Tuesday, May 29, 2012

မလေးရှားနိုင်ငံမှ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးနှင့် အင်တာဗျူး



မင်္ဂလာပါ။ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးကို တင်ဆက်ပေးဖို့ အချိန် ရောက်ပါလာပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးမှာ မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့တော်မှာ တည်ရှိတဲ့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးနဲ့ တွေ့ဆုံပြီး နိုင်ငံတကာမှ စာဖတ်သူ မိတ်ဆွေများကို အသေးစိတ် အချက်အလက်များ သိရှိနိုင်ဖို့ အတွက် အင်တာဗျူး အစီအစဉ်လေးနဲ့ တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။



ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ဆိုရင် နာရေးကူညီမှု ကိစ္စတွေကို အဖက်ဖက်က ကူညီ လုပ်ဆောင်လျက်ရှိနေပြီး သွေးလှူဒါန်းမှုများနဲ့ လိုအပ်သော အဖက်ဖက်မှ ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စများကို လုပ်ဆောင်လျှက်ရှိနေပြီး မလေးရှားနိုင်ငံရောက် ရွှေမြန်မာများ အားလုံးအတွက် အကျိုးပြုနေသော အဖွဲ့ကြီး ဖြစ်ပါတယ်။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးနှင့် တွေ့ဆုံပြီး အင်တာဗျူးလေး မေးမြန်းဖြစ်ခဲ့ပါတယ်။



မင်္ဂလာပါ ....

မေး = အစ်ကို နာမည်လေးကို ဖြေကြားပေးပါဦး ...

ဟုတ်ကဲ့ ... ကျွန်တော်နာမည်ကတော့ ကိုဆန်းဝင်း ဖြစ်ပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ဘယ်လိုတာဝန်ခံ ယူထားပါသလဲ?

ကျွန်တော် ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ဥက္ကဌ တာဝန်ကို ယူထားပါတယ်။

မေး = မလေးရှားမှာ အစ်ကိုကြီး နေတဲ့ နေရပ်လိပ်စာ နဲ့ မြန်မာပြည်မှာ နေတဲ့ လိပ်စာလေးကို ဖြေပေးပါဦး။

မလေးရှားမှာက ကပုန်းမှာ နေပါတယ်။ မြန်မာပြည်မှာကတော့ လှိုင်သာယာ (၂၀) ရပ်ကွက်မှာ နေပါတယ်။

မေး = အစ်ကိုက ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ဥက္ကဌအဖြစ် တာဝန် ယူကူညီ ပေးနေတယ် ဆိုတော့ အခုလို ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးကို စတင်ဖြစ် ပေါ်လာခဲ့ပုံလေးကို ပြောပြပေးပါဦး။

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးကို စတင်ဖြစ်ပေါ်လာကတော့ ၁၁.၃.၂၀၁၁ နေ့လေးမှာ ကျွန်တော်တို့ ရပ်ကွက်လေးကို ရွေ့ပြောင်း အလုပ်သမား အိမ်ထောင်သည် လင်မယားနှစ်ဦး ရောက်လာခဲ့ပါတယ်။ သူတို့ရောက်လာပြီး ရက်ပိုင်းအတွင်းမှာ သူ့အမျိုးသမီးက နှလုံးရောဂါဖြစ်တယ်။ ပထမအကြိမ် ဆေးရုံတက် လိုက်တယ် သူ့တို့က အလုပ်ကလည်း မယ်မယ်ရရ မရှိသေးတဲ့အချိန်မှာ သူတို့လက်ထဲမှာ ပိုက်ဆံမရှိဘူး။ ရှိတဲ့ပိုက်ဆံ လေးတွေက ဆေးရုံတက်ထားတော့ ဆေးဖိုးနဲ့ ဝယ်စရာတွေ ဝယ်ရတော့ ကုန်သွားတယ်။



ဒါနဲ့ ပထမအကြိမ်မှာ ကျန်းမာရေးကောင်းတယ် ဆိုပြီးတော့ ပြန်ဆင်းလာတယ်။ များမကြာမီ ဒုတိယအကြိမ် နှလုံးရောဂါ ပြန်ဖြစ်တယ်။ ပြန်ဖြစ်တယ် အခါမှာ ကျွန်တော့်ကို အကူညီတောင်းတယ်။ ကျွန်တော့်ကို အကူညီတောင်းတော့ သူ့တို့မှာလည်း ဘာမှအထောက်အထား တစ်စုံတစ်ရာ မရှိတော့ မလေးရှားနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် UN ဆေးခန်းကို သွားရပါတယ်။

UN ဆေးခန်းက မြန်မာလူမျိုး ဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာဌာန တွေရဲ့မန်ဘာကဒ် သက်ဆိုင်ရာ အဖွဲ့ဝင်ကဒ်ပေါ့နော်။ ဒါတွေပြမှ UN ဆေးခန်းကို ပြလို့ရမှာ အဲဒီတော့ အဖွဲ့အစည်းတစ်ခုမှာ မန်ဘာဝင်ရပါတယ်။ ဝင်ပြီး သူတို့မှာ လင်မယားမှာ နောက်ဆုံး ပိုက်ဆံစု လိုက်တဲ့ အချိန်မှာ နောက်ဆုံး အားလုံးပေါင်းမှ ငွေလေး ၅၀၀ နီးနီးပဲရှိတယ်။

မန်ဘာကဒ်လုပ်တာ တစ်ယောက်ကို ၁၅၀ စီပေးလိုက်ရတယ်။ အဲဒီမှာ အဖွဲ့အစည်းတွေကို ပေးလိုက်တာနဲ့တင် ၃၀၀ ကုန်သွားပြီ။ သူတို့သွားစရိတ်လာစရိတ်နဲ့ဆိုတော့ သူတို့ လက်မှာငွေ ၁၀၀ အစွန်းလေးပဲ ကျန်တော့တယ်။ မန်ဘာကဒ်ရတော UN ဆေးခန်းကိုပြတယ်။ သူမှာ နှလုံးရောဂါက အခြေအနေဆိုးနေတဲ့ အတွက်ကြောင့် နေ့ခင်း ၂ နာရီမှာ မလေးရှား ကွာလာလမ်ပူဆေးရုံကြီးတင်ကို တင်လိုက်ရတယ်။



ဆေးရုံရောက်တော့ ချက်ချင်းပဲ Operations လုပ်လိုက်တယ်။ အဲဒီမှာ လူနာက သတိမေ့သွားပြီး ၁၄ ရက်နေ့မနက်၆ နာရီမှာ ဒီအမျိုးသမီးလေးမှာ သေဆုံးသွားပါတယ်။ သေဆုံးသွားတဲ့အခါမှာ ကျွန်တော်တို့ အဖွဲ့အစည်းတစ်ခုကို အကြောင်းကြားတယ်။ သေဆုံးသွားတဲ့သူကလည်း ဒီအဖွဲ့အစည်းရဲ့ မန်ဘာဆိုတော့ နာရေးကိစ္စများ လာရောက်ကူညီပေးဖို့အတွက် အကြောင်းကို ပြောတော့ အဖွဲ့အစည်းက လာခဲ့မယ် လာခဲ့မယ်ပြောပြီး တော်တော်နဲ့ ရောက်မလာခဲ့ဘူး။

