန်မာပြည်သူတို့၏ အရိုးစွဲနေသော ကဗ္ဗည်းထိုးလိုသည့် အယူစွဲများ၊ အများအကျိုး ထမ်းရွက်ကြရာတွင် “ငါ” မဖြုတ်နိုင်သည့် လူ့အတ္တများ၊ လူ့ဗာလများ၊ ငါ့ကျောင်း၊ ငါ့အဖွဲ့များကို “ငါ” အမြန် ဆုံးဖြုတ်နိုင်ကြပြီး နောက်လူသားချင်းစာနာစိတ် မွေးဖွားကြကာ သာယာချမ်းမြေ့သော ငြိမ်းချမ်းသော ဓမ္မမှတ်တိုင်များ ထူနိုင် ကြပါစေဟု တိုက်တွန်းလိုက်ရပါတော့သည်။
ဤအကြောင်းအရာအား ၁၉.၆.၂ဝ၁၂ ရက်နေ့တွင် ကျွန်တော်တို့၏ ပြည်ပ အမေရိကန် လူမှုရေး ခရီးစဉ်ရပ်နားခဲ့ပြီးနောက် မြန်မာပြည်သို့ပြန်ရန် Los Angeles မြို့ ကိုကျော်ဝဏ္ဏ၊ မမိုးချိုသင်းတို့ နေအိမ် တွင် နားနေချိန်၌ ကျွန်တော်၏ နှလုံးသားထဲတွင် ပေါ်ပေါက်လာမှုတို့အား ရင်ဖွင့်ရေးသားခဲ့ခြင်း ဖြစ်ပေသည်။
မည်သူတစ်ဦးတစ်ယောက်၊ မည်သည့်အသင်းအဖွဲ့၊ မည်သည့်ကျောင်းကိုမျှ မရည်ရွယ်ပါကြောင်း နှင့် လူဟူသော လူသားတို့တွင် ဖြစ်ပေါ်တတ်သော ဓမ္မနှင့်အဓမ္မ လွန်ဆွဲမှုများအား ရုန်းကန်လွတ်မြောက် စေလိုသော၊ ဖြူစင်သောစိတ်ဆန္ဒဖြင့် အဖြူထည်သက်သက် အတွေးဖြင့်ရေးသားခြင်းသာ ဖြစ်ပါကြောင်းနှင့် တေးရေး/ဆို ကိုရဲလွင်၏ “အတ္တဖြုတ်ကြ” သီချင်းခေါင်းစဉ်အား ခွင့်မတောင်းဘဲ သုံးခဲ့ခြင်းကို ဝန်ခံရပါ တော့သည်။
ကျော်သူ
ဥက္ကဌ
နာရေးကူညီမှုအသင်း(ရန်ကုန်)
အမှတ် (၁၃/က)၊ ၄၂ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၀၉ ၈၆၄ ၀၂၂၀၊ ၀၉ ၈၅၀ ၁၆၅၆

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 11:11 AM

Tuesday, November 20, 2012

ခြံအမှတ် ၅၄ က သမိုင်းဝင် နိုဝင်ဘာ ၁၉

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် သမ္မတ အိုဘားမားတို့ တွေ့ဆုံပြီးနောက် မြင်ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ တဖက်တချက်ပါပြီး “သမ္မတကြီး အိုဘားမားအား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါ၏” လို့ ရေးထားတဲ့ ဗီနိုင်းချပ်ကြီးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် နှစ်ယောက်က ကိုင်မြှောက် လိုက်ချိန်မှာ ဘောင်းဘီတို ဝတ်ထားတဲ့ အမျိုးသမီးငယ် တယောက်က အဲဒီရှေ့မှာ သွားရပ်ပြီး “အမေ … သမီးကို ဓာတ်ပုံအရင်ရိုက်ပေး။ ပြီးရင် အမေ့ကို သမီးရိုက်ပေးမယ်” လို့ ပြောလိုက်ပါတယ်။
ဘောင်းဘီရှည် အနီရောင် ဝတ်ထားတဲ့ အမေဖြစ်သူက သမီးဖြစ်သူကို ဓာတ်ပုံရိုက်ပေးပြီးတဲ့နောက် သူက တခါ ပြန်အရိုက် ခံနေတာ တွေ့ရတယ်။
