Sunday, May 27, 2012

လိင်ပြောင်းတော့မည့် Against Me! အဖွဲ့က rocker ကြီး Tom Gabel

2656-against-me

Rock တေးဂီတ အဖွဲ့ Against Me! ရဲ့ အဓိက အဆိုရှင် Tom Gabel ဟာ ရုပ်ပိုင်းဆိုင်ရာအရ မိန်းမတစ်ဦးအဖြစ် လိင်ပြောင်းလဲရန် ကုသမှု ခံယူသွားမည်ဟု ထုတ်ဖော် ပြောကြားလိုက်ခြင်းဖြင့် ဂီတလောကကို လှုပ်လှုပ် ရှားရှား ဖြစ်သွားစေခဲ့ပါတယ်။

အသက် ၃၁ နှစ် ရှိပြီဖြစ်တဲ့ Gabel က Rolling Stone မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ မိမိ၏ ယောက်ျားဖြစ်ခြင်း ဘဝကို မနှစ်မြို့သည့် ဝေဒနာ ခံစားနေရကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ယခုလို လိင်ပြောင်းတော့မယ် ဆိုတဲ့အကြောင်းကို အများပြည်သူထံ ဖွင့်မချခင်မှာ Gabel ဟာ သူရဲ့ ဇနီးသည်ဖြစ်သူ Heather ကို အလျင်ဆုံး ဖွင့်ပြောခဲ့တယ်လို့လည်း သိရပြီး Heather နဲ့ ဆက်လက် ပေါင်းသင်း နေထိုင်သွားမှာ ဖြစ်တယ်လို့လဲ သိရပါတယ်။

“ဒီကိစ္စကို ကျွန်တော့် ဇနီးသည် ဘယ်လို တုံ့ပြန်မလဲဆိုတာ ကျွန်တော့်အတွက်တော့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ကိစ္စ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူက အံ့သြစရာ ကောင်းလောက်အောင်ကို ကျွန်တော့်အပေါ် နားလည်ပေးခဲ့ပါတယ်” လို့ Gabel က ပြောကြားခဲ့ကြောင်း သောကြာနေ့က ထွက်ရှိခဲ့တဲ့ အဆိုပါ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

ယခု ခံယူမယ့် လိင်ပြောင်း ကုသမှုမှာ မိန်းမ ဟော်မိန်း ထည့်သွင်းခြင်းနဲ့ လျှပ်စစ်ဖြင့် အမွှေးအမှင်တို့ကို အမြစ်ဖြတ် နှုတ်ပယ်ခြင်း တို့လည်း ပါဝင်မယ်လို့ Gabel က ဆိုပါတယ်။

Gabel ရဲ့ ယခုလို ကြေငြာမှုဟာ rock ဂီတလောက အထူးသဖြင့် ယောက်ျားဆန်လွန်းတဲ့ punk rock ဂီတလောကမှာ ပထမဆုံး ဖြစ်တယ်လို့ သိရပါတယ်။ Against Me! အဖွဲ့ဟာ “Thrash Unreal” ဆိုတဲ့ သီချင်းနဲ့ နာမည်ကျော်ကြား ခဲ့တာ ဖြစ်ပြီး Foo Fighters အဖွဲ့ရဲ့ ဂီတဖျော်ဖြေပွဲ ခရီးစဉ်မှာလည်း အဖွင့်သီချင်း အဖြစ် ဖျော်ဖြေခဲ့ပါသေးတယ်။

Gabel က “ကျွန်တော့်အနေနဲ့ စိတ်ကသိကအောက် ဖြစ်စရာ ကာလတစ်ခုကို ဖြတ်သန်းရဦးမှာပါ။ ဘယ်လိုမှ ပျော်စရာ ကောင်းမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ခုလို ဖွင့်ပြောရတာက ပရိသတ်ကြီးအနေနဲ့ ကျွန်တော့်အပေါ် နားလည်ပေးနိုင်မယ်လို့ မျှော်လင့်လို့ပါ” လို့ Rolling Stone ကို ပြောကြားသွားခဲ့ပါတယ်။

0 comments :

Post a Comment