Sunday, May 27, 2012

ခုခံအားကျဆင်းမှု ကူးစက်ရောဂါနေ့ အထူးဆောင်းပါး

1284 World_AIDS_Day_2011_Special_Article

ရာဇ၀င် သမိုင်းကြောင်း

၁၉၈၁ ခုနှစ် ဇွန်လ၏ ထူးခြားသော နေ့တစ်နေ့တွင် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ဆရာဝန်တစ်ယောက်သည် အဆုတ်​ရောဂါသည် တစ်ဦးကို ကုသပေးလျှက်ရှိသည်။ ထူးခြားမှုမှာ ထိုလူနာသည် အလွန်ရှားပါးသော ရောဂါဖြစ်သည့် နူမိုစစ်တစ် အဆုတ်​ရောင်ရာဂါ (Pneumocystic carinii pneumonia) ခံစားနေ ရသော​ကြောင့်ဖြစ်သည်။

ထိုလူနာမှာ အသက် ၂၀ အရွယ်ရှိ ယောက်ျားချင်း လိင်ဆက်ဆံသူ တစ်ယောက် ဖြစ်သည်။ ၄င်းအဆုတ်ရောင်ရောဂါ အမျိုးအစားမှာ အလွန်အဖြစ်နည်းပါးသည်။ ရောဂါဖြစ်သူသည် ၁၀ ရက်စာ ထိုးဆေးဖြင့် ကုသ၍ပျောက်ရင်ပျောက်၊ မပျောက်လျှင် သေဆုံးသွား သည်သာ များသည်။ ဆေးဆိုင်မှ ဆေးဝါးကျွမ်းကျင် ပညာရှင်သည် ၄င်းထိုးဆေးအမှာစာကို လက်ခံရရှိချိန်တွင် ထိုဆေးမျိုးတောင်း ခဲလှ၍ အံ့သြနေမိသည်။

နှစ်ပတ်အကြာတွင် ၄င်းဆရာဝန်မှ ၄င်းဆေးကို နောက်တစ်ကြိမ်တောင်းစာများကို ထပ်မံရရှိသဖြင့် ထိုဝန်ထမ်းမှာ အထူးပင် အံ့သြမိ သည်။ အကျိုးအကြောင်း လှမ်းမေးမြန်းကြည့်ရာ အလားတူလူနာ နောက်ထပ် ၄ ယောက်ကို ကုသပေးနေရကြောင်း သိရပြီး အားလုံး မှာ ယောက်ျားချင်း လိင်ဆက်ဆံသူများ ဖြစ်နေပြန်သည်။

5. AIDSRibbon

နောက်ထပ် ရက်ပေါင်းအနည်းငယ်အကြာတွင် နယူးယောက်မြို့ရှိ နေရာအမြောက်အမြား၌ ယောက်ျားချင်း လိင်ဆက်ဆံသူများတွင် အလွန်ရှားပါးသော ကပိုးဆီးဆာကိုးမား (Kaposi’s sarcoma) ဟုခေါ်သော အရေပြားကင်ဆာ ဖြစ်ပေါ်လာပြန်သည်။ ဤရောဂါ သည် အလွန်တွေ့ရခဲသော ရောဂါဖြစ်ရုံသာမက သက်ကြီးရွယ်အိုများတွင်သာ ဖြစ်လေ့ရှိသော ရောဂါဖြစ်သည်။

ဤထူးခြားသော ဖြစ်စဉ်နှစ်ရပ်ကို ဆေးပညာရှင်များ သတိထားမိကြ၍ အမေရိကန်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဌာန (Center for Disease Control)မှ အထူးအဖွဲ့များဖွဲ့၍ စုံစမ်းရေးများ စတင်ကြတော့သည်။

အမည်အမျိုးမျိုးနှင့် ရောဂါသစ်

၁၉၈၂ ခုနှစ်အတွင်း အလားတူရောဂါသည်များ ၁၆၀၀ နီးပါး တွေ့ရှိရပြီး ဤရောဂါကြောင့် လူပေါင်း ၇၀၀ ကျော် အသက်သေဆုံးကြ ရသည်။ ထို့ကြောင့် ဆေးပညာစုံစမ်းမှုများ ပြုလုပ်ကြရင်း ဤရောဂါခံစားနေရသူ အယောက် ၄၀ သည် လူတစ်ဦးထဲမှ ကူးစက်ခံရ​ကြောင်း အံ့သြဖွယ် သိရှိလိုက်ကြသည်။ ထိုမှစ၍ ဤရောဂါမှာ ယောက်ျားချင်း လိင်ဆက်ဆံရာမှ ကူးစက်နိုင်ကြောင်း သိရှိသွား​တော့ သည်။ ယောက်ျားချင်း လိင်ဆက်ဆံသူများတွင်သာဖြစ်သဖြင့် ဤရောဂါကို ဂေးကင်ဆာ (gay cancer)၊ ဂေးပလိပ် (gay plague) ဟု အရပ်ထဲတွင်ခေါ်ကြသည်။