မြန်မာပြည်ရဲ့ သမိုင်းဝင်နေ့လို့ ပြောလို့ရမယ့် နိုဝင်ဘာ ၁၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်း အပြင်ဘက်မှာ သတင်းသမားတွေနဲ့ NLD ပါတီဝင် တချို့ အပြင် သမ္မတ အိုဘားမားကို မြင်ဖူးချင်တဲ့ ပရိသတ်တချို့တို့ စုရုံး စောင့်ဆိုင်း နေကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိုဘားမား လာရောက်တွေ့ဆုံမှာ ဖြစ်တဲ့အတွက် တက္ကသိုလ်ရိပ်သာ လမ်းထဲကို ဘယ်ကားမှ ဝင်ခွင့်မပေးတော့ဘဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးရဲ့ ညွှန်ကြားချက်ကြောင့် ခြံဝန်းထဲ ဝင်ခွင့်ရသူ အားလုံး မနက် ၁၀ နာရီအရောက် ခြံရှေ့မှာ စောင့်ဆိုင်း စုရုံးနေကြရပါတယ်။ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမယ့်အချိန်က မွန်းလွဲ ၁၂ နာရီ ခွဲ ဖြစ်ပါတယ်။
၁၀ နာရီခွဲလောက်မှာ NLD အလုပ်အမှုဆောင် အဖွဲ့ ရောက်လာပြီး အဲဒီအချိန်မှာပဲ ပြည်တွင်းပြည်ပ သတင်းသမား ၄၀ ကို ၈ ယောက်၊ ၉ ယောက်လောက် တသုတ်စီခွဲလို့ ခြံထဲ ဝင်ခွင့်ပေးပါတယ်။
ခြံထဲရောက်တယ် ဆိုရင်ပဲ အမေရိကန် အိမ်ဖြူတော်က လုံခြုံရေးတွေက သတင်းထောက်တွေကို တန်းစီခိုင်း၊ ပါလာသမျှ အထုပ်တွေအားလုံး အောက်ချခိုင်းပြီး အိတ်တွေထဲမှာ ရှိသမျှ လျှပ်စစ်နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို ဆွဲထုတ်ခိုင်း၊ ပြီးတာနဲ့ အဲဒီအထုပ်တွေနဲ့ ၁ ကိုက်အကွာလောက် နောက်ဆုတ် ရပ်နေခိုင်းပါတယ်။ လူကို စစ်ဆေးရေးပစ္စည်းနဲ့ စစ်ဆေးသလို ပစ္စည်းတွေကိုတော့ အထူးလေ့ကျင့်ထားတဲ့ သူတို့ရဲ့ ခွေးကြီးနဲ့ အနံ့ခံခိုင်းပါတယ်။ စိတ်ကြိုက် စစ်ဆေးပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် အိမ်ဘေး မြက်ခင်းပြင်ရဲ့ တဘက်မှာ ရှိတဲ့ အမိုးဖြူမိုး ယာယီတဲလေးတွေဆီ သွားခိုင်းပါတယ်။
ယာယီတဲ ၃ ခု အနက်က တခုမှာ အိမ်ဖြူတော် စာနယ်ဇင်းအဖွဲ့သား ၃၀ လောက် ထိုင်နေပါတယ်။ ခဏအကြာမှာတော့ ပြည်တွင်းပြည်ပ သတင်းထောက်တွေကို မြက်ခင်းပြင်မှာ စုရုံးခိုင်းပြီး ဒီနေ့အဖို့ သတင်းသမားတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို အိမ်ဖြူတော်စာနယ်ဇင်းအဖွဲ့ကို ဦးဆောင် လိုက်ပါလာတဲ့ ကီဗင်ဆိုသူက ရှင်းပြပါတယ်။
“မသွားရဘူးလို့ ပြောထားတဲ့ နေရာတွေကို မသွားပါနဲ့။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်လာတုန်းက  သတင်းထောက်တွေက တခြံလုံးအနှံ့ ဟိုသွားဒီသွားလုပ်လို့ လုံခြုံရေးအဖွဲ့ဝင်တွေ စိတ်အနှောင့်အယှက် ဖြစ်ရတယ်” လို့ ကီဗင်က ပြောပါတယ်။
အရေးပေါ် အိမ်သာသွားချင်ရင်လည်း သူတို့ကို အသိပေး၊ သူတို့လုံခြုံရေးတွေ လိုက်ပါစောင့်ရှောက်ပေးမယ်လို့ သူက ဆိုပါတယ်။
