Tuesday, May 29, 2012

မြန်မာနိုင်ငံ ခရီးစဉ် အကြို အိန္ဒိယ ဝန်ကြီးချုပ်၏ ကြေညာချက်

ကျွန်ုပ်အနေဖြင့် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်ဖြင့် မေလ ၂၇ ရက်နေ့မှ မေလ ၂၉ ရက်အထိ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည် ဖြစ်ပါသည်။

ဤ ခရီးစဉ်သည် ကျနော်၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်လည်း ဖြစ်သည်။ ထို့ပြင် လွန်ခဲ့သည့် ၂၅ နှစ်အတွင်း အိန္ဒိယ ဝန်ကြီးချုပ် တယောက်၏ ပထမဆုံး မြန်မာ ခရီးစဉ်လည်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ အနေဖြင့် အိမ်းနီးချင်း မိတ်ဆွေနိုင်ငံ တနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို အထူး အလေးအနက်ထားသည်။ နှစ်နိုင်ငံ ဆက်ဆက်ရေး တိုးတက် ခိုင်မြဲလာမှုကိုလည်း မကြာသေးသော နှစ်များက သက်သေပြလျက် ရှိပေသည်။ ကျွန်ုပ်၏ ယခု မြန်မာနိုင်ငံ ခရီးစဉ်သည် ယမန်နှစ် အောက်တိုဘာလ အတွင်းက မြန်မာနိုင်ငံတော် သမ္မတ၏ အလွန်အောင်မြင်ခဲ့သော အိန္ဒိယ ခရီးစဉ်အတွင်းတွင် ချမှတ်ခဲ့ကြသည့် ဆုံးဖြတ်ချက်များ အား မည်မျှ အကောင်အထည် ဖော်နိုင်သည် ဆိုသည်ကို ပြန်လည် သုံးသပ်ရန် အခွင့်အရေး တရပ်ပင် ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့ အနေဖြင့် နှစ်နိုင်ငံ အစီအစဉ်သစ်များကိုလည်း ပြုလုပ်ရန် စဉ်းစားကြမည် ဖြစ်ပြီး လာမည့်နှစ်များ အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် လမ်းပြမြေပုံ တခုကိုလည်း သတ်မှတ်ကြမည်ဖြစ်သည်။

ပိုမို ကောင်းမွန်သည့် ကုန်သွယ်ရေး လမ်းကြောင်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖော်ဆောင်ရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးရေး၊ နှစ်နိုင်ငံ ဆက်သွယ်မှု တိုးမြှင့်ရေး၊ စွမ်းဆောင်ရည်များ မြှင့်တင်ရေးနှင့် လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးတို့သည် ကျွန်ုပ်၏ ခရီးစဉ်အတွင်း အလေးထား၍ ဆွေးနွေးဖွယ်ရာရှိသည့် အကြောင်းအရာများ ဖြစ်ကြသည်။ ထို့ပြင် နှစ်နိုင်ငံ သဘောတူညီချက်များ၊ နားလည်မှု စာချွန်လွှာများအား လက်မှတ်ရေးထိုးဖွယ်ရာ ရှိပြီး နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ကာ ပြည်သူအချင်းချင်း တိုက်ရိုက် ထိတွေ့ဆက်ဆံရေးကိုလည်း မြှင့်တင်မည် ဖြစ်သည်။

အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲ ကျင့်သုံး အုပ်ချုပ်နေမှုနှင့် မြန်မာအစိုးရ၏ အားလုံး ပါဝင်သည့် အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အတွက် ဆောင်ရွက်နေသည့် ခြေလှမ်းများကို ကြိုဆိုသည်။ ကျွန်ုပ်တို့ အနေဖြင့် မြန်မာနိုင်ငံအား ကျွန်ုပ်တို့၏ ဒီမိုကရေစီ အတွေ့အကြုံများကို မျှဝေပေးရန်လည်း အသင့် ရှိနေပေသည်။

ရန်ကုန်တွင် ကျွန်ုပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အခွင့်အရေးတရပ် ရရှိမည် ဖြစ်သည်။ ကျွန်ုပ် အနေဖြင့် မြန်မာ့ လူမှုအဖွဲ့အစည်းမှ အုပ်စုတခုအား သတင်းစကားများ ပြောကြားခွင့် ရရှိမည်ဟု မျှော်လင့်သလို အိန္ဒိယနှင့် အိန္ဒိယ အနွယ်ဝင်များနှင့် ထိတွေ့ဆက်သွယ်ခွင့် ရရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။

နှစ်နိုင်ငံ၏ တူညီသော သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုများက နှစ်နိုင်ငံနေ ပြည်သူများ၏ ဆက်ဆံရေးကို တိုးမြှင့်ပေး လိမ့်မည် ဖြစ်သည်။ ကျွန်ုပ်အနေဖြင့် နှစ်ပေါင်း ၂,၆ဝဝ နီးပါးက ဗုဒ္ဓအမွေအနှစ် ဖြစ်သည့် သမိုင်းဝင် ရွှေတိဂုံဘုရား သို့လည်း သွားရောက် ဖူးမြော်ရန် မျှော်လင့်ထားပြီး အိန္ဒိယ၏ နောက်ဆုံး ဧကရာဇ် Bahadur Shah Zafar အား မြှုပ်နှံထားရာနေရာ သို့လည်း ရန်ကုန်တွင် သွားရောက်လည်ပတ်ရန် မျှော်လင့်ထားသည်။

ကျွန်ုပ်တို့ အနေဖြင့် မြန်မာအစိုးရနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအား ဆက်လက်၍ ရင်းနှီးစွာ ဆက်ဆံကာ ပူးပေါင်းဆောင်ရွက်ကာ နှစ်နိုင်ငံ အပြန်အလှန်အကျိုးရှိရေး အတွက် ဆက်လက် ဆောင်ရွက်သွားပါမည်။

0 comments :

Post a Comment