Saturday, May 26, 2012

နှစ်ဦးနှစ်ဖက် ကျန်မယ့် သီချင်း ဖန်တီးချင်သူ ၀ါရင့်သမ္ဘာရင့်

ဟဲလေးက သူရဲ့ အသံ အေးအေး ငြိမ်ငြိမ်တွေကို အသုံးပြုပြီး သံစဉ်ချိုချိုတွေနဲ့ ပရိသတ်ကို ဆယ်ကျော်သက် ကနေ အခုလက်ရှိ ၀ါရင့်သမ္ဘာရင့် Old Service အထိ ဆွဲဆောင် နေဆဲပါ။ ၂၀၀၀ ခုနှစ်မှ ဒီလောကကို ဆယ်ကျော်သက် ဆိုတဲ့ တေးစီးရီးနဲ့ စတင် ၀င်ရောက်ခဲ့ စဉ်မှာ သူက ၀ါသနာတူ သူငယ်ချင်းများ ပါဝင်တဲ့ Teens ဆိုတဲ့ အဖွဲ့လေးနဲ့ အတူ ရှိနေ ခဲ့ပါတယ်။ ဆယ်ကျော်သက် အပြင် တခြား အတွဲ အခွေတွေ မှာလည်း Teens အဖွဲ့နဲ့ လှုပ်ရှားခဲ့တာ ၂ နှစ်သက်တမ်းပါ။ ၂၀၀၂ ခုနှစ်မှတော့ ဟဲလေးက သူ့ရဲ့ တစ်ကိုယ်တော် အချစ် ပျောက်သွားသူ က သူ့ရဲ့ ကြိုးစားမှု မှတ်တိုင်တစ်ခုပါ။ ကျွန်တော် ရှာချစ်တဲ့ မိန်းမတွေထဲ ဒီကောင်မလေးက အောက်သက်ကျေတယ် ဆိုတာက ဟဲလေးရဲ့ အမှတ်တံဆိပ် တစ်ခုဖြစ်ခဲ့ပြီး ဒီသီချင်းက ဟဲလေးကို စင်မြင့် show တွေမှာ ကျွန်တော်က သီချင်း အမြူးလည်း ပိုင်ပါတယ် ဆိုတာကို ပြလိုက်သလိုပါပဲ။ လူငယ်တိုင်းရဲ့ ပါးစပ် ဖျားတိုင်း မှာ ကြင်ရာဖက် ဖြစ်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာထွက် ခဲ့တဲ့ ချစ်သူများ အတွက် အမှတ်တရ ဖြစ်စေမယ့် ရင်ခုန်နှုန်း ၁၄ မှာတော့ ဟဲလေးက သီချင်းများ အပြင် ဆံပင်ဖက်ရှင်၊ ၀တ်စုံဖက်ရှင်တွေကိုပါ ထူးခြားစွာ ပြသ ခဲ့ပြန်တယ်။ ဒီအခွေမှာလည်း သူရွေးချယ် ခဲ့တဲ့ မိန်းကလေး အဆိုတော် များနဲ့ လိုက်ဖက်ညီစွာ သီဆို ပြခဲ့ပါတယ်။

၂ နှစ် သို့ မဟုတ် ၃ နှစ် တစ်ခါ သူ့ရဲ့ မှတ်တိုင် အသစ်တွေ ပြသဖို့ ကြိုးစားနေတဲ့ ဟဲလေးက ၂၀၀၉ ခုနှစ်မှာလည်း ၀ါရင့် သမ္ဘာရင့် OlD 2Service ပါတဲ့။ သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော်လို့ ပြောရမယ့် ၀ါရင့် သမ္ဘာရင့် မှာလည်း ဟဲလေးနဲ့ လိုက်ဖက်တဲ့ သီချင်း ပုံစံတွေနဲ့ပါပဲ။ “ကျွန်တော်က ပေါ့ပ်ဂီတကိုပဲ အခြေခံပါတယ်။ ခေတ်ရဲ့ရေစီးကြောင်း၊ Music Current အရ ပြောင်းလာတဲ့ Music Form ကို မူတည်ပြီး ပေါ့ပ်ကိုပဲ Music Arrange လေးတွေ ပြောင်းသွားတယ်ပေါ့။ ဒါပါပဲ။ ဟဲလေးက ပေါ့ပ်သီချင်းဆိုတဲ့ ဟဲလေးပဲပေါ့”ဆိုတဲ့ ဟဲလေးနဲ့ တွေ့ဖြစ်ခဲ့ပါတယ်။ ဟဲလေးဆိုတာ သူဖြတ်သန်း ခဲ့တဲ့ ၉ နှစ်တာကာလ (Teens အဖွဲ့နဲ့ ၂ နှစ်ဝန်းကျင်၊ တစ်ကိုယ်တော် အနေနဲ့ ၇ နှစ် ၀န်းကျင်)မှာ ပရိသတ်နဲ့ ကွာဟသွားတယ် ဆိုတာ မရှိခဲ့ပါ ဘူး။ တစ်နှစ်မှာ တစ်ခါ သူပါဝင်တဲ့ အခွေတွေ ထွက်တိုင်း ပရိသတ်ကို လှုပ်ခတ် စေနိုင်သူပါ။