သတင်းစာများတွင်မူ ဂေးနှင့်သက်ဆိုင်သော ခုခံအားကျဆင်းမှုရောဂါ (gay-related immune deficiency – GRID) ဟု ဖော်ပြကြ သည်။ ဤထူးခြားသော ရောဂါသစ်ကို စိတ်ဝင်စားဖွယ်ကောင်းသော အမည်များ မျိုးစုံပေးကြသည်။ ဂေးအင်အားကျဆင်းမှု လက္ခဏာစု (gay compromise syndrome)၊ လူထုအတွင်းတွင်ဖြစ်သော ခုခံအားချို့ယွင်းမှု (community-acquired immune dysfunction)၊ ကပိုးဆီးဆာကိုးမားဟုခေါ်သော အရေပြားကင်ဆာနှင့် အခွင့်အခါသင့်သော ကူးစက်ရောဂါများ (Kaposi’s sarcoma and opportunistic infections – KSOI) စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်ကြသည်။

3. I-Want-U2get-HIV-Testနောက်ပိုင်းတွင် မူးယစ်ဆေးထိုးသူများနှင့် သွေးရောဂါရှိသူများတွင်ပါ ဤရောဂါဖြစ်ပွား သည်ကို တွေ့ရှိလာသည်။ ၁၉၈၃ခုနှစ် ဇန်န၀ါရီလတွင် လိင်ကွဲဆက်ဆံခြင်းမှ ကူးစက်ခံ ရသော ပထမဆုံးလူနာကို စတင်တွေ့ရှိသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ ကူးစက်​ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) က H လေးလုံးရောဂါ (4H disease) ဟု အမည်သစ်တစ်ခု ပေးလိုက်ပြန်သည်။

H လေးလုံးဆိုသည်မှာ ဟေတီလူမျိုးများ (Haitians)၊ လိင်တူဆက်ဆံသူများ (Homosexuals)၊ သွေးရောဂါသည်များ (Hemophiliacs) နှင့် မူးယစ်ဆေး သုံးစွဲသူ များ (Heroin users) ဖြစ်သည်။

၁၉၈၂ ခုနှစ် ဇူလိုင်လ၊ ၀ါရှင်တန်မြို့တွင် ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် ခုခံ အား ကျဆင်းမှု ကူးစက်ရောဂါ (AIDS - Acquired Immune Deficiency Syndrome) ဆိုသော အမည်ကို စတင်သုံးစွဲလိုက်သည်။ ဤနှစ်အတွင်း အမေရိကန်​​နိုင်ငံတွင်​ရောဂါဖြစ်သူလူပေါင်း ၁၆၀၀ ကျော်တွေ့ရှိခဲ့ပြီး ၇၀၀ ကျော် အသက်ဆုံးရှုံးခဲ့ သည်။ ဤရောဂါ၏ ကူးစက်ပုံနည်းလမ်းများနှင့် ရောဂါလက္ခဏာများကို တစ်စတစ်စသိရှိလာကြသော်လည်း ရောဂါ၏ အရင်းအမြစ်၊ ကူးစက်ရသော အကြောင်းရင်း ​နှင့် စမ်းသပ်စစ်ဆေးရန် နည်းလမ်းများကိုမူ မသိရှိကြသေးပေ။

ထို့အပြင် ဤရောဂါမှာ အမေရိကန်နိုင်ငံ တစ်ခုထဲတွင် ဖြစ်ပွားနေခြင်းမဟုတ်ဘဲ ဥရောပနိုင်ငံ အချို့များတွင်လည်း ဖြစ်ပွားနေသည်။ တစ်ချိန်ထဲမှာပင် အာဖရိကတိုက် ယူဂန်ဒါနိုင်ငံ၌ အလွန်ပိန်ချုံးပြီး အသက်ပါသေဆုံးနိုင် သည့် ရောဂါသစ်တစ်မျိုး ဖြစ်ပွားနေသည်။နောက်ပိုင်းတွင် အလွန်အဖြစ်များလာ၍ “သေးသွယ်” ရောဂါ (Slim disease) ဟု ရွာများထဲတွင် အသိများလာကြသည်။

၁၉၈၃ နှစ်သစ်နှင့်အတူ ထူးခြားသောဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာပြန်သည်။ အမျိုးသမီးများပါ ဤရောဂါ ဖြစ်လာကြခြင်းဖြစ်သည်။ ထိုအမျိုးသမီးများတွင် ရောဂါကူးစက်နိုင်သော အခြားနည်းလမ်းများ ရှာမတွေ့သဖြင့်၊ လိင်ဆက်ဆံခြင်းမှ ကူးစက်ခဲ့ကြခြင်း ဖြစ်မည် ဟု ကောက်ချက်ချကြသည်။ သတင်းစာများ၊ တီဗွီအစီအစဉ်များက “လူသတ်သောသွေး”၊ “ရွာထဲမှလူသတ်သမား” စသည်ဖြင့် ဤ​ရောဂါအကြောင်းများ ဖော်ပြလာကြသဖြင့် လူများပို၍ သတိပြုမိလာကြသည်။


ရောဂါဖြစ်စေသော အကြောင်းရင်းခံ

၁၉၈၃ ခုနှစ် မေလပိုင်းတွင် ပြင်သစ်နိုင်ငံ အဖွဲ့အစည်းတစ်ခုမှ Luc Montagnier နှင့် အဖွဲ့သည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ​ဖြစ်နေသူ၏ ပြန်ရည်အကြိတ် (lymph node) ကို ခွဲစိတ်စမ်းသပ်ရာမှ၊ ဤရောဂါဖြစ်စေနိုင်သော ဗိုင်းရပ်စ်ရောဂါပိုးကို ရှာဖွေတွေ့ရှိ သွားသည်။ တစ်ဖန် ၁၉၈၄ ခုနှစ် မေလတွင် အမေရိကန်နိုင်ငံ အမျိုးသားကင်ဆာဌာနမှ Dr. Robert Gallo ဦးဆောင်သော အဖွဲ့ ကလည်း ဤရောဂါဖြစ်စေ​နိုင်သော ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးကို ထပ်မံတွေ့ရှိပြန်သည်။1. Luc_Montagnier_in_2008

