Monday, May 28, 2012

စဉ်းစားရတော့မယ့် ပညာရေး

စဉ်းစားရတော့မယ့် ပညာရေးဂျာနယ်တွေ ထဲမှာတွေ့နေရပါတယ်။ ဆရာဗဟိုပြု သင်ကြားနည်း မှ ကလေးဗဟိုပြုသင်ကြားနည်း (Child Centered Approach) ကို ပြောင်းလဲ ကျင့်သုံးမယ်တဲ့။ ကျွန်မဆယ်တန်းအောင်တာ နှစ်နှစ်ပဲရှိပါသေးတယ်။ အခြေခံပညာရေးကို သိပ်မျက်ခြည်ပြတ်မယ်လို့ မထင်ပါဘူး။ ကျွန်မတို့လေးတန်း၊ ငါးတန်းလောက် တည်းက ကလေး ဗဟိုပြုသင်ကြားနည်းဆိုတာကို ကြားဖူးနားဝရှိပါတယ်။ CCA ဆိုပြီး အကြီးအ ကျယ် ပြောကြဆိုကြတာတွေ မြင်ရပါ တယ်။ နောက်တော့ အတန်းထဲမှာ CCA အချိန်ရှိလာ ပါတယ်။ ဆရာမက ကျောင်းသူတွေ ကို (ကျွန်မတို့ကျောင်းက မိန်းကလေး ကျောင်းပါ။) ဖတ်စာအုပ်ထဲက စာပိုဒ် တွေကို အော်ဖတ်ခိုင်းတယ်။

ပြီးတော့ ကလေးဗဟိုပြုဆိုတဲ့အတိုင်းကျောင်း သူတွေကို ပြန်ရှင်းပြခိုင်းတယ်။ တကယ်ဆိုရင် စကားပြေ အရေးကို စကားပြော ပြန်ပြောပြရတာ ဘာမှ မခက်ခဲပါဘူး။ ဒါပေမဲ့ ထပြော ရဲတဲ့သူ နည်းပါတယ်။ တစ်ခန်းလုံးက ကျောင်းသူတွေက တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ရင်း ဆရာမ နဲ့ မျက်လုံးချင်း မဆိုင်မိအောင်ဘဲ ရှောင်နေကြတော့တာပါ။ ထရင်တောင်ပြောလေ့ရှိတဲ့သူတွေ၊ စာတော်တဲ့သူတွေ၊ ဆရာနဲ့ ရင်းနှီးတဲ့ သူတွေပဲ ထပြောတတ်ပါတယ်။ နောက်ဆုံး ထပြောမယ့်သူမှ မရှိတော့ရင် ဆရာမက သူ့ဟာသူ ဆက်ပြောသွားပါတော့တယ်။ တစ်ပတ် စာသင်ဖို့ သင်ခန်းစာမပြတ်ရင် စာမေးပွဲနီးတော့ ကလေးတွေ စာ ကျက်ဖို့ မမီဘဲဖြစ်မယ်လေ။ ကျွန်မ ဆရာမတွေကို ချစ်လည်း ချစ်ပါတယ်။ သူတို့ရဲ့ အခြေအနေကိုလည်း သိသင့် သလောက် သိထားပါတယ်။ ဒါပေမဲ့ သင်ခန်းစာတွေက စိတ်ဝင်စားစရာ နည်းနည်းလေးမှ မကောင်းပါဘူး။ ဆရာမတွေမှာ အပြင်စာဖတ်ဖို့ သင်ရ တဲ့ ဘာသာနဲ့ ပတ်သက်တဲ့ ဗဟုသုတ နည်းပါတယ်။ အချိန်မှ မရှိတာ။

ဆရာမတွေ ကျူရှင်သင်တယ်။ လစာက နည်းတော့ အပိုဝင်ငွေ လိုလို့ပဲကိုး။ ဆရာမတွေ အချိန်မရှိတာ ကျူရှင်ကြောင့် တစ်ခုတည်းတော့ မဟုတ်ပါဘူး။ တခြားကျောင်းမှာတော့ မသိပါဘူး။ ကျွန်မတို့ကျောင်းကတော့ အတော်ပွဲများပါတယ်။ကျောင်းပွဲတင် မဟုတ်ဘဲ ပညာရေးကလုပ်တဲ့ အစည်း အဝေးတို့ ဆုပေးပွဲတို့ဆိုကျောင်းက စံပယ်ခန်းမမှာ လာလုပ်တတ်ပါတယ်။ အဲဒီတော့ ဆရာမတွေ အလုပ်ရှုပ်တာပေါ့။ ဧည့်ခံဖို့အတွက်၊ အခမ်းအနား ပြင်ဖို့အတွက် စာသင်ချိန်တွေ အားလပ်ချိန်တွေကို ဖဲ့ပေးရပါတယ်။ ပုံမှန်နေ့တွေမှာဆို ဟိုဂျူတီ၊ ဒီဂျူတီနဲ့ ပြေးနေရပြန်ပါတယ်။ ဘာကြောင့် ဆရာမတွေကို ဂိတ်ဂျူတီ စောင့်ခိုင်း တယ်ဆိုတာ ကျွန်မနားကိုမလည်ဘူး။