ဂီတ သက်တမ်း ၉ နှစ် မှာ ကြုံတွေ့လာခဲ့ရတဲ့ ဂီတ အတွေ့အကြုံတွေက အတော် များနေပြီလို့ ဆိုရမလား။

အတွေ့အကြုံတွေကတော့ ရှာဆဲပါ။ အတိုင်း အတာတစ်ခု အထိတော့ ရနေပြီပေါ့။ ဒါပေမယ့် ရှာနေဆဲပါ။ ပြောင်းလဲမှုတွေကတော့ အများကြီးပေါ့။ အရင်က သူငယ်ချင်းတွေနဲ့ စုစုစည်းစည်း လုပ်ဖြစ်တယ်။ ခုတော့ ကိုယ်တစ်ယောက်တည်း မိဘတွေနဲ့ တခြား သူငယ်ချင်းတွေကတော့ ၀ိုင်းကူပေးနေကြပါတယ်။

လူငယ်ဘ၀က ဂီတ လောကကို စ၀င်လာတဲ့ အချိန် ဂီတခံစားမှုနဲ့ လက်ရှိ ရသင့်သလောက် အတွေ့အကြုံတွေ ရရှိထားတဲ့ ရင့်ကျက်လာတဲ့ အချိန် ဂီတ ခံစားမှုက တူနိုင်သေးရဲ့လား။

ခံစားမှုက နည်းနည်း လေးတော့ ပြောင်းလဲသွားတာပေါ့။ အရင် လုပ်ခဲ့တဲ့ ဂီတ ပုံစံကို နည်းနည်း ပြောင်းတယ်။ ပရိသတ်ရဲ့သဘောကို သိလာတာပေါ့နော်။ စင်အတွေ့ အကြုံ မရှိခဲ့စဉ်က ပရိသတ် သဘော မသိခဲ့ဘဲ ကိုယ့်စိတ် ကြိုက်ပုံစံတွေ လုပ်ခဲ့တာ။အခု စင်အတွေ့အကြုံ ရှိလာတော့ ပရိသတ် အကြိုက်နဲ့ ကိုယ့် Trend နဲ့ ချိန်လို့ ရသွားတယ်။

အရင်ခေတ် ပရိသတ်၊ လက်ရှိခေတ် ပရိသတ် ဆိုပြီး ကွာခြားမှုကို ပြောလို့ရ မလား။ ဟဲလေးက ခေတ်နှစ် ခေတ်ကို မီလိုက်တဲ့ သူလား။

ခေတ်နှစ်ခေတ်လို့ ပိုင်း လို့ ရမလား၊ မရလားတော့ မသိဘူး။ ချိန်ချိန်းရဲ့အခွေ ပရိုမိုးရှင်းမှာပေါ့။ အဲဒီခွေမှာ ပါဝင် သရုပ်ဆောင်ပေးတဲ့ မော်ဒယ်လ် ကောင်မလေးက အခွေ ပရိုမိုးရှင်းမှာ လက်မှတ် လာထိုးပေးတယ်။ သူနဲ့ စကားပြောကြရင်းက သူ့ အမေနဲ့ မိတ်ဆက်ပေးတယ်။ သူ့အမေက ကျွန်တော့်ရဲ့ ပထမဆုံး စီးရီးဗီစီဒီခွေ မင်းမရှိတဲ့ အချစ်မှာ ပါဝင် သရုပ်ဆောင်ပေးဖူးတဲ့ ကောင်မလေး ဖြစ်နေတယ်။ အခု သူ့သမီးက မော်ဒယ်လ်ပြန် ဖြစ်နေပြီ။ ဒါဆို ကျွန်တော်က ခေတ်နှစ်ခေတ်တောင် မီပြီပေါ့။ (ဟဲလေးက ပြောပြီး ရယ်နေပါတယ်။)