၁၉၈၅ တွင် ရှာဖွေတွေ့ရှိထားသော ထိုပိုးနှစ်မျိုး၏ အသေးစိတ် အချက်အလက်များ ကို လေ့လာကြရာတွင် ထိုပိုးနှစ်မျိုးမှာ အတူတူပဲဖြစ်၍ ခုခံအားကျဆင်းမှု ကူးစက်ရော ဂါဖြစ်စေသော အကြောင်းရင်းဖြစ်ကြောင်း အတည်ပြုလိုက်ကြသည်။ ပြောင်မြောက် လှသော ဤရှာဖွေတွေ့ရှိမှုအတွက် Luc Montagnier သည် ၂၀၀၈ ခုနှစ်တွင် နိုဗယ် ဆု ပေးအပ်ခြင်း ခံရသော်လည်း Dr. Robert Gallo မှာမူ ထူးဆန်းစွာဖြင့် အသိအမှတ်​ပြုခြင်း မခံခဲ့ရပေ။

ရောဂါကူးစက်မှုများ အမေရိကန် တစ်နိုင်ငံလုံးတွင် ဖြစ်ပွားလျှက်ရှိရာ၊ ၁၉၈၄ နှစ်ကုန် တွင် ရောဂါသည်ပေါင်း ၇၇၀၀ ကျော်ရှိပြီး၊ ၃၆၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရသည်။ ဥရော ပ ​နိုင်ငံများတွင်လည်း လူပေါင်း ၇၆၀ ကျော် ကူးစက်ခံနေရပြီဖြစ်သည်။

(ပုံ) Luc Montagnier


၁၉၈၅ ခုနှစ်အတွင်း ပြောင်းလဲမှုများ

၁၉၈၅ ခုနှစ် ဇန်န၀ါရီလတွင် အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဌာန (FDA) မှ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ရှိ၊ မရှိစစ်ဆေးနိုင်သော ပထမဆုံးသွေးစစ်နည်းကို မှတ်ပုံတင်လိုက်သည်။ ထိုစစ်ဆေးနည်းမှာ ဤရောဂါပိုးကို တိုက်ခိုက်ရန် ဖြစ်ပေါ်လာသော သွေးထဲရှိ ပဋိဇီဝပစ္စည်း (antibodies) ကို ရှာဖွေခြင်းဖြစ်သည်။ ဤနည်းဖြင့် ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိပါက၊ ထိုလူအား သွေးမလှူရန် တစ်သက်တာ တားမြစ်လိုက်သည်။

နောက်ပိုင်းတွင် နို့တိုက်ကလေးများမှာ မွေးကာစအချိန်တွင် ရောဂါမရှိခဲ့ဘဲ၊ လပိုင်းအနည်းငယ်ကြာမှ ဤရောဂါကူးစက်ခံရ၍ စုံစမ်းမှု များ ပြုလုပ်ကြရာတွင် မိခင်နို့တိုက်ရာမှတစ်ဆင့်လည်း မိခင်မှကလေးသို့ ခုခံအားကျဆင်းမှုကူးစက်ရောဂါ ကူးစက်နိုင်ကြောင်း ရှာဖွေ​တွေ့ရှိလာသည်။ ဤနှစ်အတွင်းမှာပင် တရုတ်နိုင်ငံတွင် ပထမဆုံး ခုခံအားကျဆင်းမှု ကူးစက်ရောဂါသည်ကို စတင်တွေ့ရှိလေသည်။ ဤနှစ်ကုန်တွင် အမေရိကန်နိုင်ငံ၌ လူပေါင်း ၁၆၀၀၀ နီးပါး ကူးစက်ခံရနေပြီ ဖြစ်သည်။

၁၉၈၅ ခုနှစ် ဧပြီလတွင် ပထမဆုံး အပြည်ပြည်ဆိုင်ရာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ညီလာခံကြီးကို ကျင်းပခဲ့သည်။ ပညာရှင်​ပေါင်း ၂၀၀၀ ကျော် တက်ရောက်ဆွေးနွေးကြသည်။ ဤညီလာခံကြီး ပြီးပြီးချင်းပင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အပြည်ပြည် ဆိုင်ရာ အစည်းအဝေးတစ်ခု ဆင့်ခေါ်လိုက်သည်။ အစည်းအဝေးတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါမှာ ကပ်ရောဂါ (Epidemic) အသွင် ဖြစ်ပွားနေပြီဖြစ်၍ နိုင်ငံတိုင်းက အရေးတယူ ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်သည်။

တစ်ချိန်ထဲမှာပင် နိုင်ငံအများအပြား၌ ဤရောဂါများ ဖြစ်ပွားနေကြသဖြင့်၊ လူအများ ကြောက်ရွံ့တုန်လှုပ်လာကြပြီး အခြေအမြစ်မရှိ​သော အယူအဆများ၊ အစွဲအလန်းများ ပေါ်ပေါက်လာသည်။ ရောဂါရှိသူများသုံးစွဲထားသော ပစ္စည်းများကို ကိုင်လျှင် ရောဂါကူးစက် ခံရမှာ စိုးရိမ်ခြင်း၊ ရောဂါရှိသူများနှင့် ထိတွေ့ရန် ကြောက်ရွံ့ခြင်းတို့ပင် ဖြစ်လာကြသည်။ ထို့ကြောင့် ရောဂါရှိသူများကို​ကျောင်းထုတ်​ခြင်း၊ အလုပ်ထုတ်ခြင်း၊ အသိုင်းအ၀ိုင်းမှ ဖယ်ကြဉ်ခြင်း၊ မလိုအပ်လျှင် ခရီးသွားလာမှုများ ရှောင်ကြဉ်ခြင်းတို့ပင် ဖြစ်ကုန်သည်။