မိန်းမတစ်ယောက်ကအော်ရုံ ကလွဲလို့ ဘာလုပ်တတ်မှာလဲ။ ကျွန်မ သမိုင်းတို့၊ ပထဝီတို့လို့ ဘာသာတွေ ကို စိတ်ဝင်စားပါတယ်။ကျောင်းမဖွင့်ခင်ကတည်းက ဖတ်စာအုပ်တွေကို နည်းနည်းပါးပါး ဖတ်ကြည့်ဖူးပါတယ်။ အဲဒီတုန်း ကတော့ စိတ်ဝင်စားစရာ ကောင်း သလိုလိုရှိပေမဲ့ တကယ် စာသင်ရတဲ့ အခါမှာ ဒီစကားပြေကို စကားပြောနဲ့ ပြန်ပြောပြနေတာပဲဆိုတော့ စိတ်ဝင် စားစရာ မရှိတော့ပါဘူး။ ပိုဆိုးတာက ဒီစာအုပ်ကြီးကို အလွတ်ကျက်ရမှာဆို တဲ့စိတ်ပါရှိနေတော့ ဖတ်စာအုပ် တွေကို တော်တော်အမြင်ကတ်လာ ပါတယ်။ အလွတ်ကျက်ရတာကို ဘယ်သူ မှ ကြိုက်တယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့တွေဟာ ဟိုးငယ်ငယ် ကတည်းက အလွတ်ကျက်ဖို့ပဲ ဖိအား အပေးခံရတယ်။ "ကကြီး၊ ခခွေး" အော်ကျက်ခဲ့ရတယ်။

စာလေး နည်း နည်း ဖတ်တတ်တဲ့ အရွယ်တည်းက ဖတ်စာအုပ်ထဲက စာပိုဒ်တွေကို အလွတ်ကျက်ပြီး စာမေးပွဲမှာ အလွတ် ရေးဖြေရင်း အောင်ခဲ့ရတယ်။ များများ ကျက်နိုင်တဲ့သူက စာပိုတော်တာပဲ။ သိပ္ပံလို ဘာသာမျိုးကို စသင်ရတဲ့ အချိန်မှာတောင် စဉ်းစားချိန် မရှိဘူး။ 'ပတ်ဝန်းကျင်မှာရှိတဲ့ အပင်များကို ဖော်ပြပါ'ဆိုရင် ဆရာမ ရေးပေးထား တဲ့ အပင်ငါးမျိုးကို အစဉ်အတိုင်း ပြန်ရေးပြမှ အမှတ်ရမယ်။ ဒီလို ဖတ်စာအုပ်ထဲမှာပါတဲ့၊ ဆရာမ ရေးပေးတဲ့ အဖြေမှာပါတဲ့ အပင်က ကလေးမပြောနဲ့ လူကြီးတောင် မကြားဖူးတဲ့ အပင်။ စာတွေကို အလွတ်ကျက်ဖို့ ဖိအားပေးတဲ့အထဲမှာ မိသားစုတွေ လည်း ပါတယ်။ တစ်ချိန်လုံး စာအော်ကျက်နေ မှ သဘောကျတဲ့ မိဘတွေရှေ့မှာ ကလေးကတော့ စာအော်ကျက်ရမှာပဲ လေ။ စာမကျက်ချင်လို့ ရိုက်တယ်။ စာမကျက်လို့ မုန့်ဖိုးမပေးဘူး။ စာမေး ပွဲမှာ အမှတ်ပြည့်မရလို့ ဆူတယ်။ စာပိုကျက်ဖို့ ဖိအားပေးမယ်။ အဲဒီ တော့ ကလေးတွေမှာ ကိုယ်ပိုင် စဉ်းစားတွေးခေါ်နိုင်တဲ့ အရည်အချင်း ဘယ်မှာ ရှိတော့လို့လဲ။