အိမ်ဖြူတော် စာနယ်ဇင်းအဖွဲ့ထဲမှာ ထူးထူးခြားခြား “စွမ်းထက်” ဆိုတဲ့ အမေရိကန် လူမည်းတယောက် ပါလာတာလည်း တွေ့ရတယ်။ သူ့နာမည်ကို အိမ်ဖြူတော် ဝန်ထမ်း မြန်မာနိုင်ငံသား တယောက်က ပေးထားတာလို့ ဆိုပါတယ်။
နေက တဖြည်းဖြည်း မြင့်လာတာနဲ့အမျှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံဝန်းအတွင်းမှာ အပူရှိန်က တော်တော်လေး မြင့်တက် လာပါပြီ။ ပြည်တွင်းပြည်ပ သတင်းထောက်တွေကော၊ အိမ်ဖြူတော်က သတင်းထောက်တွေပါ ချွေးတပြိုက်ပြိုက် ဖြစ်လာပေမယ့် သမ္မတ အိုဘားမားရဲ့ကား ဝင်လာမယ့် ခြံဝန်းအဝကို မျှော်ကြည့်ရင်း၊ ဓာတ်ပုံကင်မရာနဲ့ ဗီဒီယို ကင်မရာတွေကို အသင့်ပြင်ရင်း နေပူထဲမှာ စောင့်ဆိုင်းနေကြပါတယ်။ ခြံတံခါးကို လုံခြုံရေးယူထားသူတွေက ခဏလေး ဟလိုက်တာနဲ့ ခြံပြင်က တခဲနက် လူအုပ်ကြီးနဲ့အတူ အမေရိကန် အလံ တလူလူ လွင့်နေတာကို ဖျတ်ခနဲ မြင်လိုက်ရပါတယ်။
၁၂ နာရီ ၁၅ မိနစ် ဝန်းကျင်မှာတော့ ခြံတံခါးကို အပြည့်ဖွင့်လိုက်ချိန်မှာ ခြံဝက လူထု လှုပ်လှုပ်ရှားရှား ဖြစ်သွားသလို “အမေရိကန် သမ္မတ အိုဘားမား ကျန်းမာပါစေ” “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆိုတဲ့အသံတွေ ကြားလိုက်ရပါတယ်။
“၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပေးပါ၊ လူ့အခွင့်အရေး လိုက်နာလေးစားဖို့ ဆောင်ရွက်ပေးပါ” လို့ တောင်းဆို ဟစ်အော်သူတွေလည်း ရှိတယ် ဆိုတဲ့အကြောင်း ခြံဝန်းအပြင်မှာ စောင့်ကျန်ခဲ့တဲ့ ဧရာဝတီသတင်းထောက် နန်းဆိုင်နွမ်က ပြောပြပါတယ်။
ရှေ့ပြေးကား အဖြူ ၂ စီး နောက်မှာ လုံခြုံရေးကားနက်ကြီး တစီးဝင်လာပြီး ဘယ်ဘယ်ကို ချိုးကွေ့သွားတဲ့နောက် သမ္မတအိုဘားမားရဲ့ ကားနက်ကြီးဝင်လာပြီး ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းရှေ့မှာ ထိုးရပ်လိုက်တယ်။ ကားပေါ်က သမ္မတအိုဘားမား ဆင်းလာတာနဲ့ တပြိုင်နက် နေအိမ်ထဲကနေ အင်္ကျီအဝါ၊ ခြည်လုံခြည် အနက် ဝတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ထွက်လာ နှုတ်ဆက်ပါတယ်။ အိုဘားမားကို နှုတ်ဆက်ရင်း ဒေါ်အောင်ဆန်းစုကြည်က အနောက်ကို ကျော်ကြည့်လိုက်ချိန်မှာ ဝမ်းသာအားရ ဖြစ်သွားတဲ့ မျက်နှာနဲ့ ကားနားကို အပြေးကပ်သွားတာ တွေ့လိုက်ရတယ်။