ရောဂါပိုးလေး အမည်ပေး

၁၉၈၆ ခုနှစ် မေလတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ဖြစ်စေသော ဗိုင်းရပ်စ်ပိုးကို HIV ဟု အမည်ပေးလိုက်သည်။ HIV ဆိုသောအမည်မှာ SIV မှဆင်းသက်လာခြင်းဖြစ်သည်။ SIV သည် မျောက်မျိုးနွယ်စုတွင်ဖြစ်သော ခုခံအားကျဆင်းမှု ဗိုင်းရပ်စ်ပိုး (Simian Immunodeficiency Virus) ဟု အဓိပ္ပါယ်ရပြီး အာဖရိကရှိ မျောက်များ၊ ​မျောက်ဝံများတွင် ဖြစ်လေ့ရှိ​သော​ရောဂါဖြစ် သည်။ လူကို ကူးစက်လာသောအခါ လူတွင်ဖြစ်သော ခုခံအားကျဆင်းမှု ဗိုင်းရပ်စ်ပိုး (HIV - Human Immunodeficiency Virus) ဟု အမည်ပြောင်းလိုက်ခြင်း ဖြစ်သည်။

HIV-1 နှင့် HIV-2 ဆိုသော HIV ပိုးနှစ်မျိုးတွင် HIV-1 မှာ ပို၍ပြင်းထန်ပြီး ပို၍လွယ်ကူစွာ ကူးစက်နိုင်သည်။ ကမ္ဘာနှင့်တစ်ဝန်း ​ဖြစ် ပွား​နေသော ခုခံအားကျဆင်းမှု ကူးစက်ရောဂါအများစုမှာ HIV-1 ကြောင့်ပင်ဖြစ်သည်။ ပထမဆုံး HIV-1 ရောဂါပိုးကို ၁၉၅၉ ခုနှစ် တွင် အာဖရိကတိုက် ကွန်ဂိုနိုင်ငံတွင် စစ်ဆေးတွေ့ရှိခဲ့သည်။ မျိုးရိုးဗီဇဆိုင်ရာ လေ့လာမှုများအရ၊ ၄င်းရောဂါပိုးမှာ လွန်ခဲ့သော​နှစ်​ပေါင်း ၅၀ ကျော်ကတည်းက ချင်ပန်ဇီမျောက်များကို လူများက တောပစ်၍ သတ်ဖြတ်စားသောက်ကြရာမှ လူများဆီသို့ ကူးပြောင်း လာ သည်ဟု ယူဆရသည်။ HIV-2 ရောဂါပိုးမှာမူ ကူးစက်နိုင်စွမ်း အားနည်းသောကြောင့် ကူးစက်ပြန့်ပွားရန် ခက်ခဲပြီး အာဖရိက အနောက်ပိုင်းတွင်သာ အတွေ့ရများသည်။ ၁၉၈၆ ခုနှစ် နှစ်လယ်ပိုင်းတွင် ကမ္ဘာနှင့်တစ်ဝန်း ခုခံအားကျဆင်းမှု ကူးစက်​ရောဂါသည်​ပေါင်း ၁၀ သန်းကျော်ခန့် ရှိနေပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ကြေညာခဲ့သည်။

ရောဂါသည်များအတွက် မျှော်လင့်ချက်

၁၉၈၆ ခုနှစ် စက်တင်ဘာလတွင် အဇိဒိုသိုင်မိဒင်းဟု အမည်ရှိသည့် (azidothymidine - AZT) ဆေးတစ်မျိုး မှာ ရောဂါဆုတ်ယုတ် မှုကို နှေးကွေးစေကြောင်း တွေ့ရှိကြသည်။ ၄င်းဆေးမှာ ၁၉၆၄ ခုနှစ်တွင် ကင်ဆာကုသရန်အတွက် တီထွင်ခဲ့သော်လည်း အစွမ်း သက်ရောက်မှု မရှိသောကြောင့် အသုံးမပြုနိုင်ခဲ့ပေ။ ဤဆေးကို လူနှစ်စုခွဲ၍ ၆ လကြာအောင် စမ်းသပ်ခဲ့ရာ၊ ဤဆေးသောက်သော လူစုထဲမှ တစ်ယောက်သာသေဆုံးခဲ့ပြီး၊ ဤဆေးမတိုက်ဘဲ အားဆေးသာတိုက်သော လူစုထဲတွင် ၁၉ ယောက် သေဆုံးခဲ့သည်။ ထိုရှာ​ဖွေတွေ့ရှိမှုမှာ အလွန်တန်ဖိုးရှိသော်လည်း၊ ဆေးမတိုက်သော လူစုအတွက် တရားမျှတမှု မရှိသောကြောင့် ဤစမ်းသပ်မှုကို ချက်ချင်း ရပ်တန့်လိုက်သည်။

