Sunday, May 27, 2012

ကိုယ်ဝန်ဆောင်စဉ် ပြင်းထန်စွာ ခေါင်းကိုက်နေလျှင်

ကိုယ်ဝန်ဆောင်စဉ် ပြင်းထန်စွာ ခေါင်းကိုက်နေလျှင်  ခေါင်းကိုက်ဝေဒနာ အများစုက အန္တရာယ်မရှိသလို ကျန်း မာရေးဆိုးကျိုးမပေးဘဲ သူ့အလိုလို သက်သာ သွားတတ်ပါတယ်။ ဒါပေမဲ့ သင်က ကိုယ်ဝန်ဆောင် မိခင် တစ်ဦးဖြစ်ပြီး ဆိုးဆိုးရွား ရွား ခေါင်းကိုက်နေ တယ်ဆိုရင် ကိုယ်ဝန်ဆောင် ချိန်မှာ သွေးတိုး နေတဲ့ လက္ခဏာတစ်ရပ်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီခေါင်း ကိုက်ဝေဒနာဟာ သင်နဲ့ သင့်ကလေးကို အသက် အန္တရာယ်ပေး နိုင်လောက်အောင် ခြိမ်းခြောက်နေတဲ့ အခြေအနေတစ်ရပ်လည်း ဖြစ်လာနိုင်ပါတယ်။



ကိုယ်ဝန်ဆောင် ချိန် သွေးတိုးခြင်း ဆိုသည်မှာကိုယ်ဝန်ဆောင်ချိန် သွေးတိုးတယ်ဆိုတာ အရင်က မဖြစ်ဘဲ ကိုယ်ဝန်ရှိချိန် မှသာဖြစ် တဲ့ သွေးတိုးရောဂါဖြစ်ပြီး ဆီး ထဲမှာ ပရိုတင်းဓာတ်တွေ များနေတတ်ပါတယ်။

တချို့အမျိုး သမီးတွေဟာ ဖောရောင်တာ၊ အမြင်အာရုံပြောင်းလဲတာနဲ့အတူ အပြင်းအထန် ခေါင်းကိုက် တာတွေကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင် ရှစ်ရာခိုင်နှုန်းနဲ့ အထက်ဟာ ကိုယ်ဝန် ဆောင် ချိန် သွေးတိုးရောဂါဖြစ်တတ်ပြီး ပုံမှန်အားဖြင့် ကိုယ်ဝန် ဆောင်တဲ့ကာလ ၂၀ ပတ်ကျော်ပြီးချိန်မှာ စတင်ခံစားရလေ့ရှိပါ တယ်။ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးတာကို ကုသမှု မခံယူဘဲ ထားရင် ၁၀ဝ မှာ တစ်ဦးနီးပါးဟာ ကိုယ်ဝန်ဆိပ်တက်တဲ့ ရောဂါအထိ ဖြစ်သွားနိုင်ပါတယ်။ အဲဒီအခါ တက်တာ၊ သတိမေ့တာ၊ လေဖြတ်ပြီး သေဆုံးတာ၊ သွေးခဲတာ၊ အချင်းသွေးထွက်တာ၊ အသည်း၊ ကျောက်ကပ်နဲ့ အသက်ရှူလမ်းကြောင်းတွေမှာ ရောဂါ ရတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်ရဲ့ ဗိုက်ထဲက သန္ဓေသားဟာလည်း အောက်ဆီဂျင်နဲ့ အာဟာရ ဓာတ်တွေ ပြတ်လပ်မှုကြောင့် သေဆုံးနိုင်ခြေရှိပါတယ်။

ကိုယ်ဝန်ဆောင်ချိန် သွေးတိုးသော လက္ခဏာများ

ကိုယ်ဝန်ဆောင်ချိန် သွေးတိုးနေပါက အောက်ပါလက္ခဏာ တွေကို ခံစားရတတ်ပါတယ်။

- သွေးတိုးခြင်း၊

- ဆီးထဲ ပရိုတင်းဓာတ်များခြင်း၊

- ဖောရောင်ခြင်း၊

- ပျို့ချင်အန်ချင်ဖြစ်ခြင်းနဲ့ အန်ခြင်း၊

-ခါးနာခြင်း၊

- ဗိုက်အောင့်ခြင်း၊

-ပခုံးနာခြင်း၊

-ရုတ်တရက် ကိုယ်အလေးချိန်တက်ခြင်း၊

ခေါင်းကိုက်ခြင်း၊ (မကြာခဏ ပြင်းပြင်းထန်ထန် ခေါင်းကိုက် တတ်သလို အနည်းငယ်ခေါင်းကိုက်တာမျိုး လည်း ဖြစ်တတ် ပါတယ်။)