ဒါဆို ဟဲလေးရဲ့ ဂီတ အစ လူငယ် ဂီတနဲ့ အခု လက်ရှိဂီတကို ယှဉ်ကြည့်လိုရမယ် ဆိုရင်။

အခု နောက်ပိုင်းကျတော့ အဖွဲ့လေးတွေ ပိုများလာတယ်။Hip Hop ဂီတ ပိုများလာတယ်။ ကျွန်တော်တို့ စတဲ့ အချိန်က ထက်စာရင် ၀ါသနာရှင်တွေ အတွက် ပြိုင် ပွဲတွေက ပိုများလာတယ်။ တီဗွီလိုင်းတွေ၊ ကုမ္ပဏီတွေ ကလုပ်တဲ့ ပြိုင်ပွဲတွေမှာလည်း အများကြီး ပြိုင်လို့ ရနေပြီ။ အဲဒါအရမ်းကောင်း လာတာပေါ့နော်။
ဟဲလေးက စစချင်း အဖွဲ့နဲ့စခဲ့ပြီး အခု တစ်ကိုယ် တော်ဖြစ်ရခြင်းဟာ တစ်ကိုယ်တော် အနေနဲ့ လှုပ်ရှားဖို့ အခွင့်အရေး ပေါ်လာတာကြောင့် ဖြစ်ပြီး ပါဝင်တဲ့သူ ငယ်ချင်းတွေကလည်း ဆက်မလုပ်ဖြစ်ဘဲ အဖွဲ့လိုက် လှုပ်ရှားမှု မရှိတာကြောင့်ပါလို့ ဆိုတယ်။

အခုလို ကျွန်တော် တစ်ယောက်တည်း ဆက်လုပ်ဖြစ် နေတာက အဓိက ပရိသတ်ရယ် ကျွန်တော့်ကို လုပ်ကွက်တွေ ပေးတဲ့ ထုတ်ဝေသူ၊ ကျွန်တော့်ကို ဆိုဖို့ပေးတဲ့ ပွဲစီစဉ် သူတွေ စသဖြင့် အားလုံးနဲ့ သက်ဆိုင်ပါတယ်။ အဓိက အကျဆုံးကတော့ ပရိသတ်ပေါ့။ ပရိသတ်ရဲ့အားပေးမှု ကြောင့်သာ အခုလို ဒီနေ့အထိ ရေရှည် ရပ်တည်လို့ ရနေတာပါ။

ဒီနေ့အထိ ရပ်တည် နေနိုင်တဲ့ ဟဲလေး အနေနဲ့ ဂီတကို ဖန်တီးတဲ့ နေရာမှာ ဘာကို အဓိကထား ဦးစားပေးလဲ။ ဘာကြောင့် ပရိသတ်ကြားထဲ ကျန်မယ်လို့ ထင်လဲ။

အဓိကကတော့၊ တစ်ခုပါပဲ။ သီချင်းတစ်ပုဒ် ဆိုရင် ကိုယ့်အနုပညာ အတွက် နောက်ထပ် ပရိသတ် အတွက် စေတနာပေါ့။ ပြီးရင်ခံစားမှု၊ သီချင်းကောင်း တစ်ပုဒ်ပေါ့။ ပရိသတ်အတွက် သူတို့အနေနဲ့ ရင်ဖွင့် ခံစားလို့ ရမယ့် သီချင်းမျိုးတွေကို တွက်ပြီးလုပ်တယ်။ အဲဒီ ပုံစံမျိုးလေးတွေ လုပ်လာတဲ့ အတွက်ကြောင့် နောက်ပိုင်း သီချင်းလေးတွေ ပရိသတ်နဲ့ ပိုပြီး အပ်စပ်ပြီး ပရိသတ် ကြိုက်တာ များလာတယ်လို့ ယူဆမိပါတယ်။