ကျွန်တော်တို့ ဖုန်းဆက်တိုင်း လာနေပြီ လာနေပြီပဲ ပြောတယ်။ အဲဒါနဲ့ နေ့လည် ၁၂ နာရီလောက်မှာ အဖွဲ့အစည်း ခေါင်းဆောင်တစ်ယောက် ရောက်လာတယ်။ ရောက်လာပြီး အကျိုးအကြောင်း သူ့ကိုပြောပြတယ်။ ဆရာဝန်တွေနဲ့ ဝင်တွေ့တဲ့အခါမှာ အမျိုးသမီးက သေဆုံးသွားပြီဖြစ်လို့ နာရေးကိစ္စနဲ့ ပက်သက်ပြီး ကူညီပေးဖို့ သူတို့မှာလည်း ပိုက်ဆံမရှိတဲ့အကြောင်း အတတ်နိုင်ဆုံး ကူညီပေးဖို့ပြောပြပါတယ်။

ပြောပြတဲ့အခါမှာ သူတို့အသင်းခေါင်းဆောင်က ဘာပြောလဲဆိုတော့ နာရေးကိစ္စသဂြိင်္ုလ်ဖို့အတွက် ပိုက်ဆံ ၉၀၀ ပေးရင် လုပ်ဆောင်ပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့လည်း ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ မသိနားမလည်ကြဘူး။ အဲဒါမှာ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ရှိတဲ့ နီးစပ်ရာ မြန်မာတွေဆီမှာ အလှူငွေ ကောက်ခံပြီး ပေးလိုက်ရပါတယ်။

သွားပေးပြီး ၁၆ ရက်နေ့မှာ အဲဒီအမျိုးသမီး နာရေးကိစ္စကို သဂြိင်္ုလ်လိုက်ပါတယ်။ သဂြိင်္ုလ်ပြီးည ၇ နာရီမှာ ရပ်ကွက်မှာရှိတဲ့ လူငယ်တွေကို စုစည်းပြီး နောက်နောင် ဒီလိုနာရေးကိစ္စတွေကို ကြုံလာတဲ့အခါမှာ ကူညီပေးနိုင်ဖို့အတွက် အတွက် နာရေးကူညီမှု အသင်းလေးဖွဲ့မှာပဲ ဆိုပြီး စတင်ဖွဲ့စည်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ရပ်ကွက်က ဆိုတော့ အားလုံး ပါတယ်ပေါ့။

မလေးရှားကို ရောက်နေတဲ့ ဗုဒ္ဓဘာသာ ၊ ခရစ်ယာန်ဘာသာ ၊ အစွမ်လာမ်ဘာသာ ဝင်တွေပေါ့။ မြန်မာလူမျိုးတိုင်းကို အကူညီ တောင်းခံလာရင် အားလုံး ကူညီနိုင်ရန်အတွက် အခုလို နာရေးအသင်းလေးကို ဖွဲ့ဖြစ်ပါတယ်။ ကျွန်တော်တို့ နာရေးအသင်းကို မဖွဲ့ခင်ကတည်းက ၂၀၁၁ -၂ လပိုင်းလောက်မှာ စွန်းလွန်းဂူ ၀ိပဿနာ ဓမ္မရိပ်သာ အစင်ရွာ ကနေပြီး ဆရာတော် ဦးတိလောက ကြွရောက်လာတဲ့အချိန်မှာ ပီနန်မြို့မှာ နာရေးကူညီမှု အသင်းကြီးကို စတင်ပေးခဲ့တယ်။

နာရေးကိစ္စတွေမှာ လူငယ်တွေကူညီနေကြတာတွေ့လို့ ကျွန်တော်တို့ကိုလည်း ဒီလို နာရေးကိစ္စရပ်တွေကို ကြုံကြိုက်တဲ့ အခါမှာ ကူညီပေးဖို့ အတွက် မိန့်ကြားခဲ့ပါတယ်။ ဒါတွေကို ကျွန်တော်တို့ လူငယ်တွေကလည်း လက်ခံကြတယ်။ ၁၆ ရက်နေ့မှာ ကျွန်တော်တို့ နာရေးအသင်းလေးကို ဖွဲ့စည်းပြီး ၁၇.၄.၂၀၁၁ မှာမလေးရှား တစ်နိုင်ငံလုံးကို ဂျာနယ်တွေဆီကနေ ကြေငြာတယ်။

နာရေးကိစ္စတွေကို လူမျိုးမရွေး ဘာသာမရွေး မြန်မာနိုင်ငံသား မှန်သမျှ ကူညီပေးမဲ့ အကြောင်းကို ကြေငြာချက်ပြီး ကျွန်တော်တို့ရဲ့ ဖွင့်ပွဲလေးကို ကပုန်းဘုန်းကြီးကျောင်းမှာ လုပ်တယ်။ ကပုန်း ဘုန်းကြီးကျောင်းမှာ လုပ်တဲ့အချိန်မှာ ကျွန်တော်တို့မှာ ငွေကြေးမရှိတဲ့ အတွက်ကြောင့် ဦးသက်ဆွေ ဒေါက်တာစီလေးခိုင် တို့ရဲ့အလှူဒါန လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျ လုပ်အားနဲ့ ဒါနယူပြီး ဖွင့်ပွဲလေးကို ကျွန်တော်တို့ လုပ်ပေးဖြစ်ခဲ့ပါတယ်။


(မလေးရှားနိုင်ငံအတွင်း နာရေးကိစ္စများ ကူညီ လုပ်ဆောင်နေသော အမှတ်တရ ဓာတ်ပုံ)

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးကို စတင်ဖွဲ့စည်းတဲ့ အချိန်ကပေါ့နော်။ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်း ကြုံတွေ့ခဲ့ရသလဲ ဆိုတာ ဆက်လက်၍ ဖြေကြားပေးစေ လိုပါတယ်။

ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးကို စတင်ဖွဲ့စည်းတဲ့ အချိန်က အခက်အခဲတွေအများကြီး ရှိပါတယ်။ ဒီလိုအသင်းကြီးကို စဖွဲ့တဲ့ အခါမှာ ကျွန်တော်တို့လည်း အားလုံး နားမလည်သေးဘူး ဆိုတော့ လိုအပ်တဲ့ ပညာသင်ရတယ် လေ့လာရတယ်။ နောက်တစ်ခုက ငွေကြေးအပိုင်းတွေမှာ အခက်အခဲ ဖြစ်ရပါတယ်။ နာရေးတစ်ခုကို မလေးရှားမှာ ငွေ ၁၈၀၀ နဲ့ ၂၀၀၀ ပတ်ဝန်းကျင် လောက်ကုန်ကျပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ အလုပ်ပိတ်ရက်တွေမှာ သက်ဆိုင်ရာမြို့နယ်တွေမှာ ရှိတဲ့မြန်မာ စားသောက်ဆိုင်တွေ နီးစပ်ရာမှာ ရှိတဲ့ကျွန်တော်တို့ အလှူခံလုပ်တာတွေ လုပ်ရပါတယ်။ အဲလိုလုပ်ဆောင် နေကြတာကို မြန်မာတွေက ကဲ့ရဲ့လှောင်ပြောင်ကြတာကို ကျွန်တော်တို့ ခံခဲ့ရပါတယ်။ အများပြောဆိုတာတွေပေါ့။ နောက်တစ်ခုက အသင်းအဖွဲ့တွေက တိုက်ခိုက်တာတွေကို ခံခဲ့ရပါတယ်။

