ကျောင်းဖွင့်ချိန်များ နီးကပ်လာပြီဖြစ်ရာ ကချင်စစ်ပြေးဒုက္ခသည် ကျောင်းသူကျောင်းသားများ အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ၂ဝ၁၂-၂ဝ၁၃ ခုနှစ် ပညာသင်နှစ်အတွက် အခမဲ့ သင်ကြားပေးမည်ဟု ကြာသပတေးနေ့ KIO ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
KIO က ထိန်းချုပ်နယ်မြေအတွင်းတွင် စစ်ပြေးဒုက္ခသည် ကျောင်းသူကျောင်းသား စုစုပေါင်း ၅,ဝဝဝ ကျော်ရှိမည်ဟု ခန့်မှန်းထားပြီး ဒုက္ခသည် စခန်းပေါင်း ၅ဝ ကျော်ရှိရာ စခန်းတိုင်းတွင် ယာယီစာသင်ကျောင်းများဖွင့်လှစ်၍ ပညာသင်ကြားပေးသွားမည်ဟု စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီ တာဝန်ခံ အရပ်ဘက်အရာရှိ ဦးဒွဲပီဆား က ပြောသည်။
“ဒီနှစ် ပညာသင်နှစ်အတွက် ကျောင်းသားတွေအတွက် ပိုက်ဆံကောက်ခံတာ မလုပ်ဘဲ တတ်နိုင်သလောက် အခမဲ့ သင်ပေးမယ်။ ကျောင်းသားမိဘတွေ ဝင်ငွေမရှိဘူး။ စစ်ပြေးဘဝဖြစ်နေတဲ့အတွက် ပိုက်ဆံမကောက်ဖို့ မနေ့က ဗဟိုကော်မတီက ဆုံးဖြတ်လိုက်တယ်” ဟု မဇ္ဈိမကို ပြောသည်။
အလယ်တန်းကျောင်း ၆ ကျောင်းနှင့် မူလတန်းကျောင်း ၂ဝ မှ ၃ဝ ခန့်ထိ ဆောက်လုပ်ပေးသွားရန် စီစဉ်နေသည်ဟု ဆိုသည်။ ကျောင်းဆရာ၊ ဆရာမများကိုမူ မိုင်ဂျာယန်မှ ဆရာအတတ်သင်ကျောင်း ဆင်း ကျောင်းဆရာ၊ ဆရာမများနှင့် ပြည်သူများမှ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများဖြင့် သင်ကြားပေးနိုင်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။
သို့သော် မြစ်ကြီးနားမြို့သို့ ရောက်လာသော စစ်ပြေးဒုက္ခသည် ကျောင်းသူ၊ ကျောင်းသားများအ တွက်မူ ကျောင်းစရိတ် အခမဲ့တက်ခွင့် ရရေး/မရရေး ယခုထိ မသိရသေးကြောင်း ဒုက္ခသည်များကို ကူညီနေသည့် သိက္ခာတော်ရ ဆရာတဦးက ပြောသည်။
“ကျောင်းသားအဟောင်းတွေ အပ်နေပြီး။ ဒါပေမယ့် ကျနော်တို့မှာရှိတဲ့ ကျောင်းသားတွေကိုတော့ တရက်တည်းမှာ အားလုံးကို လက်ခံမယ်၊ ကျောင်းအပ်ခ ကောက်မယ်၊ မကောက်ဘူးဆိုတာတော့ မသိသေးဘူး”ဟု မဇ္စျိမကို
ပြောသည်။
ပန်ဝါမြို့နယ်ခွဲအတွင်း အစိုးရတပ်များနှင့် KIO တပ်ဖွဲ့များအကြား တိုက်ပွဲကြောင့် ပန်ဝါဒေသ အထက်ပိုင်းရှိ ဖရဲနှင့် လဂွေကျေးရွာများမှ ဒေသခံများ တရုတ်-မြန်မာ နယ်ခြားမှတ်တိုင် ၆ နှင့် ၇ နေရာများသို့ ထပ်မံ ရောက်ရှိလာသဖြင့် စစ်ပြေးဒုက္ခသည် ၃,ဝဝဝ ဦးခန့် တိုးမြင့်လာသည်ဟု ဦးဒွဲပီဆားက ပြောသည်။