ဟဲလေးက ကိုယ်ဆိုတဲ့ သီချင်းတွေ ကိုယ်တိုင်ရေး များ သလို တခြားသူတွေ အတွက်လည်း ရေးပေးတယ်နော်။ အခုခေတ်လူငယ်အဆိုတော် တွေကလည်း ကိုယ်တိုင်ရေး များလာတာ တွေ့ရတယ်။ ခိုင်မာတဲ့ တေးရေး၊ တေးဆိုဘ၀ ရဖို့အတွက် ဘာတွေအဓိက ကျလဲ။

ကိုယ့်စတိုင်လ်ကို ကိုယ်သာ အသိဆုံးပါ။ တစ်စုံတစ်ယောက်က ကြည့်ပေးတယ် ဆိုပေမယ့် ကိုယ်တိုင်သာ အသိဆုံးပါ။ ဒါပေမယ့် လည်း ကိုယ်တကယ်ရေးတဲ့ အပေါ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်နေရုံနဲ့၊ ယုံကြည်မှု တစ်ခုတည်းနဲ့ မပြီးသေးဘူး။ ပရိသတ်ရဲ့လက်ခံမှု၊ ကိုယ့် အထက်က အတွေ့အကြုံရှိလူ ကြီးတွေ ညွှန်ကြားမှုနဲ့ သွားရင်တော့ ပိုကောင်းတာပေါ့နော်။ ဘောင်ဝင်တာပေါ့။ ကိုယ့်စိတ်ထဲမှာ ကောင်းတယ်၊ မိုက်တယ် ဆိုပြီး ဇွတ်ချပြတာထက်စာရင် ကိုယ်ချ ပြမယ့်ဟာကို ဝေဖန်စေပြီး ပြင်ဆင်မှုတွေ ပြုလုပ်မယ်ဆို ရင်တကယ် ခိုင်မာတဲ့ တေးရေး တေးဆိုဘ၀ကို ရမှာပါ။

ဟဲလေး ကိုယ်တိုင်ရေး သီချင်းတွေမှာရော ဘယ်အချက်တွေကို အဓိက ဦးစား ပေးရေးလဲ။ ပြီးတော့ သီချင်းတွေ အများကြီး အတွက် အကြောင်းအရာကို ဘယ်ကနေ ရယူခဲ့လဲ။

ကျွန်တော့် ၀န်းကျင်ပါပဲ။ ကျွန်တော်က သီချင်းတွေ ဖန်တီးပြီးလို့ ရှိရင်လည်း ကိုယ့်သူငယ်ချင်းတွေကို ပေးနားထောင်တယ်။ ပြီးတော့ မိသားစုအားလုံးပေါ့။ နောက်ဆုံးအိမ်မှာ မိသားစုကို ၀ိုင်းကူတဲ့ ကောင်မလေးတွေကို တောင်မှ ပေးနားထောင်ပြီး ဝေဖန်မှုရယူတယ်။ သူတို့ဆီ က ပြန်လာတဲ့ ဝေဖန်သံတွေ အပေါ် မူတည်ပြီး ပရိသတ်ထဲ ချပြတဲ့ သီချင်းကောင်း ရအောင် ဖန်တီးပါတယ်။ ရေးတာကတော့ နေရာအနှံ့ပါပဲ။ ခရီးသွားရင်လည်း ရေးဖြစ်တယ်။ အိမ်မှာဆိုရင် ညပိုင်း တွေမှာ ပိုရေးဖြစ်တယ်။ သီချင်း တစ်ပုဒ်စဖို့ အကောင်အထည် ဖော်လိုက်တာနဲ့ကို ချက်ချင်း ရေးဖြစ်သွားပြီ။ ကျွန်တော်က သီချင်းချိုချိုလေး တွေရေးဖြစ်တာများတယ်။

ဟဲလေး ရေးတဲ့ သီချင်းတွေတိုင်းက ကိုယ့်ပတ်ဝန်းကျင်တွေက အကြောင်းအရာတွေပဲ များတာလား။ စိတ်ကူး ယဉ်တွေရော ပါသေးလား။ လက်တွေ့ဘ၀နဲ့ စိတ်ကူးယဉ်မှာ ဘယ်ဘက်ကို ပိုကဲ သွားမလဲ။