အဲလိုကြီးစားရင်း အခုဆိုရင်တော့ ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှ နာရေးကိစ္စပေါင်း ၄၀ လောက်ကို အောင်မြင်စွာ ကူညီပေးနိုင်ခဲ့ပါတယ်။ မြန်မာပြည်ကိုလည် တစ်လောင်း ကူညီသဂြိုလ်ဖို့ ပို့ဆောင်ပေးခဲ့ပါတယ်။ တစ်ခါတစ်လေ မလေးရှားမှာ တစ်ရက်တည်း ၂ လောင်းကနေ ၃ လောင်းအထိရှိပါတယ်။ အဲလိုအချိန်မှာ ကျွန်တော်တို့ဖက်ကနေ အဆင်ပြေအောင် လူစုခွဲပြီး ဆောင်ရွက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းက လုပ်ဆောင်မှုတွေကို လူတွေကလည်း ပိုသိလာတော့ အခုဆိုလာရောက်ပြီး ငွေကြေးပိုင်းတွေကို လှူဒါန်းကြပါတယ်။ အရင်လောက်တော့ အခက်အခဲ မရှိတော့ဘူး ။ အားလုံး သူ့ဟာလေးသူ အဆင်ပြေလာပါတယ်။



မေး = မင်္ဂလာပါ ... အစ်မ နာမည်နဲ့ နေရပ်လိပ်စာ လေးကို ပြောပြပေးပါဦး။

မင်္ဂလာပါ .... အစ်မနာမည်က မသီသီအောင် ဖြစ်ပါတယ်။ အစ်မနေတဲ့ မြန်မာပြည်လိပ်စာက ဗဟန်းမြို့နယ် ရန်ကုန် မှာပါ။ မလေးရှားမှာက Bukit Bintang မှာပါ။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်မက ဘယ်လိုတာဝန်ခံ ယူထားပါသလဲ ?

မလေးရှားမှာ တည်ထောင်ထားတဲ့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်မက အမှုဆောင် တာဝန်ကို ယူထားပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးရဲ့ ဦးတည်ချက် ၊ ရည်ရွှယ်ချက်လေးကို ပြောပြပေးပါဦး။

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးရဲ့ ဦးတည်ချက် ရည်ရွှယ်ချက်လေးကတော့ ၅ ချက်ရှိပါတယ်။

၁။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းသည် မည်သူတစ်ဦးတစ်ယောက်၏ အကျိုးစီးပွားအတွက် မဖြစ်စေရ ၊ အများမကျိုးအတွက် ကူညီဆောင်ရွက်ပေး နိုင်သော အသင်းကြီးသာ ဖြစ်စေရမည်။

၂။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းသည် သေဆုံးသူ၏ ရုပ်အလောင်းအား ကိုးကွယ်သည့် ဘာသာအလိုက် အကောင်းဆုံး ကူညီသဂြိုလ် ဆောင်ရွက်ပေးနိုင်စေရမည်။

၃။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှုအသင်း အသင်းသားအားလုံးတို့သည် နာရေးကိစ္စဆောင်ရွက်သည့် အချိန်တွင်ဖြစ်စေ ပြင်ပအချိန်တွင် ဖြစ်စေ နာရေးရှင်ထံမှ ငွေကြေးတောင်းခံခြင်းနှင့် အခြားသော အရာများ တောင်းခံခြင်းများ မပြုလုပ်ရန် ထိန်းသိမ်းကာကွယ်နိုင်ရမည်။

၎။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းသည် တိုးတက်ခိုင်မာ လာသည်နှင့်အမျှ အခြားသော ပရဟိတကိစ္စများကိုလည်း တတ်အားသဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရမည်။

၅။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းဝင်များသည် နိုင်ငံရေးနှင့် အခြားသော လူမှုရေး ဖောက်ပြန်မှုများ ပက်သက်ဆက်နွယ်မှု မရှိစေရန် ထိန်းသိမ်း စောင့်ရှောက်စေနိုင်ရမည်။ ဆိုတဲ့ အချက်တွေကို ဦးတည်ချက် ရည်ရွှယ်ချက်လေးအဖြစ် ချမှတ်ထားပါတယ်။



မေး = မင်္ဂလာပါ ... အစ်မ နာမည်နဲ့ နေရပ်လိပ်စာ လေးကို ပြောပြပေးပါဦး။

မင်္ဂလာပါ .... အစ်မနာမည်က မအိအိမိုး ဖြစ်ပါတယ်။ အစ်မနေတဲ့ မြန်မာပြည်လိပ်စာက ဒေါပုံ သဘောင်္ကျင်း မှာပါ။ မလေးရှားမှာက ကလန်း မှာနေပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်မက ဘယ်လိုတာဝန်ခံ ယူထားပါသလဲ ?

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်မက အမျိုးသမီး အလုပ် အမှုဆောင် နေရာကတာဝန် ယူထားပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးကို ဦးစီးဦးဆောင် လုပ်နေတဲ့ နာမည်လေးတွေကို သိချင်ပါတယ်။

ကျွန်မတို့ရဲ့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးကို ဦးစီးဦးဆောင် လုပ်နေတဲ့ အမာခံ အသင်းဝင် ၁၁ ဦးရှိပါတယ်။ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးကို နာယကအဖြစ် မွန်ပြည်နယ် သံဃာနာယာက ဆရာတော် ဘဒ္ဒန္တ ဦးတိလောကမှ ဖြစ်ပါတယ်။

ဥက္ကဌအဖြစ်ကတော့ ဦးဆန်းဝင်း ဖြစ်ပြီး အတွင်းရေးမှူး (၁) ကိုရဲ့လင်းစိုး နှင့် အတွင်းရေးမှူး (၂) ဖြစ်ပါတယ်။

ဘဏ္ဍာရေးမှုးအဖြစ် ကိုဇော်ဇော် နဲ့ စာရင်းစစ် စာရင်းကိုင်အဖြစ် မနီနီထွန်း တို့ကတာဝန် ယူထားပါတယ်။

သတင်းနှင့်ပြန်ကြားရေးပိုင်းကိုတော့ ကိုကျော်သူ နှင့် မနှင်းရွှေရည်ခိုင် တို့ကတာဝန်ယူထားပြီး

အမျိုးသမီး အလုပ်အမှုဆောင်အဖြစ် မအိ ၊ မသိ ၊ မလွင်လွင်မာ ၊ မဇင်မာလွင် တို့က နေရာကနေ အသီးသီး တာဝန်ယူထားကြပါတယ်။



မေး = မင်္ဂလာပါ ... အစ်ကို နာမည်နဲ့ နေရပ်လိပ်စာ လေးကို ပြောပြပေးပါဦး။

မင်္ဂလာပါ .... ကျွန်တော်နာမည်က ကိုကျော်သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက မိထ္တိလာ တိုးချဲ့ရပ်ကွက်မှာနေပြီး မလေးရှားမှာတော့ ကပုန်းမှာ နေပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်ကိုက ဘယ်လိုတာဝန်ခံ ယူထားပါသလဲ ?