ထို့ပြင် လိုင်ဇာမြို့အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာအချို့ လိုင်ဇာဒုက္ခသည်စခန်းသို့ ထပ်မံ ရောက်ရှိသွားပြီး တချို့မှာမြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေမြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိသည်ဟု ဆိုသည်။
ထို့ကြောင့် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် နှစ်ခြင်းအသင်းတော် ဘုရားကျောင်းရှိ ဒုက္ခသည်စခန်းသို့ ချီဖွေမြို့နယ် ဘက်မှ စစ်ပြေးဒုက္ခသည် ၆ဝ ကျော် ထပ်မံ ရောက်ရှိလာသည်ဟု အသင်းတော်မှ သိက္ခာတော်ရ ဆရာတဦးကပြောသည်။
အလားတူ မေလဆန်းပိုင်းက ဆွမ်ပရာဘွမ်မြို့နယ် ခဂရန်းယန် ကျေးရွာ အခြေစိုက်ထားသည့် အစိုးရ၏ ခလရ ၁၃၈ တပ်စခန်းအား KIO ဘက်မှ သိမ်းပိုက်လိုက်ပြီးနောက် အစိုးရတပ်ဖွဲ့မှ ၎င်းကျေးရွာအနီးအနားရှိ ကျေးရွာသားများအား
ခြိမ်းခြောက်မှုများရှိသဖြင့် ဒေသခံ ၂ဝ ဦးခန့် မြစ်ကြီးနားမြို့သို့ ထွက်ပြေးလာသည်ဟုလည်း သိရသည်။
ဒုက္ခသည်များအတွက် စားဝတ်နေရေး လုံလောက်မှု မရှိသော်လည်း မိုးတွင်းဝင်လာပြီ ဖြစ်၍ ဒုက္ခသည်စခန်းများ ခိုင်ခန့်ရန် ပြန်လည် ပြုပြင်ပေးခြင်း၊ ကျောင်း အဆောက်အအုံများကို ဆောက်လုပ်နေရာ မိုးကာလုံလောက်မှု မရှိသဖြင့် သွပ်ပြားများကို ပြန်လည် အသုံးပြုနေရသည်ဟု ဦးဒွဲပီဆားက ပြောသည်။
ကုလသဂ္ဂ အဖွဲ့အစည်းများက ဧပြီတွင်းက တရုတ်နယ်စပ် မိုင်ဂျာနယ်နှင့် ဆဒုံးမြို့နယ်ခွဲအတွင်းရှိ စစ်ပြေးဒုက္ခသည် များ အတွက် တလစာ ထောက်ပံ့ခဲ့သော်လည်း ထပ်မံ ထောက်ပံ့ခြင်း မရှိသေးပေ။
၂ဝ၁၁ ခုနှစ် ဇွန်လမှစတင်၍ အစိုးရနှင့် KIO တို့ တိုက်ပွဲများကြောင်း အိုးအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသူ ၈ဝ,ဝဝဝ နီးပါး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
အစိုးရဘက်မှ စစ်အင်အား လျော့နည်းခြင်းမရှိသေးဘဲ ယမန်နေ့ထိ ဝိုင်းမော်မြို့နယ် အင်ပွန်ကျေးရွာအနီးနှင့် ဆဒုံးမြို့နယ်အတွင်း KIO ၏ တပ်ရင်း ၃ နယ်မြေနှင့် တိုက်ပွဲငယ်များ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု ဆိုသည်။
အစိုးရ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ မေလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ နယ်စပ်တနေရာတွင်တွေ့ဆုံခဲ့ပြီးနောက် ယခုလကုန်ပိုင်းတွင် တရုတ်နယ်စပ် တနေရာတွင် ပြန်လည် တွေ့ဆုံရန် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု သိရသည်။

0 comments :
Post a Comment