- အမြင်အာရုံပြောင်းလဲခြင်း၊

- ပူပင်သောကများခြင်း၊

- အသက်ရှူမဝခြင်းတို့ ဖြစ်တတ်ပါတယ်။

တစ်ခါတစ်ရံ အမျိုးသမီးတွေက ဘယ်လိုလက္ခဏာမှမပြဘဲ ကိုယ်ဝန်ဆိပ်တက်တာမျိုး ဖြစ်တတ်ပါတယ်။

ပြင်းပြင်းထန်ထန် ခေါင်းကိုက်နေလျှင်

ခေါင်းကိုက်တာက မပျောက်ဘဲ အချိန်ကြာနေရင် သိပ် မပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာဆိုရင်တောင် ဆရာဝန်နဲ့ ပြ သင့်ပါတယ်။ ကိုယ်ဝန်ဆောင် ချိန်မှာဖြစ် တဲ့ ခေါင်းကိုက်တာ က ခေါင်းတစ် ခြမ်းကိုက်သလို ကိုက်ခဲနေတတ်ပါတယ်။ အကိုက်အခဲပျောက်ဆေးသောက်ရင်း ဒါမှမဟုတ် အပန်း ဖြေရင်း ခေါင်းကိုက်တာက မသက်သာဘဲ ကြာကြာခံစားနေရ ရင် ဒါမှမဟုတ် ပြိုးပြက်တဲ့အလင်းရောင်တွေကြောင့် ခေါင်းပို ကိုက်နေရင် ဒါမှမဟုတ် ခေါင်းကိုက်တာနဲ့အတူ အမြင်တွေ ဝေ၀ါးနေရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် သွေးတိုးစေသော အခြေအနေများ

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတတ်တဲ့ အခြေအနေတွေ ကို သေချာမသိကြသေးပါဘူး။ ကိုယ်ခံအားစနစ်ဝေ ဒနာ (ကိုယ်ခံအားစနစ်က ဖွံ့ဖြိုးဆဲသန္ဓေသားကို တိုက်ခိုက်တဲ့ ပြဿနာ)၊ လေထုညစ်ညမ်းမှု၊ ကိုယ်တွင်းရောင်ရမ်းမှုနဲ့ အာဟာ ရချို့တဲ့မှုတွေကြောင့် ဖြစ်တတ်ပါတယ်။ အဝလွန်တာ၊ ပြည့်ဝဆီအစား များတာနဲ့ အဆင်သင့် အစာတွေ စားနှုန်းများတာတွေကြောင့်လည်း ကိုယ်ဝန်ဆောင် ချိန် သွေးတိုးတတ်ပါတယ်။

ကုသမှု

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးနေရင် ဆရာဝန်ချိန်းဆိုတဲ့ အခါတိုင်း ပုံမှန်သွားပြပြီး သွေးဖိအားမှန်မှန် တိုင်းသင့်ပါတယ်။ ဒါ့အပြင် အသည်းနဲ့ ကျောက်ကပ်တို့ကို ပုံမှန်စစ်ဆေးသင့်သလို ဆီးစစ်ဆေးမှုလည်း ခံယူသင့်ပါတယ်။ သန္ဓေသားရဲ့ နှလုံးခုန်နှုန်း ကိုလည်း တိုင်းတာသင့်ပါတယ်။ ကိုယ်ဝန်ဆိပ်တက် တဲ့ရောဂါ ဖြစ်လာရင် တစ်ခုတည်းသော ကုသနည်းက ကလေးကို မွေးဖွား လိုက်ဖို့ပဲ ဖြစ်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

0 comments :

Post a Comment