ကျောင်းမှာ ကလေးအမှတ် နည်းလို့ဆိုပြီး မိဘတွေကို ဆရာမ တွေက ခေါ်တွေ့တယ်။ သူ့ဟာသူ ဘာတွေပဲပြောပြော နောက်ဆုံးတော့ ကလေးကို စာပိုကျက်ဖို့ အားပေးဖို့ပဲ။ မိဘ၊ ဆရာ၊ ကျောင်းသား ပူးပေါင်းမှ ကျောင်းသားရဲ့ပညာရေး တိုးတက် မယ်ဆိုတာ မှန်တော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီမှာက မိဘနဲ့ဆရာ ပူးပေါင်း ပြီး ကျောင်းသားကို စာများများ ကျက်ဖို့ ဖိအားပေးနေတယ်။ ဘယ်ကျောင်းသားက လွန်ဆန် ရဲမှာလဲ။ ပညာရေးကို ဂရုစိုက်တဲ့ မိဘများကလည်း ကျူရှင်ကောင်း ကောင်းမှာ ထားမယ်။ ကျောင်းက ဆရာမနဲ့ တည့်အောင်ပေါင်းမယ်။ ကလေးနောက် တကောက်ကောက် လိုက်မယ်။ ကျူရှင်ရယ်၊ အိမ်ရယ်၊ကျောင်းရယ်ကူးနေရပြီး စက္ကန့်မလပ် မိဘမျက်စိအောက်မှာ မိဘစိတ်တိုင်းကျနေနေတဲ့ကလေးက ကိုယ်ပိုင်စဉ်းစားဉာဏ် မရှိတော့ယုံ မကဘဲ နေရာတကာ မိဘကို အားကိုးလာ တယ်။

တက္ကသိုလ် ဒုတိယနှစ်ရောက်တဲ့အထိ အိမ်ကလိုက်ကြို၊ လိုက်ပို့နဲ့ ကိုယ့်ဟာကိုယ်ဆို ဘယ်မှမသွားရဲ၊ ဘာမှမလုပ်ရဲတဲ့သူတွေတွေ့ဖူး ပါတယ်။ ဆယ်တန်းအောင်တဲ့သူတွေကို မေးကြည့်ပါ။ ကိုးတန်းတုန်းက ဘာသင်ရသလဲလို့မေးရင်တော်တော် စာကျက်အားကောင်းတဲ့သူမှလွဲရင် ဘယ်သူမှ မသိ၊ မဖြေတတ်ပါ။ ကျွန်မ လည်း မသိပါဘူး။ ဖတ်စာအုပ်မြင်ရင် ရေးတေးတေး မှတ်မိသလို ရှိပါမယ်။ ဒီဖတ်စာထဲကစာကို ဗလာစာအုပ်ထဲ ကူးထည့် ပြီးတော့ အဲဒါကို အလွတ် ကျက် စာမေးပွဲပြီးရင် ဒီစာနဲ့ ကိုယ်နဲ့ မသက်ဆိုင်တော့ဘူးလို့ ယူဆမှာပဲ လေ။ လိုမှ မလိုတော့တာ။ စာကျက်တဲ့ ကျောင်းသားဟာ ကျက်ပဲကျက်မှာ။ အဲဒီစာတွေကို ဖတ်ပြီး စဉ်းစားဖို့ ဘယ်သူမှ မပြော ဘူး။ သူ စာကျက်နိုင်ရင် တာဝန် ကျေတယ်။ ဖတ်စာအုပ် တစ်အုပ်လုံး ကို ဖြူးနေအောင် အလွတ်ရွတ်ပြနိုင် ရင် သူ စာတော်တယ်။ အလွတ်ကျက်ထားတဲ့ စာတွေ ကို စာမေးပွဲမှာ တစ်လုံးမကျန် ပြန်ရေး နိုင်ရင် သူ အမှတ်ပြည့်ရမယ်။ ပထမ ရမယ်။ အဲဒီတော့ ဆယ်တန်းအောင် သွားတဲ့ အချိန်မှာ အဲဒီကလေး လုပ် တတ်တာ ဘာမှ မရှိတော့ပါဘူး။

ဘာသာစုံဂုဏ်ထူးထွက်နေပေမဲ့ Internet သုံးတာ လိုက်သင်နေတဲ့ သူတွေလည်း ရှိတယ်။ မြန်မာစာ အမှတ် ကောင်းလှချည်ရဲ့ဆိုပြီး တက္ကသိုလ်ဘုန်းနိုင်တောင် မသိတဲ့ သူတွေရှိတယ်။ Facebookပေါ်မှာ ကာတွန်း တစ်ခုတွေ့လိုက်ပါတယ်။မြန်မာပြည် မှာ ကွန်ပြူတာသုံးတာသင်တော့ ဆရာကကျောက်သင်ပုန်းပေါ်မှာရေးပြ တယ်။ "Ctrl + C ဆိုတာ Copy ကူးတာနော်။ စာအုပ်ထဲရေးမှတ်ထား" တဲ့။ နိုင်ငံခြားမှာကျတော့ ဆရာက ကျောင်းသားကို ပြောတယ်။ "မင်း Mario ဂိမ်းထွင်ရမယ်တဲ့၊ ငါးရက် အချိန်ရမယ်"တဲ့။ ကျွန်မတို့ လူမျိုးက ဉာဏ်ကောင်းတယ်လို့ပြောကြပါတယ်။ ဒီအတိုင်းသာ ဆက်သွားလို့ကတော့ အဲဒီလို ကြွားလို့ရတော့ မှာကို မဟုတ် ပါဘူး။

လူကြီးမင်းတို့ကိုသာ စဉ်းစား ကြပါဦးလို့။

ညိုသူနွယ်

0 comments :

Post a Comment