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ကျွန်တော်က သတင်းနှင့်ပြန်ကြားရေး တာဝန်ကိုယူထားပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးက တည်ထောင်ထားတာ ကြာပြီဆိုတော့ အစ်ကိုတို့ အသင်းကြီးရဲ့ လုပ်ဆောင်မှု လုပ်ဆောင်ချက် လေးတွေကို ဖြေကြားပေးပါဦး။

ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးရဲ့ လုပ်ဆောင်ချက်များကတော့

၁။ သေစာရင်းအတည်ပြုချက်များ ကူညီဆောင်ရွက်ပေးခြင်း ....

အသေးစိတ် အနေနဲ့ ရှင်းပြရမယ်ဆိုရင် မြန်မာသံရုံးမှာ စာတင်ပြီး သေဆုံးကြောင်းနှင့် မီးသဂြိုလ်ခွင့်ကို တောင်းခံရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့နေပြည်တော် ကောင်စစ်ဝင်ရုံးကို စာတင်ပေးရပါတယ်။ မြန်မာနိုင်ငံရုံးကို စတင်တဲ့ အခါမှာတော့ သေဆုံးသူမိသားစုမှ စာတင် အကြောင်းကြားရပါတယ်။ လုပ်ထိုး လုပ်နည်းကတော့ အသင်းက ညွန်ကြားပေး ရပါတယ်။

ကျွန်တော်တို့အသင်းက မြန်မာနိုင်ငံမှာ အသင်းခွဲ မရှိတဲ့အတွက် ဖြစ်ပါတယ်။ နေပြည်တော်မှာ စတင်ပြီးရင် မလေးရှားက မြန်မာသံရုံးကို တိုက်ရိုက်ပို့ပေး ရပါတယ်။ မလေးရှားက မြန်မာသံရုံး ကစာအထွက်ရမှ သာလျှင် သေဆုံးသူရဲ့ ရုပ်အလောင်းကို မီးသဂြိုလ်ခွင့် ရရှိပါတယ်။ အကယ်၍ သေဆုံးသူက UN (ဒုက္ခသည်လက်မှက်) ကိုင်ဆောင်ထားတယ်ဆိုရင် UN ရုံးကို အကြောင်းကြားပြီး နာရေးကိစ္စများကို ဆောင်ရွက်ရပါတယ်။

၂။ နာရေးဖိတ်ကြားလွှာများ ကူညီဆောင်ရွက်ပေးခြင်း ...

သေဆုံးသူနဲ့ ပက်သက်တဲ့ မိဘဆွေမျိုး ညီအစ်ကို မောင်နှမတွေနဲ့ မိသားစုဝင် အသိ မိတ်ဆွေတွေကို အကြောင်းကြား ပေးရပါတယ်။

၃။ ဘုန်းကြီးကျောင်း ၊ ဘုရားကျောင်း ၊ ဗလီ ၊ ခရစ်ယာန်ကျောင်း စတဲ့သဂြိုလ်မည့် သုဿန်သို့ ဆက်သွယ် ကူညီဆောင်ရွှက်ပေးခြင်း ...

သေဆုံးသူရဲ့ ကိုးကွယ်တဲ့ ဘာသာအလိုက် ဘုန်းကြီးကျောင်း ၊ ဘုရားကျောင်း ဗလီ ခရစ်ယာန်ကျောင်း စသဖြင့် ကျွန်တော်တို့ ကပုန်း(၇) ရက် သားသမီး နာရေးကူညီမှု အသင်းကြီးက ပြုလုပ်ဆောင်ရွက်ပေးရပါတယ်။

၎။ သေဆုံးသူရဲ့ ဓလေ့ထုံးတမ်း အစဉ်လာအရ မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စများကို ကူညီ ဆောင်ရွက်ပေးခြင်း ...

သေဆုံးသူရဲ့ ကိုးကွယ်တဲ့ ဘာသာအလိုက် အစဉ်လာအရ မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စများကို လုပ်ဆောင်ပေးပါတယ်။

၅။ ရုပ်အလောင်း သယ်ဆောင်မည့် ယာဉ်နှင့်လိုက်ပါ ပို့ဆောင်မည့်ယာဉ်များ ကူညီဆောင်ရွက်ပေးခြင်း ...

ရုပ်အလောင်း သယ်ဆောင်မည့် ယာဉ်နှင့်လိုက်ပါ ပို့ဆောင်မည့်ယာဉ်များကို ဆောင်ရွက်တဲ့နေရာမှာ တစ်ချို့သေဆုံးသူတွေက နယ်ဝေးမှာ သေဆုံးကြတယ်ဆိုတော့ အလောင်းတွေကို ဆေးရုံကို ပို့ဆောင်ပေးရပါတယ်။

မှက်ချက် ။ တစ်ခုအနေနဲ့ကတော့ နာရေးကိစ္စများ ဖြစ်ပေါ်လာလျှင် အမှန်တကယ်လိုအပ်တဲ့ ကိစ္စများ အတွက်သာ ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးအဖွဲ့မှ စီစစ်ပြီး ကူညီဆောင်ရွက် ပေးပါတယ်။



မေး = မင်္ဂလာပါ ... အစ်ကို နာမည်နဲ့ နေရပ်လိပ်စာ လေးကို ပြောပြပေးပါဦး။

မင်္ဂလာပါ .... ကျွန်တော်နာမည်က ကိုဇော်ဇော် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက ပဲခူးတိုင်း ၊ ဒိုက်ဦးမြို့နယ် သုံးခွကျေးရွှာမှာ နေပြီး မလေးရှားမှာတော့ ကပုန်းမြို့မှာ နေပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်ကိုက ဘယ်လိုတာဝန်ခံ ယူထားပါသလဲ ?

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ကျွန်တော်က ဘဏ္ဍာရေးမှုးအဖြစ် တာဝန်ကိုယူထားပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးက ပရဟိတကိစ္စတော်တော်များများကို လုပ်ဆောင်နေတယ် ဆိုတော့ ရန်ပုံငွေ အလှူငွေ မတည်ငွေနဲ့ ပက်သက်ပြီး ဘယ်လိုစီစဉ် ဆောင်ရွက် ထားသလဲဆိုတာ အသေးစိမ် ဖြေကြားပေးစေလိုပါတယ်။

ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးက ဘဏ္ဍာငွေ ရှာဖွေပုံကတော့ ကျွန်တော်တို့ ပထမဦးဆုံး ကျွန်တော်တို့ အသင်းသား ၃၃ ယောက်မှနေပြီး ၁၄.၃.၂၀၁၁ ရက်နေ့မှ စတင်၍ အစည်းအဝေးပွဲတွင် တစ်ဦးကိုရင်းဂစ် ၁၀ မှ ၅၀ ၊ ၁၀၀ အထိမတည်ပြီးတော့ ၁၇.၄.၂၀၁၁ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ အသင်းဝင်တွေဆီမှငွေ ၁၀၀၀ ကျော်ဖြင့်စတင် တည်ထောင်လာပြီးနောက် အသင်းများ မန်ဘာအသစ်များ ဖိတ်ခေါ်ခြင်း စေတနာရှင် အလှူငွေများ ကောက်ခံချင်းနှင့် ဘဏ္ဍာငွေ များကိုစုဆောင်းခြင်း အသင်းဝင်တစ်ဦးကို လစဉ်အလှူငွေ ၁၀ ဖြင့်ထည့်ဝင်ခိုင်းပြီး K L နှင့်တစ်ခြားသော မြန်မာဆိုင်တွေမှာ အလှူခံပုံးတွေ ထားပေးထားပါတယ်။ အလှူငွေတွေကို လက်ခံတဲ့နေရာမှာ မှတ်တမ်း စရင်းနှင့်တကွ ဘောက်ချာဖွင့်ပြီး လက်ခံခဲ့ပါတယ်။