6. stopAidsLogoSmall

ကမ္ဘာ့တလွှားတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ပတ်သက်သည့် တုန်လှုပ်မှုများ၊ ကြောက်ရွံ့မှုများဖြင့် ၁၉၈၇ ၏ နှစ်သစ်ကို ကြိုဆိုခဲ့ကြရသည်။ နိုင်ငံ အတော်တော်များများတွင် အပြင်းအထန် သွေးစစ်ဆေးပြီး ရောဂါသည်အသစ်များ ရှာဖွေနေကြသည်။ တချိန်ထဲမှာပင် လူထုအတွင်း ကြောက်လန့်မှုများ နည်းပါးအောင် ရောဂါအကြောင်း ပညာပေးမှုများ အကျယ်အပြန့် လုပ်ဆောင်လာ ကြသည်။ ထို့အတူ နိုင်ငံတော် သမ္မတများ၊ ဒိုင်ယာနာ မင်းသမီးကဲ့သို့သော နာမည်ကျော်လူများက လူအများရှေ့တွင် ရောဂါသည် များနှင့် လက်ဆွဲနှုတ်ဆက်ပြကြခြင်းဖြင့် ဤရောဂါမှာ သာမန်ထိတွေ့ခြင်းဖြင့် မကူးစက်နိုင်ကြောင်း လူအများ ယုံကြည်အောင် သက်သေပြကြသည်။

၁၉၈၇ ခုနှစ် မတ်လ ၁၉ ရက်တွင် ရောဂါသည်များအတွက် ပထမဆုံး မျှော်လင့်ချက်ရောင်ခြည် ထွန်းတောက်ခဲ့သည်။ အမေရိကန်​နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန (USFDA) က AZT ဆေးကို ခုခံအားကျဆင်းမှုကူးစက်ရောဂါ ကုသရန် အတွက် တရားဝင် အသိအမှတ်ပြုလိုက်သည်။

ဤအချိန်မှစ၍ AZT ဆေးနှင့် ပတ်သက်သော စမ်းသပ်မှုများ အပြင်းအထန်ပြုလုပ်ကြရာ၊ HIV ရောဂါပိုးကူးစက်ခံရ ပြီးသော်လည်း​ရောဂါလက္ခဏာ မပေါ်သေးသူများတွင် AZT ဆေးသောက်သုံးခြင်းဖြင့် ရောဂါဆုတ်ယုတ်မှုကို သိသာထင်ရှားစွာ နှေးကွေးစေသည် ကို တွေ့ရှိလာသည့်အတွက် ဆေးတန်ဖိုးမှာ လွန်စွာမြင့်တက်ကုန်သည်။ သည့်အတွက် လူထုမှဒေါသဖြစ်၍ အုံကြွမှုများဖြစ်လာ သဖြင့် ဆန္ဒပြမှုများ၊ စတော့ရှယ်ယာ မငြိမ်သက်မှုများစသည့် ပြဿနာများဖြင့် ပြည့်နှက်နေသည်။ ထိုပြဿနာများကို ဖြေရှင်းရန် အတွက် ဒိဒီအောက်ဆီယီနိုဆင်း (dideoxyinosine - ddI) ဟုခေါ်သော ဆေးမှာ ကနဦး စမ်းစစ်မှုများသာ ပြုလုပ်ရသေးသော် လည်း၊ ၄င်းဆေးကို ဒုတိယမြောက် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကုသရန် ဆေးအဖြစ် ၁၉၈၉ ခုနှစ် အောက်တိုဘာလတွင် အသိ အမှတ်ပြုလိုက်ရသည်။

၁၉၉၁ ခုနှစ် အစပိုင်းတွင် အစီရင်ခံစာတစ်ခုကို အခြေပြု၍ သွားဆရာဝန် တစ်ယောက်မှ လူ ၃ ဦး ရောဂါကူး စက်ခံရကြောင်း တွေ့ရှိ သွားပြန်သည်။ ထို့ကြောင့် ရောဂါရှိသူ ဆရာဝန်များ၊ သွားဆရာဝန်များမှ လူနာကို ခွဲစိတ်ကုသမှုမပြုခင် မိမိတွင် ဤရောဂါရှိနေ​ကြောင်းကို ဖွင့်ပြောပြရမည်ဟု ဆေးပညာအဖွဲ့အစည်းများက သတိပေးကြသော်လည်း၊ နောက်ပိုင်းတွင် ရောဂါရှိသူ ကျန်းမာရေး ၀န် ထမ်းများကို ခွဲစိတ်ကုသမှုနှင့် သက်ဆိုင်သော မည်သည့်အလုပ်မှ မလုပ်ရန် တားမြစ်လိုက်သည်။

၁၉၉၁ ခုနှစ် နွေရာသီတွင် တတိယမြောက်ဆေးဖြစ်သော ဒိုင်ဒီအောက်ဆီစစ်တိုင်ဒင်း (dideoxycytidine - ddC) ကို AZT ဆေး မတိုးသော လူနာများအတွက် AZT ဆေးနှင့် တွဲသုံးရန်အတွက်သာ အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ် ကဲ​ရေးဌာန (FDA) က ထပ်မံအတည်ပြုလိုက်သည်။