သဘာဝ ပတ်ဝန်းကျင်ကို ပိုများပါတယ်။ ဒါပေမယ့် အိုးဆားဗစ်မှာတော့ စိတ်ကူးယဉ် နည်းနည်း ဆန်တာပါတယ်။ ဇာတ်လမ်းလေးတွေ လိုဖွဲ့နွဲ့ထားတဲ့ စက္ကထရီ၊ အိုးဆားဗစ် သီချင်းမျိုးတွေ ပါတယ်။

ဒါဆို အသက်အရွယ်ရ လာတဲ့ အချိန်မှာ စိတ်ကူးပိုယဉ် တတ်လာတယ်လို့ ပြောချင်လား။

အဲလိုတော့ မဟုတ်ပါဘူး။ အကြောင်းအရာတွေ ထပ်သွားမှာ စိုးလို့ပါ။ ကျွန်တော် စိတ်ကူးယဉ်တာတွေက အရမ်းအမြင့်ကြီးတွေ မဟုတ်ပါဘူး။ သဘာဝပတ်ဝန်း ကျင်မှာ လတ်တလော ဖြစ်ပျက်နေတာတွေကို စိတ်ကူး ယဉ်ပြီး ရေးဖွဲ့တာပါ။

ကိုယ့်သီချင်းအတွက် ကိုယ်တိုင်ရေးတော့ အသံနဲ့ မလိုက်ဖက်မှာ စိတ်ပူပန်စရာ ရှိမယ်လို့ မထင်ဘူးနော်။ ဒါ ပေမယ့် အခု တခြားသူတွေ အတွက်ပါ ရေးပေးနေပြီဆို တော့ တေးရေးတစ်ယောက် ရဲ့ခံစားချက်ဆိုရင်...

ဆိုမယ့် သူတစ်ယောက် ချင်းစီရဲ့ စတိုင်လ်နဲ့ လိုက်မယ့်ဟာကို ရေးရတာပဲပေါ့။ ကျွန်တော်ကတော့ မိန်းကလေး သီချင်းတွေ ပိုရေးဖြစ်ပါတယ်။

ဒါဆို မိန်းကလေးတွေရဲ့ ခံစားချက်ကို ပိုနားလည် လို့လား။

မဟုတ်ပါဘူး (ရယ်ပြီး) မိန်းကလေးတွေက ပိုအပ်လို့ပါ။

သူများအတွက် ကုန်ကြမ်းကို ရှာတဲ့နေရာမှာ ထူးထူးခြားခြား စဉ်းစားပြီး တင်ဆက် ပေးရတာမျိုးလား။

ကျွန်တော်က အဓိက ယူဆတဲ့ အရာတွေက ဒီသီချင်း တစ်ပုဒ်ဟာ မိန်းကလေးရော ယောက်ျားလေးရော ခံစားလို့ ရတာမျိုးကို ရေးဖြစ်တာများ ပါတယ်။ သီးသန့်ဆိုတာထက် နှစ်ဖက်စလုံး မျှတ ခံစားလို့ ရတာမျိုးပေါ့။

သီချင်း ရေးနေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို တေးရေး ဆရာလို့ သီးသန့်သဘော ထားမိတာလား။ တေးရေးခံ စားမှု၊ တေးဆိုခံစားမှု သီး သန့်ခွဲခြားထားတာ ရှိလား။

အရမ်း သီးသန့်ကြီး တော့ ခွဲမထားမိပါဘူး။ တေးရေး ဆရာရယ်လို့တော့ မဟုတ်ပါဘူး။ သီချင်းရေး တဲ့ သူပါပဲ။ အဓိက သူ့အသံလေးနဲ့ လိုက်ဖက်ပြီး အောင် မြင်သွားမယ့် သူ့အတွက်ရော ကိုယ့်အတွက်ရော ကျန်ခဲ့မယ့် သီချင်းမျိုးလို့ စိတ်ထားပြီး ရေးမိတယ်။