နောက်ထပ် အသင်းကြီးရန်ပုံငွေ ရရှိရေးအတွက် ပြက္ခဒိန်များပြုလုပ်၍ ရောင်းချခြင်း ၊ အသင်းဝင် အင်္ကျီများရောင်းချခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ရှာဖွေစုဆောင်း စုဆောင်းခဲ့ပါတယ်။ မလေးရှားမှာရှိတဲ့ ရွှေမြန်မာတွေကလည်း သူတို့အသိစိတ်ဓာတ်နဲ့ သက်ဆိုင်ရာနယ်မြေတွေမှာ အသီးသီး တာဝန်ယူပြီးတော့ ဘဏ္ဍာငွေ တွေကို စုဆောင်းပေးခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းကြီးမှ ဝင်ငွေ ၊ ထွက်ငွေ ၊ ကျန်ငွေတွေကို စရင်းနဲ့တကွ စီစစ်လုပ်ဆောင်ပြီး ထိန်းသိမ်းခဲ့ပါတယ်။ လစဉ်ဘဏ္ဍာငွေကြေးနဲ့ ပက်သက်ပြီးရငွေ ၊ သုံးငွေတွေကို လစဉ်လပတ် အစည်းအဝေးပွဲမှာ အသေးစိပ် အသင်းသားများ အားလုံးကို ရှင်းလင်း တင်ပြပေးခဲ့ပါတယ်။



ကျွန်တော်တို့ ဘဏ္ဍာငွေရှာဖွေတဲ့ နေရာမှာလည်း အခက်အခဲလေးတွေ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မလေးရှားမှာ လာရောက်အလုပ်လုပ်နေတဲ့ မြန်မာတွေမှာ ရွေ့ပြောင်း အလုပ်သမားတွေ ဖြစ်တယ်။ အခက်အခဲ တနည်းအားဖြင့် မိသားစုအတွက် အလုပ်လာလုပ်နေကြရတယ်ဆိုတော့ အားလပ်တယ် ငွေကြေး ပိုလျှံတယ်ဆိုတာ နည်းပါးကြပါတယ်။ သို့ပေမဲ့လည်း မအားမလပ်တဲ့ကြား ငွေကြေးအဆင်မပြေတဲ့ကြားကနေ သူတို့ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ပရဟိတ စိတ်ဓာတ်နဲ့ နာရေးကိစ္စများကို ငွေအားထက် လူအားနဲ့ ပရဟိတ စိတ်ဓာတ်ရှိဖို့သာ အဓိကဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ကျွန်တော် ပြောချင်တာကတော့ မလေးရှားရောက် ရွှေမြန်မာများရဲ့ နာရေးကိစ္စများကို ဆက်လက်ပြီး ကူညီပေးနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမများအားလုံး တတ်နိုင်သည့်ဖက်မှ ပါဝင်ပြီး ကူညီဆောင်ရွက်ပေးဖို့ အတွက် ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးက လေးစားစွာ ဖိတ်ခေါ်ပါကြောင်း ပြောချင်ပါတယ်။



မေး = မင်္ဂလာပါ ... အစ်ကို နာမည်နဲ့ နေရပ်လိပ်စာ လေးကို ပြောပြပေးပါဦး။

မင်္ဂလာပါ .... ကျွန်တော်နာမည်က ကိုကျော်လင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက ဧရာဝတီတိုင်း ၊ ဓနုမြို့နယ်မှာ နေပြီး မလေးရှားမှာတော့ ကေအယ် စီတာပတ်မှာ နေပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်ကိုက ဘယ်လိုတာဝန်ခံ ယူထားပါသလဲ ?

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ကျွန်တော်က အလုပ်အမှုဆောင် တာဝန်ကိုယူထားပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အသင်းဝင်မန်ဘာအနေနဲ့ လူဦးရေ ဘယ်လောက်ရှိလဲ ?

ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အသင်းသား မန်ဘာအရေအတွက် ၁၅၀ လောက်ရှိပါတယ်။ မန်ဘာအသင်းဝင်တွေကိုတော့ ပုံသေသတ်မှတ်လို့ မရပါဘူး မန်ဘာတွေက မလေးရှားက ရွေ့ပြောင်းအလုပ်သမားတွေဆိုတော့ နေရာပြောင်းသွားတာတွေ မြန်မာပြည်ကို့ ပြန်သွားတာတွေ စသဖြင့် ရှိပါတယ်။ ဆိုတော့ မန်ဘာ အသင်းဝင်တွေက များလာနိုင်သလို လူဦးရေလည်း နည်းလာနိုင်ပါတယ် ခင်ဗျာ။

မေး = အသင်းဝင် မန်ဘာ တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်ပါသလဲ? မန်ဘာတစ်ယောက်ရဲ့ အသင်းဝင်ကြေးကိုလည်း ဖြေကြားပေးစေလိုပါတယ်။

ကျွန်တော်တို့ရဲ့အသင်းကြီးကိုမန်ဘာဝင်တဲ့နေရာမှာ မန်ဘာဝင်တွေကို လျှောက်လွှာပုံစံဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူပြီး အသင်းဝင်မန်ဘာအဖြစ် အသိအမှတ်ပြုလက်ခံပါတယ်။ လစဉ်အသင်း ဝင်ကြေးအဖြစ် မန်ဘာ တစ်ယောက်ကို ရင်းဂစ် ၁၀ သတ်မှတ်ထားပါတယ်။

မေး = သေဆုံးသူတွေနဲ့ ပက်သက်ြ့ပီး ကိုယ်ရေးကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရေးသား မှတ်တမ်းယူတာမျိုးတွေ လုပ်ဖြစ်လား ?

ဟုတ်ကဲ့ ... ကျွန်တော်တို့ အသင်းက သေဆုံးသူရဲ့မှတ်တမ်းတွေကိုပါ မှတ်တမ်းတင် ထားပါတယ်။ အဲဒီမှတ်တမ်းမှာ သေဆုံးသူရဲ့ ကိုယ်ရေးကိုယ်တာ အသေးစိပ်ရယ် အကူအညီ တောင်းခံလာတဲ့ နေ့ရက် ၊ အမည် ၊ အသက် ၊ သေဆုံးသူရဲ့ နာမည် မိသားစုပေါ့။

ဒီလူကိုသဂြီင်္ုလ်ဖို့အတွက် ဘယ်သူကတောင်းခံတယ် ဆိုတာရယ်ကို မှတ်တမ်းတင် ထားပါတယ်။ ဒီလိုမှတ်တမ်း ထားရှိတာကလည်း ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေကို အသင်းဝင်မန်ဘာတွေနဲ့ အကူညီတောင်းခံလာတဲ့ လူတွေအကြားပေါ့ ယုံကြည့်မှု အားကိုးမှုတွေ ခိုင်မာစေချင်လို့ပါပဲ။



မေး = မင်္ဂလာပါ ... အစ်ကို နာမည်နဲ့ နေရပ်လိပ်စာ လေးကို ပြောပြပေးပါဦး။

မင်္ဂလာပါ .... ကျွန်တော်နာမည်က ကိုတင်စိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက မွန်ပြည်နယ် ၊ ရေးမြို့၊ အစင်ကျေးရွှာ မှာနေပြီး မလေးရှားမှာတော့ ကပုန်းမှာ နေပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်ကိုက ဘယ်လိုတာဝန်ခံ ယူထားပါသလဲ ?