9. world-aids-day-2010

ပြင်သစ်နိုင်ငံတွင် ဖြစ်ပွားနေသော ပြဿနာမှာ တခြားနိုင်ငံများနှင့်မတူ တစ်မူထူးခြား သည်။ ရောဂါကူးစက်ခံရသော သွေးရောဂါသည်များက ကျန်းမာရေးဝန်ထမ်းများကို တရားစွဲမှုများ ဖြစ်ပွားနေသည်။ ရောဂါကူးစက်ခံရသော သွေးရောဂါသည်များ၏ အဆို အရ သွေးထဲတွင် HIV ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်သော စမ်းသပ်နည်းများ၊ ​သွေးထဲ ရှိရောဂါပိုးကို သတ်နိုင်သော နည်းလမ်းများ ရှိနေပါလျှက်နှင့် ​ရောဂါပိုးပါ​သောသွေးများ ကို သွင်းပေးလိုက်သောကြောင့် ၄င်းတို့မှာ ရောဂါကူး စက်ခံရသည်ဟု ဆိုလေသည်။

ဤနှစ်အတွင်းမှာပင် အနီရောင်ဖဲပြားကို ခုခံအားကျဆင်းမှု ကူးစက်ရောဂါ အသိနိုး ကြားစေသော အပြည်ပြည်ဆိုင်ရာ သင်္ကေတအဖြစ် သတ်မှတ်လိုက်သည်။ ဤ အနီ​ရောင်ဖဲပြားလေးသည် HIV/AIDS ရောဂါသည်များကို ခွဲခြား ဆက်ဆံခြင်း၊ ရှောင်ဖယ်​ခြင်း ကင်းဝေးစေရန်၊ ဤရောဂါဖြင့် သေဆုံးသွားသော လူများအတွက် အမှတ်တရရှိရန်၊ ဤရောဂါကို အားလုံးစုပေါင်း တိုက်ဖျက်ရန်၊​ရောဂါသည်များအပေါ်တွင် ဂရုတစိုက်ရှိမှု၊ စိုးရိမ်ပူပန်မှုများ ရှိကြောင်းကို ပြရန်၊ ရောဂါသည်များကို တစိုက်မတ်မတ် အားပေးကူညီ ရန်၊ ရောဂါသည်များအားလုံး စည်းလုံးညီညွတ်စေရန် အစရှိသည့် လေးနက်သော အဓိပ္ပါယ် များဖြင့် ပြည့်နှက်နေပါသည်။

ကာကွယ်ရေး ကဏ္ဍ

၁၉၉၁ ခုနှစ်အကုန်တွင် ကမ္ဘာ့တလွှား လူပေါင်း ၁၂ သန်းကျော်ခန့် HIV ရောဂါပိုး ကူးစက်ခံနေရပြီး လူပေါင်း ၁ သန်းခွဲခန့် AIDS ရောဂါ ဖြစ်ပွားနေပြီဖြစ်သည်။ ထို့ကြောင့် ၁၉၉၂ ခုနှစ်တွင် ကမာ့္ဘကျန်းမာရေးအဖွဲ့ (WHO) က HIV/AIDS ရောဂါတိုက်ဖျက်​ရေး စီမံကိန်းအနေဖြင့်၊ သက္ကရာဇ် ၂၀၀၀ မတိုင်မီ အာဖရိကနှင့် အာရှတိုက်မှ လူသားအားလုံး HIV/AIDS ရောဂါမှ ကာကွယ်နိုင်ရန် ကွန်ဒုံး လွယ်တကူရရှိနိုင်၊ ၀ယ်ယူနိုင်ရမည်ဆိုသော ရည်မှန်းချက်ချမှတ်ခဲ့ပြီး ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို နိုင်ငံ အသီးသီး တွင် စတင်ဆောင်ရွက်လေသည်။

သို့သော်လည်း အချို့နိုင်ငံများတွင် ကွန်ဒုံးကို လူထုထဲ၌ ကြော်ငြာရောင်းချရန် လက်မခံလိုကြပေ။ ဤနှစ်ပိုင်း၌ပင် ddC ဆေးကို AZT ဆေးနှင့် တွဲ၍ HIV ရောဂါအဆင့်မြင့်ပြီး အခြေအနေ ဆိုးရွားနေသူ လူကြီးများတွင် အသုံးပြုရန် အမေရိကန်နိုင်ငံ အစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန (FDA) က သတ်မှတ်လိုက်ပြန်သည်။ ၄င်းထုကုံးမှာ ခုခံအားကျဆင်းမှု ကူးစက်​ရောဂါအတွက် ပထမဆုံး အောင်မြင်သော ပူးတွဲကုထုံးပင် ဖြစ်သည်။

ဤကဲ့သို့ ဆေးပညာကုထုံးသစ်များ၊ နည်းလမ်းသစ်များ ပေါ်ပေါက်နေသော်ငြားလည်း ၁၉၉၃ ခုနှစ် ဇန်န၀ါရီလတွင် ဆေးပညာရှင် များအတွက် တုန်လှုပ်မှုတစ်ရပ် ပေါ်ပေါက်လာပြန်သည်။ ၄င်းမှာ AZT ဆေးကို တစ်ခါမှ မသောက်သုံးဖူးသူများတွင် ရောဂါပိုး မှ ဆေးကို ခုခံတုံ့ပြန်မှုများဖြစ်ပြီး ဆေးမတိုးခဲ့သဖြင့် ရောဂါသည်များအတွက် ထင်သလောက် မျှော်လင့်ချက် မထွန်းတောက်ခဲ့ပေ။