ကားပေါ်ကနေ အဖြူရောင် အင်္ကျီနဲ့ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ဆင်းလာတာပါ။ အမျိုးသမီးနှစ်ဦး အားရပါးရ နှုတ်ဆက် နေတာကို အိုဘားမားက ပြုံးပြီး ကြည့်နေပါတယ်။ ပြီးတာနဲ့ ၃ ဦးသား တယောက်လက် တယောက်ကိုင်ရင်း အိမ်ထဲကို ဝင်သွားကြပါတော့တယ်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးခေါင်းဆောင် တယောက် ဖြစ်တာကြောင့် သမ္မတက လာတွေ့တယ်လို့ ထင်ပါတယ်။ အမေရိကန် သမ္မတကို မြန်မာပြည်ရဲ့ လက်ရှိအခြေအနေ ရှင်းပြလိမ့်မယ်လို့ ထင်တယ်။ သမ္မတ အိုဘားမား မြန်မာပြည် လာတာကတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲကို လာကြည့်တာပါ။ သူ့ အနေနဲ့ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီပေးနိုင်လိမ့်မယ် ထင်ပါတယ်” လို့ အိမ်ဖြူတော် သတင်းအဖွဲ့မှာ ပါလာတဲ့ ဘာရန် ကိုးလ် ဆိုသူက ဧရာဝတီကို ပြောပါတယ်။
ဒါ သူ့ထင်မြင်ချက် သက်သက်သာ ဖြစ်တဲ့အကြောင်း၊ သတင်းထောက် တယောက်အနေနဲ့ ပြောတာ မဟုတ်တဲ့ အကြောင်းလည်း ရှင်းပြပါတယ်။
သတင်းထောက်တွေ အားလုံး သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမယ့် အိမ်အနောက်ပေါက်ကို ရွှေ့ကြပါ။ မိနစ် ၃၀ အချိန်ရမှာ ဖြစ်တဲ့အတွက် အေးအေးဆေးဆေးပဲ လျှောက်သွားကြပါလို့ ကီဗင် ပြောထားခဲ့တဲ့အတိုင်း အားလုံးပဲ သတ်မှတ် ထားတဲ့ နေရာကို ရွှေ့ပြောင်းကြရပါတယ်။
ရန်ကုန်နေ အပူချိန်က ပိုပြင်းထန်လာပါပြီ။ ပန်းပွင့်တွေနဲ့ ဝေနေတဲ့ နှင်းဆီအိုးတွေ၊ ပိန်းပန်းရောင်စုံ အိုးတွေနဲ့ အလှဆင် ထားတဲ့ သတ်မှတ်နေရာမှာ သတင်းထောက်တွေအားလုံး စုရုံးနေပါတယ်။ သီးသန့် သတ်မှတ်ထားရာ ထိုင်ခုံတွေမှာ အိမ်ဖြူတော် သတင်းအဖွဲ့သားတွေက နေရာယူပြီး ယာယီတဲရှင်အောက်မှာတော့ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ NLD အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ထိုင်နေကြပါတယ်။
သတင်းထောက်တွေကတော့ သူတို့ရဲ့ ကင်မရာတွေကို သမ္မတအိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ထွက်လာမယ့် ဘက်ကို အသင့်ချိန်ထားရင်း မိန့်ခွန်းနားထောင်ဖို့ စောင့်ဆိုင်းနေပါပြီ။
အိမ်ထဲမှာ နာရီဝက်လောက် ဆွေးနွေးပြောဆိုခဲ့တဲ့ အမေရိကန် သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အပြင်ကို အတူ ထွက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က စောင့်ဆိုင်းနေတဲ့ ပရိသတ်ကို အရင်ဆုံး မိန့်ခွန်းပြောပါတယ်။