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ကျွန်တော်က အခြားသော ပရဟိတ တာဝန်ကို ယူထားပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာဆိုရင် နာရေးကိစ္စ တော်တော်များများကို ကူညီ လုပ်ဆောင်ပေးနေတာ တွေ့ရပါတယ်။ ဆိုတော့ နာရေးကိစ္စ တစ်ခုတည်းပဲ အစ်ကိုတို့ အသင်းက လုပ်ပေးဖြစ်လား ? တစ်ခြားသော ပရဟိတကိစ္စတွေရော ဘယ်လိုအရာတွေမှာ အကူအညီပေး လုပ်ဆောင် ပေးဖြစ်လဲ ဆိုတာ ဖြေကြားပေးပါဦး။

ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးအနေနဲ့ နာရေးကိစ္စများကို အဓိကထား လုပ်ဆောင်နေပြီးတော့ အခြားသော ပရဟိတ အလုပ်များကိုလည်း တစ်ဖက်တစ်လမ်းမှ ပါဝင် လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပါဝင်လုပ်ဆောင်ခဲ့တဲ့ ပရဟိတကိစ္စတွေမှာဆိုရင် ကပုန်းမြို့မှာရှိတဲ့ သမ္မာသမ္ဘောဓိ မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်တဲ့ဝါဆိုသင်္ကန်းကပ်ပွဲ ၊ ကထိန်ပွဲတို့တွင် ပါဝင်ပြီး လုပ်ဆောင်ခဲ့သလို စမုံညှင်းဘုရား ဌာပနာပိတ်ပွဲနှင့် ထီးတော်တင်ပွဲမှာ ထီးတော်သယ်ဆောင်ရာ လမ်းတစ်လျောက်ကို ပန်းခင်းလှူဒါန်းခဲ့ပြီး အမှိုက်သန့်ရှင်းရေး ကိစ္စတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

၂၁.၁.၂၀၁၂ ရက်နေ့မှာ အသင်း နှစ်ပတ်လည်နေ့တွင် ပထမအကြိမ် သွေးလှူဒါန်းပွဲကြီးကို ပြုလုပ်ခဲ့ပါတယ်။ သွေးအလှူရှင် ၃၉ ဦးရရှိပြီး မလေးရှား ဆေးက္ကသိုလ်တွင် သွားရောက်လှူဒါန်းခဲ့ပါတယ်။ ၂၂.၄.၂၀၁၂ ရက်နေ့မြန်မာ နှစ်သစ်ကူး အလှူဒါနအဖြစ် ဒုတိယအကြိမ် သွေးလှူဒါန်းပွဲကြီးကို ကပုန်း ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ပါတယ်။

သွေးအလှူရှင် ၁၇၄ ဦးရရှိခဲ့ပြီး ၈၉ ဦးသာ လှူဒါန်းခဲ့ရပါတယ်။ ကျန်ရှိသော အလှူရှင်များမှာ အချိန်မလောက်တဲ့ အတွက် လှူဒါန်းခွင့် မရခဲ့ကြဘူး။ သွေးများကိုတော့ ဆရင်ဘန်း ဆေးရုံမှ ဆရာဝန် ဆရာမများက လာရောက်ပြီး လှူဒါန်းမှုကို လက်ခံခဲ့ပါတယ်။

မလေးရှားနိုင်ငံ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များမှ ပြုလုပ်သော စာပေဟောပြောပွဲတွင် ကျွန်တော်တို့ရဲ့ အသင်းမှ လူအားဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွှက်ပေးခဲ့ပါတယ်။ ဆက်လက်ပြီး အကူအညီ တောင်းခံလာတဲ့ သူတွေကိုနောက်ထပ် လိုအပ်တဲ့နေရာ အဖက်ဖက်ကနေ ကူညီပေးသွားဖို့ အဆင်သင့် ရှိနေပါတယ်။



မေး = မင်္ဂလာပါ ... အစ်ကို နာမည်နဲ့ နေရပ်လိပ်စာ လေးကို ပြောပြပေးပါဦး။

မင်္ဂလာပါ .... ကျွန်တော်နာမည်က ကိုရဲလင်းစိုး(ခ) ကိုရဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက ရန်ကုန် ၊ တောင်ဒဂုံ မှာနေပြီး မလေးရှားမှာတော့ ကပုန်းမှာ နေပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်ကိုက ဘယ်လိုတာဝန်ခံ ယူထားပါသလဲ ?

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ကျွန်တော်က အတွင်းရေးမှူး (၁) တာဝန်ကို ယူထားပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီး အနာဂတ် ရေရှည်တည်တံ့ရေးအတွက် အမာခံ အသင်းဝင်တွေနဲ့ မန်ဘာတွေအကြား ဘယ်လိုလုပ်ဆောင်ထားသလဲ ဆိုတာ အသေးစိတ်ရှင်းပြ ဖြေကြားပေးပါဦး။

ပထမဆုံးအနေနဲ့ ကျွန်တော်တို့ အသင်းကြီးဟာ ဝင်ရောက်လာတဲ့ အသင်းဝင်တွေကို ကျွန်တော်တို့ အသင်းရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေကို ရှင်းပြပါတယ်။ ကျွန်တော်တို့ စတင်လုပ်ဆောင်တဲ့ လုပ်ဆောင်ချက် တွေကစပြီး နာရေးတစ်ခုဖြစ်လို့ အကူအညီတောင်းခံလာတာနဲ့ သေဆုံးသူရဲ့ မှတ်တမ်းတွေကို စတင်(Record)

ယူတာကအစ ရှင်းပြရပါတယ်။ ကျွန်တော်တို့ဒီလို လုပ်ဆောင်တာကလည်း အကယ်၍များ အသင်းဝင်တွေက လုပ်ဆောင်ချက်တွေအပေါ် ကြည့်ချင်တယ်။ သိချင်တယ် ဆိုတာမျိုးတွေ ရှိရင် ပြောပြနိုင်အောင်ပါ။ ပြီးတော့ ကျွန်တော်တို့နာရေး တစ်ခုဖြစ်လာပြီ ဆိုတာနဲ့ လိုက်ကူညီလိုသူ အသင်းဝင်အားလုံးကို ကျွန်တော်တို့က လိုက်ပါစေပါတယ်။

ဒါကလည်း ကျွန်တော်တို့ အနေနဲ့ နာရေးတစ်ခုဖြစ်လာပြီ ဆိုတာနဲ့ အစအဆုံးဘယ်လိုလုပ်ရတယ် ဒီနာရေးကို သဂြိုင်္လ်ပြီးစီးသည် အထိပေါ့။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို အသင်းဝင်အားလုံး ရှင်းရှင်းလင်းလင်း သိစေချင်လို့ ဖြစ်ပါတယ်။ ပြီးတော့ အသင်းဝင်တွေအားလုံး လစဉ်ထည့်ဝင်တဲ့ ဘဏ္ဍာငွေနဲ့ ပက်သက်ပြီး တစ်လတစ်ခါ အစည်းအဝေးခေါ်ပြီး စာရင်းရှင်းတမ်းပြုလုပ်ပါတယ်။