ဂီတ အမျိုးအစားတွေ အများကြီးထဲက ဟဲလေး ဘယ်နှစ်ခုလောက် ခံစားပြီးပြီလဲ။

ဂီတကိုတော့ အားလုံး ခံစားမိပါတယ်။ ကျွန်တော်တို့ စတင်ချိန်က ရောခ့်ခေတ် လေ။ အဲဒီတုန်းကလည်း ရောခ့်ကိုကြိုက်တာပဲ။ ဂန်း အင်န်ရိုစ့်၊ မက်တယ်လေကာ တို့ကနေတစ်ဆင့် ဒီဘက် ခေတ်ဘတ်စ်စတိဘွိုင်း၊ ၀က်စ်လိုက်ဖ်တို့ကိုလည်း ကြိုက်တာပဲ။ အခု hip hop ထဲက အမ်န်မီနမ်၊ 50 cent တို့လည်း ကြိုက်တာပဲ။ အကုန် ခံစားပြီး အကုန်လည်း ရေးဖူးပါတယ်။ ပန်ခ့်သီချင်းတွေ၊ hip hop ရောခ့်သီချင်းတွေ ရေးခဲ့ဖူးပါတယ်။ တေးရေး ရှုထောင့်ကနေပေါ့။

ဟဲလေး အနေနဲ့ ပရိသတ်ကို လုပ်ပြချင်စရာတွေ ကျန်သေးလား။ ကိုယ်နဲ့ မလိုက်လို့ ဆိုပြီး မလုပ်ရတဲ့ ကိုယ့်အကြိုက် ဂီတမျိုးရော ရှိလား။

ကျွန်တော်က ပေါ့ပ်သီချင်းကိုပဲ ခမ်းခမ်းနားနားကြီး နဲ့ပေါ့။ ပေါ့ပ်ကိုပဲအမြဲဆွေး ဆွေးမြည့်မြည့် မဟုတ်ဘဲ တစ်ခါတလေ ထခုန်၊ တစ် ခါတလေကြွေတဲ့ပုံစံမျိုး ဖန် တီးချင်တယ်။ ပြီးတော့ ဟဲလေးက သီချင်းအေးမှလိုက် တယ်တို့၊ သီချင်းမြူးမှ လိုက်တယ်လို့ ဆိုတာထက် သီချင်းတိုင်းကို မျှပြီး အနှေးအမြန်မျှ ပြီးလိုက်တဲ့ အဆိုတော်ဖြစ်ချင် ပါတယ်။

ကိုယ်ပေးလိုက်တဲ့ အရာကို ပြန်ဆန်းစစ်ပြီး ပရိသတ် အကြိုက်လည်းဖြစ် အောင် ကိုယ့်ရဲ့ဟန်လည်း မပျက်အောင် မျှပြီးလုပ်မယ် ဆိုရင် တေးရေး၊ တေးဆို တစ်ယောက် အနေနဲ့ ပိုပြီးတိုး တက်လာနိုင်တယ်လို့ ဟဲလေးက ယူဆထားပါတယ်။ အဆိုတော်တွေရဲ့ မှတ်တိုင် တစ်ခုလို့ဆိုတဲ့ တစ်ကိုယ် တော် အခွေတွေ လုပ်ပြနိုင်နေ တဲ့ ဟဲလေးက အရင်းအနှီး လည်းကြီး၊ အာရုံစိုက်ရမှု လည်းများတဲ့ အဆိုတော် တိုင်းရဲ့အိပ်မက် တစ်ကိုယ် တော်စင်မြင့် ဖျော်ဖြေပွဲကိုလည်း မက်နေမိသူ တစ်ဦးပါ။ သူ့ရဲ့ ပရိသတ် အတွက် စိတ်ကူး ရှိပေမယ့် အချိန်မတန်သေးဘူး လို့ဆိုတယ်။ နောင်တစ်ချိန်မှာ သီချင်းတွေ မဆိုဖြစ်တော့ ရင်တောင်မှ သီချင်းတွေ ရေး နေသူတစ်ဦး အဖြစ် မြင်တွေ့ ရဦးမှာ ဖြစ်ပြီး အသစ်တွေကို မြေတောင်မြှောက်ပေးချင်တယ် ဆိုတဲ့ ဟဲလေးကို အကယ်၍ ဘ၀ဆက်တိုင်းမှာ ဟဲလေး ဖြစ်ချင်တဲ့ ဘ၀က အခုလို ဘ၀ပဲလားဆိုတော့ “ဒီဘ၀ မှာတော့ ဂီတဘ၀ကို ရရှိနေ ပေမယ်လို့ ဘ၀ဆက်တိုင်းဖြစ် ရမယ်လို့တော့ မဟုတ်ပါဘူး။ ဘ၀ ဆက်တိုင်းဖြစ်ချင်တာ ပြောပါဆိုရင် ဘယ်ဘ၀မှာ ဘာပဲဖြစ်နေဖြစ်နေ လူ့ဘောင်မှာ ကျင်လည် နေသရွေ့ သာသနာပြုနိုင်သူ တစ်ဦးဖြစ်ချင် ပါတယ်”တဲ့ ဇီးရိုး ဘ၀ကနေ စခဲ့တာဖြစ်တဲ့ အတွက် နောက်ထပ် အပေါင်းလက္ခဏာတွေ တိုးပြီး ကိုယ့်မိဘကို ကြည့်ရှု စောင့်ရှောက်ပြီး မိဘကျေ နပ်တဲ့ ဘ၀ကိုရရှိနေတာကို ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

