Sunday, May 27, 2012

ဇာတိမြို့ ကလေးကို အမြဲတမ်း သတိရတယ် ဇော်ပိုင်

ဇာတိမြို့ ကလေးကို အမြဲတမ်း သတိရတယ်  ဇော်ပိုင်ကျွန်တော့်ရဲ့ မွေးရပ် ဇာတိမြို့လေးက ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းထဲက ရွာလေး တစ်ရွာ ဖြစ်တဲ့ သက္ကယ်သောင် ကျေးရွာလေးကပါ။ ငယ်ငယ်တုန်းကတော့ ကျွန်တော့် ရဲ့ မွေးရပ် ဇာတိမြို့လေးမှာ အမှတ်တရတွေ အများကြီးပေါ့။ ကျွန်တော်တို့ရဲ့ ရွာလေးက သဲသောင်ပြင်ပေါ်မှာ ရေပတ်ပတ်လည် ဝိုင်းနေတဲ့ ရွာလေးတစ်ရွာပေါ့။ ကျွန်တော် ငယ်ငယ်တုန်း ကဆိုရင် ကျောင်းကနေ ပြန်လာတာနဲ့ လွယ်အိတ်ချ၊

ပြီးတာနဲ့ သူငယ်ချင်းတွေနဲ့ ချိန်းပြီး ညနေကျရင် ဘောလုံးကန်ကြတာတွေက အခုထက်ထိ ပြန်စဉ်းစားရင် ပျော်စရာ အဖြစ်အပျက်လေးတွေလေ။ ပြီးတော့ ကျွန်တော်တို့ ရွာလေးက ဝါဆိုလရောက်တာနဲ့ လှိုင်းအရမ်းကြီးတာ။ တစ်နှစ်တစ်ခါ ရွာထဲကို ရေတွေ ရောက်လာတတ်တယ်။ ဒါကြောင့် မိုးတွင်းပိုင်းရောက်တာနဲ့ တစ်ရွာလုံးက ပျော်ပွဲစားထွက်ကြသလိုမျိုး ဝါလိုလရောက်တာနဲ့ လှိုင်းခုန်ပွဲကို ပြုလုပ်လေ့ရှိကြတယ်။ လှိုင်းခုန်ပွဲဆိုတာက အဲဒီလရောက်ရင် လှိုင်းက အရမ်းကြီးပြီး လှိုင်းလုံးတွေက ခုန်ခုန်တက်လာတော့၊ လှိုင်းတွေစီးကြပေါ့။ ပွဲလေးတစ်ခုလို ဖြစ်နေတာ။ ကျွန်တော်တို့ ရွာလေးရဲ့ အဓိက ထွက်ရှိတဲ့ ဒေသထွက် ပစ္စည်းလေးတွေက ရေလုပ်ငန်းက ရရှိတဲ့ ရေထွက်ပစ္စည်းတွေ ဖြစ်တဲ့ ငါးပိ၊ ငါးခြောက် စတဲ့ ရေထွက်ပစ္စည်းတွေ ထွက်တာပါ။ အဆိုတော်ဖြစ်ပြီးတဲ့ နောက်ပိုင်း ကိုယ့်ရဲ့ ရွာလေးကို အမှတ်တရအနေနဲ့ ပြန်ဖြစ်တယ်။ အခု ကျွန်တော့်ရဲ့ မိဘ မောင်နှစ်မတွေ အကုန်လုံးကတော့ ရန်ကုန်မှာပဲ နေကြတော့တယ်။ အခုနောက်ပိုင်းတော့ ကျွန်တော့်ရဲ့ ရွာလေးကို မပြန်ဖြစ်တာ ကြာခဲ့ပါပြီ။

ရွာလေးအတွက် စိတ်မကောင်းစရာ အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရတာ။ ကျွန်တော့်ရွာလေးကို ပြန်သွားရင် စိတ်မကောင်းစရာ အဖြစ်အပျက်မျိုးတွေ ကြုံရမှာစိုးလို့ပါ။ ကျွန်တော့်ရဲ့ အထက်တန်း ကျောင်းသေားဘဝက ပုသိမ်မြို့မှာ ကုန်ဆုံးခဲ့တာပါ။ အထက်တန်း ကျောင်းသားဘဝရဲ့ အမှတ်တရ အိပ်မက်တွေကတော့၊ ပုသိမ်မြို့ ဆောက်လုပ်ရေး ဝန်းထဲမှာ ကျွန်တော်တို့ သူငယ်ချင်းတွေ အပျော်တမ်း တေးဂီတဝိုင်းလေး ပြုလုပ်ပြီး၊ ဂစ်တာတီး၊ သီချင်းတွေ ဆိုခဲ့ကြတာတွေလည်း ငယ်ဘဝရဲ့ ပျော်စရာ အိပ်မက်တွေပါ။ ကျွန်တော့်ရဲ့ မွေးရပ် ဇာတိလေးဖြစ်တဲ့ သက္ကယ်သောင်ရွာလေးကို တစ်ခါ၊ တစ်ခါ အိပ်မက်မက်ဖြစ်တယ်။ အိပ်မက်ထဲမှာ သူငယ်ချင်းတွေ နဲ့ တွေ့တယ်။ သူငယ်ချင်းတွေကို အမြဲတမ်း သတိရ ဖြစ်နေပါတယ်။ ကျွန်တော့်လိုပဲ နယ်ကနေ တက်လာပြီး ဝါသနာကို အရင်းခံပြီး၊ ရန်ကုန်မှာ အောင်မြင် ကျော်ကြားနေတဲ့ အနုပညာရှင်တိုင်း၊ ကိုယ့်ရဲ့ မွေးရပ် ဇာတိလေးကို အမြဲတမ်း သတိရနေကြမှာပါ။ မပြန်ဖြစ်ခဲ့ရင်တောင် အိပ်မက်ထဲမှာ သတိရ လွမ်းဆွတ်မိရင်း သတိရနေကြမှာတော့ သေချာပါတယ်လို့ ပြောလိုက်ချင်ပါတယ်။

0 comments :

Post a Comment