(ကပုန်း (၇) ရက်သားသမီးများ နာရေးကူညီမှု အသင်းကြီးဝေယျာဝစ္စများကို ထောက်ပံ့ပေးနေသော တရုတ်သူဌေး)

ဒီလိုပြုလုပ်တဲ့နေရာမှာ လစဉ် နာရေးဘယ်နှစ်ခု သဂြီင်္ုလ်ရတယ် ၊ ကုန်ကျစရိတ် ဘာတွေရှိတယ်။ ပြီးတဲ့အခါမှာ နာရေးရှင်တွေက ပြန်လှူတဲ့ အလှူငွေရယ် အစရှိတဲ့ ဝင်ငွေ ၊ ထွက်ငွေတွေကို အသေးစိပ် ရှင်းလင်းတာပါ။ ရှင်းလင်းပြီးတဲ့ စရင်းအသေးစိပ်ကိုလည်း အစည်းအဝေး တက်နိုင်တဲ့ ဖြစ်စေ မတက်နိုင်တဲ့ အသင်းဝင် တွေဆီကို စာရွက်စာတမ်းနဲ့ လက်ဆင့် ကမ်းပေးပါတယ်။

အသင်းဝင်တွေ အားလုံး မိသားစုတွေဖြစ်တဲ့ အတွက် စည်းစည်းလုံးလုံး နွေးနွေးထွေးထွေးနဲ့ ပရဟိတ ကိစ္စတွေကို လုပ်ဆောင်လျက်ရှိနေပါတယ်။ ဒီလို လုပ်ဆောင်မှုတွေဟာ ကျွန်တော်တို့နဲ့ အသင်းဝင်မန် ဘာတွေအကြား စိတ်ထား တစ်ခုတည်းနဲ့ ယုံကြည်ခိုင်မာမှုတွေ ရှိစေချင်လို့ပဲ ဖြစ်ပါတယ်။



မေး = မင်္ဂလာပါ ... အစ်ကို နာမည်နဲ့ နေရပ်လိပ်စာ လေးကို ပြောပြပေးပါဦး။

မင်္ဂလာပါ .... ကျွန်တော်နာမည်က ကောင်းမြတ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက တနင်္သာရီတိုင်း ထားဝယ် ဝဲကျွန်းညောင်ရမ်း မှာနေပြီး မလေးရှားမှာတော့ ကပုန်းမှာ နေပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်ကိုက ဘယ်လိုတာဝန်ခံ ယူထားပါသလဲ ?

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ကျွန်တော်က အမှုဆောင် တာဝန်ကို ယူထားပါတယ်။

မေး = မလေးရှားရောက်နေတဲ့ ရွှေမြန်မာတွေထံမှ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးက အကူအညီလိုအပ်ပါက ဆယ်သွယ်နိုင်တဲ့ နေရပ် ၊ လိပ်စာ ၊ ဖုန်းနံပတ် လေးတွေကို ပြောပြပေးပါဦး။



မလေးရှား ရောက်နေတဲ့ မြန်မာတွေ အားလုံးပေါ့ နာရေးကိစ္စများနဲ့ ပက်သက်ပြီး အကူအညီ တောင်းလိုပါက မလေးရှားမှာရှိတဲ့ လမ်းသစ်ဂျာနယ် ၊ ဟဲလိုမြန်မာဂျာနယ် ၊ ခေါင်းလောင်းသံဂျာနယ် ၊ ခေတ်သစ်မြန်မာဂျာနယ် မှာ ဆက်သွယ် စုံစမ်းနိုင်သလို ကျွန်တော်တို့ရဲ့ နာရေး ကူညီမှုအသင်းဖိတ်စာ လက်ကမ်းစာစောင်များကို ကေအယ်မှာ ဆိုရင် လမ်းသစ်ရုံးခန်း၊ မြတ်သုခ စားသောက်ဆိုင် အပေါ်ထပ်မှာပါ ၊ပန်းတော်ဝင်(ကုန်ပစ္စည်းပို့ ဆောင်ရေး) ရုံးခန်းနဲ့ ကပုန်းမှာဆိုရင် Carrefour အနီးရှိ ကျွန်တော်တို့ ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းရုံးခန်းတွင် လာရောက်အကူအညီ တောင်းခံနိုင်ပါတယ်။

ဆက်သွယ်ရမယ့် မေးလ်လိပ်စာများ ကတော့ kosanwin555@gmail.com ၊ koyee.kl@gmail.com ၊ zaw363@gmail.com ၊ eieihan1@gmail.com ၊ thithiapril@google.com နဲ့ ဝဘ်ဆိုက် လိပ်ကတော့ http://www.mmfss.com/ မှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။

ဆက်သွယ်ရမယ့် ဖုန်းနံပါတ်များကတော့ ဦးဆန်းဝင်း - 016 6577 930 ၊ ကိုဇော်ကြီး - 017 3636 179 ၊ ကိုထွန်းထွန်းလင်း - 017 695 0297 ၊ ကိုဇင် - 016 2162 986 ၊ ကိုရဲလင်းစိုး - 010 2196 342 ၊ ကိုရန်နိုင်စိုး ၊ 014 263 359 ၊ ကိုကောင်းထက် ၊ 016 3411 914 တို့ကို ဆက်သွယ် နိုင်ပါတယ်။



မေး = မင်္ဂလာပါ ... အစ်ကို နာမည်နဲ့ နေရပ်လိပ်စာ လေးကို ပြောပြပေးပါဦး။

မင်္ဂလာပါ .... ကျွန်တော်နာမည်က ဦးသောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက တောင်ဒဂုံ ၅၅ ရပ်ကွက် မှာနေပြီး မလေးရှား မှာတော့ ကပုန်းမှာ နေပါတယ်။

မေး = ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ အစ်ကိုက ဘယ်လိုတာဝန်ခံ ယူထားပါသလဲ ?

ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ကျွန်တော်က ဘာသာရေးနေရာကနေ တာဝန်ကိုယူ ဆောင်ရွက်ပါတယ်။

မေး = အစ်ကိုက ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ကျွန်တော်က ဘာသာရေးနေရာကနေ တာဝန်ယူတယ် ဆိုတော့ သေဆုံးသူနဲ့ ပက်သက်ပြီး နောက်ဆုံးအချိန်မှာ ဘာသာရေး ဆောင်ရွက်ပေးခြင်းနဲ့ ပက်သက်ပြီး လုပ်ဆောင်ချက်တွေကို မျှဝေပေးပါဦး။

သေဆုံးသူနဲ့ ပက်သက်ပြီး နာရေးကိစ္စများ လုပ်ဆောင်တဲ့နေရာမှာ သေဆုံးသူဟာ ဗုဒ္ဒဘာသာပါတယ် ခရစ်ယာန်ပါမယ် အစ္စလ်ဘာသာတွေ ပါဝင်မယ်။ ဒီလိုပါခဲ့ရင် သူတို့ရဲ့ဘာသာအလိုက် နောက်ဆုံးအချိန်မှာ ပြုလုပ်ရမည့် အရာများကို လုပ်ဆောင်ပေးပါတယ်။