“အမေရိကန် နိုင်ငံက မြန်မာပြည်ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို အပြင်းအထန် ကူညီထောက်ပံ့ခဲ့တဲ့ နိုင်ငံတခုပါ။ အဲဒီ ထောက်ပံ့မှုတွေအတွက် ယုံကြည်မှုရှိပါ၊ ဆက်လက်ပြီး ကူညီပါ။ ကျမ ခက်ခဲတယ်ဆိုတဲ့ စကားကို သုံးချင်တယ်။ ဟုတ်တယ်၊ အကူးအပြောင်း ကာလတိုင်းဟာ ခက်ခဲပါတယ်။ ကျမတို့ဟာ အောင်မြင်မှု ဆိုတဲ့နေရာကို မရောက်သေးဘူး ဆိုတာကို  သိရမယ်၊ သိပ်သတိထားဖို့ လိုပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ၃ မိနစ် မိန့်ခွန်းမှာ ပြောသွားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အထွေထွေ အောင်မြင်မှုရဖို့ အားလုံး ဝိုင်းဝန်း ကြိုးပမ်းနေတယ် ဆိုတဲ့အကြောင်း၊ အမေရိကန် အစိုးရနဲ့ တတ်နိုင်သမျှ ဆက်လက်ပြီး ထိတွေ့ဆက်ဆံသွားမယ် ဆိုတဲ့အကြောင်း၊ အမေရိကန် သမ္မတနဲ့ ဆွေးနွေးမှုကနေ ရလဒ် ကောင်းတွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ကြောင်း၊ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးဟာလည်း ဆက်လက် ကောင်းမွန်သွားလိမ့်မယ်လို့ ယူဆကြောင်း သူက ထည့်သွင်းပြောဆိုသွားပါတယ်။ သူ ပြောဖို့ အချိန် ၃ မိနစ်မှာ ပြောခဲ့တာ ၂ မိနစ်ရှိပြီဖြစ်တဲ့အတွက် လာရောက်သူတွေကို ကျေးဇူးတင်ကြောင်း ပြောရင်း ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းကို အဆုံးသတ်ပါတယ်။
သမ္မတ အိုဘားမား အလှည့်မှာတော့ သူက မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲကို မြင်တွေ့ရတဲ့အတွက် ကျေနပ်ကြောင်း၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကိုလာရတဲ့အတွက် ဝမ်းသာကြောင်း၊ ဒီနေရာမှာ လူတွေ အလုပ်အများကြီး လုပ်နေတာ တွေ့ရတယ်၊ လူသားတွေရဲ့ လွတ်မြောက်မှုအတွက် လှုပ်ရှားရတာဟာ တော်တော်ခက်ခဲတယ် ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ပြသလိုက်ပြီ ဖြစ်ကြောင်း ပြောပါတယ်။
“ဒီနေ့မှာ ကျနော့်ရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းသစ် တလှမ်းကို လှမ်းလိုက်ပါပြီ” လို့သူက ဆိုပါတယ်။
မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြင်ရတဲ့ အတွက်၊ အစိုးရနဲ့ အတိုက်အခံ ခေါင်းဆောင်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေကို မြင်ရတဲ့အတွက် ဝမ်းသာကြောင်း ပြောရင်း သမ္မတအိုဘားမားက မြန်မာအစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်၊ ဒါ့အပြင် အလုပ်သမား အခွင့်အရေးကိစ္စ တွေကိုလည်း အထိုက်အလျောက် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ အနေနဲ့ ဒီအပြောင်းအလဲတွေအတွက် ဆက်လက် ထောက်ပံ့ကူညီသွားမယ်” လို့ သူ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုပါတယ်။