ဟဲလေးက “ကျွန်တော် ကြိုးစားတယ်။ ကျွန်တော့် ကြိုးစားမှု အပေါ် မူတည်ပြီး တုံ့ပြန် အားပေးတဲ့ ပရိသတ် တွေကို ကျွန်တော်ကလည်း အခွေတိုင်းမှာ အကောင်းဆုံး တုံ့ပြန်ပါတယ်။ ဝေဖန်အကြံ ပြုပေးကြပါ။ လိုအပ်ချက်တွေ အကြံပေးပါ” လို့ ပရိသတ်ကို ပြောချင်ပြီး ပရိ သတ်ဆီက ပြန်ရရှိချင်တာ ကတော့ “အားပေးမှုပါပဲ။ အရင်ကထက် နှစ်ဆရမယ်ဆိုရင် လိုချင်ပါတယ်”တဲ့။

ရွှေအမြုတေ အတွက် အလှဓာတ်ပုံ ရိုက်ပေးရင်း မေးသမျှကို ဖြေခဲ့တဲ့ အချိန်က သူ့ရဲ့တတိယမြောက်တစ်ကိုယ် တော် ၀ါရင့်သမ္ဘာရင့် ဥှိုနမလငခန စာနယ်ဇင်းပွဲ အတွက် နှစ်ရက်သာ လိုပါတော့တယ် ဆိုတဲ့ အချိန်မှာပါ။ ရွှေပရိသတ် အတွက်၊ သူ့ရဲ့ပရိသတ် အတွက် အမြဲအဆင့်သင့်ပါ ဆိုတဲ့ စိတ်ထားနဲ့ လုပ်ပေးခဲ့ လို့ ဟဲလေးကို ကျေးဇူးတင် ပါတယ်။ အလှဓာတ်ပုံ ရိုက်ကူးရေး အချိန်ဟာ အမြဲတမ်း လိုလို နာရီများစွာကို ဖဲ့ခြွေယူခဲ့ ပေမယ့် ဟဲလေးရဲ့ သီချင်းခွေ တစ်ခွေအတွက် မျက်နှာဖုံး အလှဓာတ်ပုံ ရိုက်ပေးခဲ့ဖူးတဲ့ ဓာတ်ပုံဥာဏနဲ့ ဟဲလေးရဲ့ထပ်မံ တွေ့ဆုံမှုက နာရီအနည်း ငယ်သာပေးခဲ့ရပါတယ်။ ဖေဖော်ဝါရီလဟာ ချစ်သူများရဲ့ လ တစ်လလို့ ဆိုနိုင်ပေမယ့် အိမ်ထောင် တစ်ခုကို ခိုင်မြဲ ပျော်ရွှင်စွာထူထောင် နေနိုင်တဲ့ ဟဲလေးနဲ့ အချစ်ကြောင်းတွေ မပြောဖြစ်ခဲ့ပါဘူး။ သူ့ရဲ့ တခြား အချစ်တစ်ခုဖြစ်တဲ့ ဂီတအကြောင်းသာ ပြောဖြစ် ခဲ့ပါတယ်။ ဒါပေမယ့် ချစ်သူတွေ အတွက် အဆိုတော်မ လေးတွေနဲ့ အချစ်သီချင်းတွေ ကိုမှတ်တိုင် စိုက်ခဲ့တဲ့ ဟဲလေး အင်တာဗျူးကို ဖေဖော်ဝါရီ ချစ်သူတွေ ကျေနပ်မယ်လို့ ထင်ပါတယ်။


သင်းပပ

0 comments :

Post a Comment