မေး = အစ်ကိုက သေဆုံးသူတို့ရဲ့ ဘာသာရေးအပိုင်းကို တာဝန်ယူ ဆောင်ရွက်ပေးတယ် ဆိုတော့ မလေးရှားရောက် ရွှေမြန်မာများ အတွက်အထဲမှ သေဆုံးသူတို့နဲ့ ပက်သက်ပြီး ကိုယ်တိုင်ကြုံတွေဖြစ်ခဲ့တဲ့ စိတ်ခံစားမှု အပိုင်းနဲ့ ပက်သက်ပြီး တစ်ခုခုပြောပြပေးပါဦး။

မလေးရှားရောက်မြန်မာများ သေဆုံးမှု နာရေးကိစ္စများနဲ့ ပက်သက်ပြီး လူတိုင်းကတော့ သေမျိုးပါပဲ။ ဒါပေမဲ့ သေနည်းလေးတွေ ကွာခြားချက်လေးတွေ ရှိတယ်လို့ ကျွန်တော်မြင်တယ်။ ကောင်းသော သေဆုံးခြင်းနဲ့ မကောင်းသော သေဆုံးခြင်းပေါ့။ ဘာလို့လဲ ဆိုတော့ သေဆုံးသူနဲ့ပက်သက်ပြီး အလောင်း တစ်လောင်းကို ထုပ်လိုက်တဲ့ အချိန်မှာ မျက်နှာကြည့်ယုံနဲ့ ကိုင်ယုံနဲ့ သိတဲ့သဘောမျိုးမှာ ရှိပါတယ်။

တစ်ချို့ဆိုရင် သူတို့ဘာသာရေးအရပေါ့။ တရားကို အင်တမန် လိုက်စားတဲ့ အလောင်းဆိုရင် ကိုင်ရထိရတာ အဆင်ပြေတဲ့ အနေအထားမျိုးမှာ တွေ့ရပါတယ်။ တရားသဘောအရ ပြောမယ်ဆိုရင်တော့ ဒေါသ မောဟမပါတဲ့ ကောင်းတဲ့ ဝိညာဉ်ချုပ်နည်းပေါ့။ ရောက်တဲ့နေရာတိုင်းမှာ လူကြီးလူငယ် အားလုံးကို တရားအသဘောကို လိုက်နာ ကျင့်သုံးအားထုပ် စေချင်ပါတယ်။ အဲဒီတော့ သေနည်း တစ်နည်းနည်း လူတိုင်းမှာတတ်ထားဖို့ လိုအပ်ပါတယ်။ ဒါမှနောင်ဘဝ အတွက် ဘဝကူးကောင်းမှာ ဖြစ်ပါတယ်။


(နာရေးကိစ္စ အခက်အခဲများအတွက် အကူအညီ အကြံညဏ် လာရောက်တောင်းခံနေသော မြန်မာနှစ်ဦး)

မေး = မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံးအတွက် အခုလိုပြည်ပကို ရောက်နေတဲ့ အချိန်လေးမှာ ဘယ်လိုပြုမူ ပြောဆို နေထိုင်သင့် လုပ်ဆောင်သင့်တယ် ဆိုတဲ့ အသိပေးဆုံးမတဲ့ စကားလေးများ ပြောပေးစေ လိုပါတယ်။

ကျွန်တော်ရောက်တဲ့ နာရေး ကိစ္စတွေမှာဆိုရင် မြန်မာအများစုနဲ့ ဝိုင်းဖွဲ့ပြီး စကားပြောဖြစ်ခဲ့ပါတယ်။ ဝိုင်းဖွဲ့တဲ့ အခါမှာ များသောအားဖြင့် မလေးရှားကို ရောက်လာတာက လူငယ်တွေများပါတယ်။ ချုပ်အုပ်မှုတွေ ကင်းလွတ်ကြတယ်။ မလေးရှားကို လာတုန်းကတော့ အသောက်အစား ကင်းရှင်းပြီး ရှိကြတာပေါ့။ ဒီရောက်တဲ့အခါမှာ အုပ်ချုပ်မှု ကင်းဝေးတာ တစ်မျိုး အလုပ်မှာ စိတ်ဖိစီးတော့ ထွက်ပေါက်ရှာကြရင်း နည်းလမ်းမှားတာတွေ ရှိလာကြပါတယ်။ လူငယ်တွေလည်း ဖြစ်တယ်ဆိုတော့ သူတို့လုပ်ချင်တာကို လုပ်တတ်ကြပါတယ်။

ဒီတော့ ကျွန်တော်တို့ သွားရောက်တဲ့ နေရာတိုင်းမှာတော့ ကောင်းကောင်းမွန်မွန်နေတတ် ထိုင်တတ်ဖို့နဲ့ ဘာသာရေးကိစ္စတွေကိုလည်း မမေ့ကြဖို့ တတ်နိုင်သလောက်တော့ မြန်မာတွေကို ဆုံးမပြောပြဖြစ်ပါတယ်။ ဒီလိုနေထိုင်တာကလည်း သူတို့ရဲ့ဘဝလေးကို ကောင်းမွန်စေချင်လို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် မလေးရှားရောက် ရွှေမြန်မာများကို အသိပေး ပြောကြားချင်တာက ကိုယ်ရောက်နေတဲ့ နေရာလေးမှာ လူအများနဲ့ တတ်နိုင်သလောက် သည်းခံပြုမူပြောဆို နေထိုင်ကြဖို့နဲ့ အခုလိုမိဘတွေနဲ့ ဝေးကွာပြီး စီးပွားလာရှာရတဲ့ အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်ရိုင်းပင်း စည်းစည်းလုံးလုံး နဲ့ နေထိုင်ကြဖို့ အသိပေး ပြောကြားလိုပါတယ်။



မလေးရှားရောက် ရွှေမြန်မာများ အနေဖြင့် ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးမှာ ဆိုရင် နာရေးကူညီမှုကိစ္စတွေကို အဖက်ဖက်က ကူညီ လုပ်ဆောင်လျက်ရှိနေပြီး သွေးလှူဒါန်းမှုများနဲ့ လိုအပ်သော အဖက်ဖက်မှ ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စများက ဆောင်ရွက်လိုပါက ကပုန်း(၇) ရက်သားသမီး နာရေးကူညီမှု အသင်းကြီးနဲ့ အတူလက်တွဲပြီး နာရေးကိစ္စများနဲ့ ပရဟိတ ကိစ္စလေးကို ပါဝင်ကူညီနိုင်ပါကြောင်း အသိပေးရင်း အင်တာဗျူး အစီအစဉ်လေးကို ဒီလောက်ပဲ ကျေနပ်နိုင်ကြပါစေ။ အချိန်ပေး လာရောက်ကြသော နိုင်ငံတာကာမှ ရေဒီယို အစီအစဉ်များ နှင့် စာပေဗဟုသုများကို ဖတ်ရှု နားထောင် အားပေးကြသော မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါသည်။

ဆက် လက် ကြိုး စား သွား ပါ မည်။



News Information & Online Radio Media (Malaysia)

http://www.nayzawlin.com/ နေဇော်လင်းတွေ့ဆုံမေးမြန်းသည်။

0 comments :

Post a Comment