ထို့အပြင် ကိုယ်ခံအား အလွန်အမင်းကျဆင်းနေသော ရောဂါအဆင့်မြင့်နေသူများတွင် ခုခံအားကျဆင်းနေသော အခွင့်ကောင်းကို အကြောင်းပြု၍ ကူးစက်လာသောရောဂါများကို သတိပြုမိလာကြသည်။ ၄င်းရောဂါများကို ပေါင်း၍ အခွင့်အခါသင့်သော ကူးစက်ရော ဂါများ (Opportunistic infections) ဟု ခေါ်သည်။ AZT ဆေးမတိုးသော လူနာများကို ddI နှင့် ddC ဆေးနှစ်မျိုးပေါင်း၍ ကြိုးစား ကုသကြသည်။

8. corbis_rm_photo_of_giant_condom_in_Paris_1993

၁၉၉၃ ခုနှစ် ဒီဇင်ဘာ၁ရက်နေ့တွင် ပြင်သစ်နိုင်ငံရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးကို ဆောင်ရွက်နေသော Act Up-Paris အဖွဲ့ က ကမ္ဘာတစ်ဝန်းလုံးကို ခုခံအားကျဆင်းမှု ကူးစက်ရောဂါအသိတရား နိုးထ​စေရန် ရည်ရွယ်ချက်ဖြင့်၊ ပြင်သစ်မြို့ရှိ အကြီးဆုံး အထိမ်းအမှတ် ကွင်းပြင် ကြီး (Place de la Concorde) တွင်ရှိသော ကျောက်တိုင်ကြီးပေါ်တွင် ပန်းရောင်ကွန်ဒုံးကြီး စွပ်ထားလိုက်သည်။ ဤအကြောင်းကို နိုင်ငံတကာ သတင်းစာများတွင် အကျယ်တ၀င့် ဖော်ပြကြသည်။

၁၉၈၇ခုနှစ် သြဂုတ်လအတွင်းတွင် ဂျနီဗာမြို့ရှိ ကမာ့္ဘကျန်းမာရေးအဖွဲ့ (WHO) ပြည်သူ့ပြန်ကြားရေး ၀န်ထမ်းနှစ်ဦးဖြစ်သော James Bunn နှင့် Thomas Netter တို့သည် ခုခံအားကျဆင်းမှု ကူးစက်​ရော ဂါအတွက် အထိမ်းအမှတ်နေ့ သတ်မှတ်ရန် စိတ်ကူးမိကြသည်။ ထို့နောက် ထိုနှစ်ဦးမှ ကုလသမဂ္ဂ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးအဖွဲ့ (UNAIDS) ညွှန်ကြားရေးမှူး Dr. Jonathan Mann သို့ တင်ပြလိုက်သည်။ Dr. Mann ကလည်း သဘောကျ၍ အတည်ပြုပေးသောကြောင့်၊ ပထမဆုံး ကမာ့္ဘခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) ကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။

နောက်ပိုင်းနှစ်များတွင် ရောဂါအကြောင်း ပညာပေးမှုများ၊ ဆေးပညာ တိုးတက်ပြောင်းလဲမှုများကြောင့် တိုးတက်သည့် နိုင်ငံများတွင်​ရောဂါကူးစက်သူ အရေအတွက် ကျဆင်းလာမှုများ ရှိလာခဲ့သလို တွေ့ရှိမှုအသစ်များလည်း ရှိလာသည်။ HIV ရောဂါပိုးသည် နက်ရှိုင်းစွာ နမ်းရှုံ့ရင်း (deep kiss) မှ ကူးနိုင်ချေရှိသည်ဆိုသည့် ယူဆချက်များ ပေါ်ပေါက်လာသည်။

ဤပြဿနာ၏ အကြောင်းရင်းခံမှာ HIV ရောဂါပိုးကူးစက်ခံရနေရသော ယောက်ျားတစ်ယောက်သည် သူ၏ပါးစပ်အတွင်းနှင့် သွားဖုံး​ပေါ်တွင် အနာများရှိနေပြီး မကြာခဏ သွေးထွက်တတ်သည်။ သူ၏ရည်းစားဖြစ်သော အမျိုးသမီးမှာလည်း သွားဖုံးရောဂါကြောင့် သွားဖုံးများရောင်ရမ်းနေပြီး ပါးစပ်ထဲတွင် အနာရှိနေသည်။

အခြားနည်းလမ်းများဖြင့်လည်း ရောဂါကူးစက်နိုင်ချေ ရှိနေသောကြောင့် တထစ်ချ ကောက်ချက်မချနိုင်ပေ။ ထို့အတူ လေ့လာမှုများ အရ ယောက်ျားချင်း လိင်ဆက်ဆံသူများတွင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဖြင့် အယောက် ၁၀၀ တွင် ၇ ယောက် ရောဂါကူးစက်နိုင်​ကြောင်း တွေ့ရှိရသည်။ ရှားပါးသော ပထမဆုံး အမျိုးသမီးချင်း လိင်ဆက်ဆံမှုမှ ရောဂါကူးစက်သူကို ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ တွင် တွေ့ရှိခဲ့သည်။ စစ်ဆေးချက်များအရ ထိုအမျိုးသမီးနှစ်ဦးမှာ လိင်ဆက်ဆံပစ္စည်းအတုကို မျှဝေသုံးစွဲခြင်းကြောင့် ရောဂါကူးစက် သည်ဟု ယူဆကြသည်။

