ဂျောက်ဂျက်က သူ့ရဲ့ဗီစီဒီကို အောက်တိုဘာလ ကုန်မှာထွက်ဖို့ စီစဉ်ထားပေမယ့် ဘုတ်ထောင်ဖို့ ရက်စောင့် နေတာကြောင့် နိုဝင်ဘာ ၁၅ ရက် နေ့မှပဲ အတိအကျ ထွက်ရှိမယ် လို့ သတင်း ပေးပါတယ်။ အောက်တိုဘာ ၂၇ ရက် နေ့က ဂျောက်ဂျက် ရဲ့မွေးနေ့ ဖြစ်တာကြောင့် မွေးနေ့မှာ ဘာလုပ်မလဲ ဆိုတော့ ရွှေဘိုမှာ ရှိုးဆိုဖို့ ရောက်နေမှာ ဖြစ်တဲ့အတွက် ထူးထူးခြားခြားတော့ မရှိပါဘူးလို့ ပြောပါတယ်။ ရှိုးတွေလည်း ဆက်တိုက်လို ဆက်နေတဲ့ ဂျောက်ဂျက်က ရှိုးတက်ခါနီးရင် အမြဲတမ်း သေချာ ပြင်ဆင်တယ်လို့ ပြောပါတယ်။ ”သီချင်းပိုင်း ဆိုင်ရာလည်း အဓိကပြင်တယ်။ စီဒီတောင်အိမ်မှာ လွယ်လွယ်ကူကူ မခုတ်တော့ဘူး။ စတူဒီယိုမှာ သွားပြီး အသံသေချာ ချိန်းပြီးတော့မှ ရှိုးမှာဆိုတယ်။ အဝတ်အစားပိုင်း ဆိုရင်လည်း အချိန်ရတယ် ဆိုရင် ကျွန်တော့အဒေါ်တွေ ရှိတဲ့ နိုင်ငံခြားက လှမ်းမှာတယ်။ တအား နီးရင် တော့ တစ်ရက်နှစ်ရက် အလိုလောက်မှ ဒီကပဲ ဝယ်ဖြစ်တယ်”လို့ ပြောပါတယ်။ နိုဝင်ဘာလထဲမှာ ဂျောက်ဂျက်တို့ အုပ်စုတွေ နောက်တစ်ကြိမ် ရုပ်ရှင် ထပ်ရိုက်မယ်လို့ ကြားမိတာကြောင့် မေးကြည့်တော့ ”ကျွန်တော်တော့ မပါပါဘူး။ ရုပ်ရှင်လည်း ထပ်ရိုက်မှာ မဟုတ်ဘူး။ အစကတည်းက ဝါသနာကို မပါတာ။ ရုပ်ရှင်ရိုက်ဖို့ စိတ်ကူး မပြောနဲ့ ခုရှိုး ရိုက်တာတောင် ကင်မရာရှေ့မှာ နေရတာတမျိုးကြီး” လို့ပြောပါတယ်။ ဂျောက်ဂျက်က ဗီစီဒီ ထွက်ပြီးတာနဲ့ ဒုတိယအခွေက ပြီးနေပြီ ဖြစ်တာကြောင့် အချောသပ်ပြီး နောက်နှစ်ဆန်းမှာ ထွက်ရှိမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
ရဲရဲ

0 comments :
Post a Comment