ခင်ဘုဏ်းက လတ်တလောမှာ အလွမ်းဝေဒနာကို ခံစားနေရပါတယ်။ သူ့ရဲ့ ခင်ပွန်းဖြစ်သူကိုသက်က လောလောဆယ်မှာ အမေရိကက သူ့ရဲ့အလုပ်ရှိရာကို ခဏပြန်သွားတဲ့အတွက် ဒီမှာတော့ ခင်ဘုဏ်းတစ်ယောက်တည်းပဲ ဖြစ်နေတယ်လို့ သိရပါ တယ်။ ကိုသက်က လက်ရှိမှာအမေရိကကို ရောက်နေပေမယ့် ခင်ဘုဏ်းရဲ့အခွေအတွက်ကိုတော့ သီချင်းတွေအားလုံး တီးပေးသွားပြီးပြီလို့ သိရပါတယ်။
”သူရဲ့ အတီးပိုင်းတွေအားလုံးတော့ ပြီးသွားပြီ။ အပုဒ်ရေက ၂၅ပုဒ်လောက် ရှိမယ်။ အဲဒီထဲက ပြန်ရွေးရမှာ။ အစ်မကသာ မအား လို့ မဆိုဖြစ်သေးတာ။ အခွေထွက်မယ့် အချိန်မှာ သူအားလို့ ခွင့်ရခဲ့ရင်တော့ ပြန်လာမှာပါ”လို့ ခင်ဘုဏ်းက ပြောပါတယ်။
ခင်ဘုဏ်းနဲ့ ရွှေထိုက်ဆိုတာလည်း တစ်ချိန်က လူငယ်ပရိသတ်ကြားမှာလက်တွဲညီခဲ့တဲ့ အတွဲတစ်တွဲပါ။ အရင်တုန်းက ကလေးဘဝကို တစ်ခါတလေ ပြန်လိုချင်တယ်ဆိုတဲ့ ခင်ဘုဏ်းက…”တစ်ခါတလေကျရင်တော့ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့တဲ့ ဘဝလေးတွေက တကယ်အမှတ်တရဖြစ်တယ်။ ကလေးလည်း ဆန်ပြီးတော့ သိပ်ပျော်ဖို့ကောင်းတယ်။ တစ်ခါတစ်ခါတော့ အဲဒီလိုဘဝမျိုးလေးကို ပြန်လိုချင်တယ်။ ခုနောက်ပိုင်းတော့ ကိုယ့် အလုပ်နဲ့ကိုယ်ရှုပ်နေကြတာဆိုတော့ သိပ်မတွေ့ဖြစ်ကြဘူး။ သီချင်းကလည်း ကိုယ့်အခွေနဲ့ ကိုယ်ရှုပ်နေကြတာဆိုတော့ နောက်ထပ် တွဲလုပ်ဖို့ စီစဉ်ထားတာမျိုးတော့ လောလောဆယ် မရှိသေးဘူး”လို့ ပြောပါတယ်။
ခင်ပွန်းဖြစ်သူ အမေရိကကို ပြန်သွားတာ တစ်လလောက်သာ ရှိသေးသော်လည်း လွမ်းနေရတဲ့သူက ခင်ဘုဏ်းပါပဲ။ လွမ်းနေ တဲ့ခင်ဘုဏ်းကို သားသမီးယူဖို့ကော စဉ်းစားနေပြီလားလို့ မေးတော့”ယူဖို့တော့ မစဉ်းစားရသေးပါဘူး။ တခြားလုပ်စရာလေး တွေလည်းရှိလို့ပါ။ ဘယ်တော့ယူမယ်ဆိုပြီး စဉ်းစားထားတာတော့ မရှိပါဘူး။ အားလုံးအဆင်ပြေမယ့် အချိန်ပေါ့။ လူလည်းအား၊ စိတ်လည်းအား၊ အဲဒီလို အေးအေးလူလူရှိမယ့် အချိန်မှပဲယူဖို့ စဉ်းစားထားပါတယ်”လို့ပြောပါတယ်။
အခုလတ်တလောမှာတော့ ခင်ဘုဏ်းကရှိုးတွေလည်း ဆက်တိုက် ဆိုဖြစ်နေပြီး သူ့ရဲ့ အခွေအတွက်ကတော့ အတီးပိုင်းတွေ အားလုံးက တီးပြီးသွားပြီဖြစ်လို့ သူဆိုဖို့ အပိုင်းတွေပြီးရင်တော့ ထွက်ရှိလာနိုင်တော့မှာဖြစ်တယ်လို့ သတင်းပေးပါတယ်။
ရဲရဲ
0 comments :
Post a Comment