World-AIDS-Day-2011-e1322634168180

အနာဂတ်အတွက် ကာကွယ်ဆေး

ပညာပေးမှုများ၊ သတိပေးနှိုးဆော်မှုများဖြင့် ထင်သလောက် အကျိုးသက်ရောက်မှု မရှိသဖြင့် ကာကွယ်ဆေးကို ကြိုးစားရှာဖွေ ဖော် ထုတ်ကြသည်။ ၁၉၉၈ ခုနှစ် ဇွန်လတွင် AIDSvax ကုမ္ပဏီမှစတင်၍ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ဆေးကို လူများတွင် ပထမဆုံး စမ်းသပ်ကြသည်။ ဤစမ်းသပ်မှုကို အမေရိကန်နိုင်ငံရှိ စေတနာအလျှောက်ပါဝင် စမ်းသပ်ခံသူ အယောက် ၅၀၀၀ ဖြင့် စတင်ခဲ့သည်။

သို့သော်ငြားလည်း ယခုအချိန်အထိ HIV ရောဂါပိုး ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည့် အစွမ်းထက်သော ကာကွယ်ဆေး မရှိသေး​ပေ။ ဤကာကွယ်ဆေးကို နှစ်ပေါင်း ၁၀ နှစ်ကျော် အပူတပြင်း ကြိုးစားဖော်ထုတ် နေကြသော်လည်း မအောင်မြင်ရသေးသည့် အကြောင်းရင်း များစွာရှိသည်။ ဥပမာအားဖြင့် လက်ရှိဖော်ထုတ်ထားသော ကာကွယ်ဆေးများမှာ အသက်ရှူလမ်းကြောင်းနှင့် အစာ လမ်းကြောင်းမှ ၀င်ရောက်ကူးစက်ခြင်းကိုသာ ကာကွယ်နိုင်သော်လည်း၊ လက်ရှိရောဂါ ကူးစက်ခံနေရသူအများစုမှာ လိင်အင်္ဂါလမ်း ​ကြောင်းမှ ကူးစက်ခံရခြင်းဖြစ်သည်။

ထို့အပြင် HIV သည် လူကိုသာ ကူးစက်နိုင်ပြီး အခြားတိရစ္ဆာန်များကို မကူးစက်နိုင်ပေ။ ကြောင်များတွင် ခုခံအားကျဆင်းစေသော​ရောဂါပိုးမှာ HIV ရောဂါပိုးနှင့် မတူသော Feline Immunodeficiency Virus (FIV) ဖြစ်သည်။ ထို့ကြောင့် ကာကွယ်ဆေးများ ကို​မျောက်များဖြင့်သာ စမ်းသပ်နိုင်သည်။ သို့သော်လည်း မျောက်များတွင်ဖြစ်သော SIV ရောဂါပိုးနှင့် လူတွင်ဖြစ်သော HIV ရောဂါပိုးမှာ မတူသော အချက်များလည်း ရှိနေသေးပြန်သဖြင့် မျောက်များတွင် ကာကွယ်ဆေးစမ်းသပ်ရာတွင် အဟန့်အတားများစွာ ရှိနေသည်။

ခုခံအားကျဆင်းမှုကူးစက်ရောဂါ ရှာဖွေတွေ့ရှိခဲ့သော ၁၉၈၁ ခုနှစ်မှစ၍ ၂၀၀၉ ခုနှစ်ထိ လူပေါင်း ၃၃ သန်းကျော် ရောဂါကူးစက်ခံနေ ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထင်မြင်ချက်ချခဲ့သည်။ တစ်နှစ်လျှင် ရောဂါကူးစက်ခံရသူပေါင်း ၂ သန်းခွဲကျော်နှင့် သေ ဆုံးသူ ၂ သန်းခန့်ရှိသည်ဟု ခန့်မှန်းကြသည်။ ရောဂါကူးစက်ခံရသူ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ အာဖရိကတိုက်မှ ဖြစ်သည်။ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ် အကုန်အထိ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ လူကြီးနှင့် ကလေးပေါင်း နှစ်သိန်းလေးသောင်း နီးပါးရှိနေပြီဖြစ်သည်။ အများအားဖြင့် လိင်ဆက်ဆံခြင်းမှ ကူးစက်ခံရသူများဖြစ်ပြီး၊ ယောက်ျား များတွင် ပိုအဖြစ်များသည်။

နိဂုံး

မကြာသေးမီက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ကြေညာချက်အရ နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် ကမ္ဘာတစ်ဝန်းတွင် HIV/AIDS ရောဂါဆိုးပြန့်ပွားမှုအား ထိန်းချုပ်နိုင်ခဲ့ပြီဟု သိရှိရသည်။ ထိုနည်းတူ ဆေးပညာရှင်များ၏ စမ်းသပ်​ဖော်ထုတ်နိုင်ခဲ့သည် ဆေးဝါးများအား သုံးစွဲခြင်းဖြင့် ရောဂါအခြေအနေကို မည်သည့်အချိန်ကနှင့်မှ မတူပဲ ထိန်းချုပ်လာနိုင် ပြီဖြစ်သည်။

ဤသတင်းများသည် ကမ္ဘာ့ဆေးပညာလောက၏ အောင်ပွဲနှင့် ရောဂါခံစားနေရသူများအတွက် သတင်းကောင်းများ ဖြစ်သော်လည်း ဤရောဂါဆိုးကြီးအား ကမ္ဘာမြေပေါ်မှ အလုံးစုံပပျောက်သွားစေရန် ကြိုးပမ်းရမည်မှာမူ လူသားအားလုံး၏ တာဝန်ပင်ဖြစ်​ပေတော့ သည်။

---

ဆောင်းပါးရေးသားသူ -

ဒေါက်တာယဉ်မျိုးအေး - MD, MPH

Shwelone Social Entertainment News Network

0 comments :

Post a Comment