ဆက်လက်ပြီး သမ္မတ အိုဘားမားက မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဘယ်လောက်ဆက်လက် လိုက်နာလုပ်ဆောင်တယ် ဆိုတာကိုတော့ အမေရိကန် အစိုးရက စောင့်ကြည့်ထိန်းညှိ ပေးသွားမယ်၊ သူတို့နှစ်ယောက် ဆွေးနွေးဖြစ်တာကတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆက်လက် အရှေ့ကို ရောက်ရေး၊ မြန်မာပြည်သူ ပြည်သားတွေ အတွက် စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လာရေး တို့ပဲဖြစ်တယ်၊ အမေရိကန် အစိုးရအနေနဲ့ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးမှာ အောင်မြင်မှု ရလာတဲ့အထိ ပြင်းပြင်းထန်ထန် ဆက်လက် ကူညီသွားမယ်လို့ ပြောပါတယ်။
“နောက်တခုက ကျနော့်ရဲ့ ဒီခရီးဟာ နိုင်ငံနှစ်နိုင်ငံအတွက် အသီးသီး အများကြီး အကျိုးပြုနေတဲ့ အမျိုးသမီးနှစ်ယောက်ကို ပြန်လည်ဆုံတွေ့စေတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်” လို့ သမ္မတ အိုဘားမားက ပြောရင်း “ဟီလာရီ ဘယ်မှာလဲ၊ ဟီလာရီ” လို့ တဘက်ကိုကြည့်ရင်း ခေါ်လိုက်ရာမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က သူထိုင်နေရာ ဘယ်ဘက် ယာယီတဲထဲကနေ လက်မြှောက် နှုတ်ဆက်လိုက်တော့ “သြော် ဟိုမှာသူ” လို့ ပြောရင်း ပြုံးပါတယ်။ အဲဒီအချိန်မှာ ပရိသတ်တွေရဲ့ လက်ခုပ်သံတွေ ညံသွားပါတော့တယ်။
ကံကောင်းတဲ့ တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့အတွက် ပုံစံသစ် တမျိုးနဲ့ စဉ်းစားဖြစ်အောင် အရေးကြီးတဲ့   အချက် တချက်ကို ပြသလိုက်တယ်လို့ သမ္မတက ဆက်ပြောပါတယ်။
“ဘယ်နေရာမှာမဆို အမျိုးသားနဲ့ အမျိုးသမီးတွေဟာ ဒီမိုကရေစီတန်ဖိုးနဲ့ လူ့အခွင့်အရေးကို တန်းတူခံစားနိုင်တယ် ဆိုတဲ့ အသိကို ရလိုက်တာပါပဲ” လို့ ပြောပြီးတဲ့နောက် သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက်သူတွေကို ကျေးဇူးတင်ကြောင်းပြောရင်း သူ့ရဲ့ ၅ မိနစ် မိန့်ခွန်းကို အဆုံးသတ်လိုက်ပါတယ်။
ခြံဝန်း အပြင်ကို ထွက်လိုက်တာနဲ့ လူအုပ်ကြီးက ကြွေးကြော်သံတွေနဲ့ မပြန်သေးတာကို တွေ့လိုက်ရတယ်။ သမ္မတ အိုဘားမားရဲ့ ကားထွက်သွားပြီ ဆိုပေမယ့် ရန်ကုန်တက္ကသိုလ် ဝန်းထဲမှာ အိုဘားမားပြောမယ့် မိန့်ခွန်းကို နားထောင်ဖို့ နေအိမ်ကနေ ထွက်ခွာမယ့် ဒေါ်အောင်ဆန်းစုကြည်ကို စောင့်နေကြတာပါ။
သမ္မတ အိုဘားမားမျက်နှာပုံပါတဲ့ တီရှပ်ကို ဝတ်ထားတဲ့ ပရိသတ်ထဲက နိုင်ငံခြားသား တယောက်ကတော့ “မြန်မာပြည်အနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပိုမို တိုးတက်လာဖို့ပဲ ရှိတယ်”

http://burma.irrawaddy.org

Posted By ကဏ္ဍစုံလင်ရသလွင်ပြင်မီဒီယာ 10:42 AM