Saturday, May 26, 2012

အောင်မြင်မှုများနဲ့ ခရီးဆက်နေတဲ့ JYJ


လက်ရှိ ကမ္ဘာလှည့်ဖျော်ဖြေရေး လုပ်နေတဲ့ ကိုရီးယား အဆိုတော်အဖွဲ့ JYJ အကြောင်းကို ရတီပရိသတ်များနဲ့ မိတ်ဆက်ပေး လိုပါတယ်။ JYJ ဆိုတာကတော့ ယောက်ျားလေး ၃ ယောက်ပါတဲ့ ကိုရီးယား အဆိုတော် အဖွဲ့ ဆိုတာ သိပြီးသားဖြစ်မှာပါ။ သူတို့အဖွဲ့ဟာ ၂ နှစ် ၃ နှစ်ဆိုတဲ့ အချိန်တိုတို အတွင်း တောင်ကိုရီးယား၊ ဂျပန်နဲ့ အာရှတစ်လွှားအပြင် တောင်အမေရိက အထိပါ ရေပန်းစားလာတဲ့ အဖွဲ့ဖြစ်ပါတယ်။ ယခင်ကတော့ TVXQ အဖွဲ့ဝင်များဖြစ်ပြီးတော့ JYJ ဆိုတာက အဖွဲ့ဝင်များ ဖြစ်တဲ့ ဂျွန်ဆု၊ ယိုးချန်နဲ့ ဂျယ်ဂျောင်း (JUNSU, YOO CHUN, JEJUNG) တို့ရဲ့ နာမည်တွေရဲ့ ရှေ့ဆုံးအက္ခရာကိုယူပြီး JYJ လို့ ခေါ်ဝေါ်တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပထမဆုံး အခွေဟာဆိုရင် ဂျပန်မှာ Oricon Chart ရဲ့ နံပါတ် ၁ အထိရောက်ရှိ ခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ် နှစ်ကုန်မှာတော့ The Biginning ဆိုတဲ့ အယ်လ်ဘမ်နဲ့ တစ်ကမ္ဘာ လုံးကို စဖြန့်တဲ့အခွေ ထွက်ခဲ့ပါတယ်။ ကိုရီးယား ဘာသာနဲ့ ပထမဆုံး တေးအယ်လ်ဘမ် ကိုတော့ ၂ဝ၁၁ ခုနှစ် စက်တင်ဘာမှာ ထွက်ခဲ့ပါတယ်။ POP, R & B သီချင်း များကို သီဆိုတာဖြစ်ပြီး ယိုးချန် ၂၅ နှစ်က Rapper ဖြစ်ပါတယ်။ အဆိုပိုင်းမှာ ဂျယ်ဂျောင်း ၂၆ နှစ်က ခေါင်းဆောင်ဖြစ်ပြီး ဂျွန်ဆု ၂၅ နှစ်ကတော့ အကမှာ အဓိကလူ ဖြစ်ပါတယ်။

ဂျွန်ဆု
ဂျွန်ဆုဟာ အဆိုတော် လုပ်တဲ့အပြင် သီချင်းလည်းရေးသလို တစ်ခါ တစ်ရံ သရုပ်ဆောင် အလုပ်ကိုလည်း လုပ်ပါသေးတယ်။ အဖွဲ့လိုက်မဟုတ်ဘဲ သူ့ရဲ့ ဂီတနဲ့ သရုပ်ဆောင်စွမ်းရည်၊ ပေါ်ပြူလာဖြစ်မှုတွေကြောင့် ရခဲ့တဲ့ဆု တွေကလည်း ၁ဝ ဆုမက ရှိခဲ့ပါတယ်။

ဂျယ်ဂျောင်း
အလားတူ ဂျယ်ဂျောင်းကလည်း အဆိုတော်၊ သီချင်းရေးဆရာ၊ သရုပ် ဆောင် မင်းသားအပြင် ဒါရိုက်တာပါ လုပ်ပါသေးတယ်။ YJ’s 2011 Worldwide Tour
နဲ့ the 2011 LG Whisen Rhythmic All Stars တို့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးလည်း ဖြစ်ပါတယ်။ Protect the Boss စတဲ့ ဇာတ်လမ်းမှာသရုပ်ဆောင်ခဲ့ပြီး သူ့အနေနဲ့အဖွဲ့လိုက်မဟုတ်ဘဲ တစ်ကိုယ် တော်ရထား တဲ့ဆုတွေကတော့ လူကြိုက်များမှုနဲ့ သရုပ်ဆောင်ကောင်းမှုတို့ ကြောင့် ရတာများပြီး စုစုပေါင်း ၈ ဆုရထားပါတယ်။ ဆိုးလ်ကို ခက်ခက် ခဲခဲနဲ့ရောက်လာပြီး အလုပ်မျိုးစုံကြိုးစားလုပ်ရင်းကနေ အခုလို အောင်မြင် လာတာ ဖြစ်ပါတယ်။

ယိုးချန်
သူ့ကိုတော့ Micky Yoochun လို့လည်း သိကြပါတယ်။ သီချင်းလည်းဆို၊ သီချင်းလည်းရေးတဲ့ အပြင် သရုပ်ဆောင်ပိုင်းမှာလည်း အောင်မြင်သူ ဖြစ်ပါတယ်။ ဆောင်ကြာဂွမ် အရှုပ်တော်ပုံ (Sungkyunkwan Scandal) ဆိုတဲ့ ဇာတ်ကားနဲ့ ကိုရီးယားနဲ့ အာရှပရိသတ်တွေ ကြိုက်ခဲ့ကြတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။ ဒီဇာတ် ကားနဲ့ပဲ ဆုတွေများစွာ ရရှိခဲ့ပါတယ်။ စန္ဒရားနဲ့ ဂစ်တာတီးလည်း ကျွမ်းကျင်ပါတယ်။ ကျန်တဲ့အဖွဲ့သား ၂ ဦးထက်စာရင် အနုပညာပိုင်း မှာ သူ့ရဲ့အောင်မြင်မှု က ရှေ့ပြေး ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂ဝဝ၁ ခုနှစ်ကတည်းက American Singing Competition (Virginia) မှာ ပြိုင်ပွဲဝင်တွေထဲမှာ အကောင်းဆုံး အဆိုတော်ဆု ရခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ သူဟာ ဆိုးလ်မှာမွေးခဲ့ပြီး ၆ တန်းမှာ အမေရိကန်နိုင်ငံကို မိသားစုနဲ့ အတူ ပြောင်းရွှေ့ခဲ့ပြီး အထက်တန်းပြီးမှ တောင်ကိုရီးယားကို ပြန်လာ ခဲ့သူ လည်း ဖြစ်ပါတယ်။



ခရီးလှည့်လည်ဖျော်ဖြေရေးပွဲများ

၂ဝ၁ဝ ခုနှစ်မှာ Thanksgiving Live in Dome အမည်နဲ့ ပြုလုပ်တဲ့ ပွဲများအတွက် ဂျပန်နိုင်ငံတိုကျိုနဲ့ အိုဆာကာတို့မှာ သွားရောက်ဖျော်ဖြေခဲ့ ပါတယ်။ အဲဒီနှစ်မှာပဲ The Beginning Showcase World Tour ကို ဆင်နွှဲခဲ့ရာမှာ တောင်ကိုရီးယား ကနေ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဟောင်ကောင်၊ တိုင်ပေ၊ ရှန်ဟိုင်းနဲ့ အမေရိကန်ရဲ့ အထင်ကရမြို့များကို လှည့်လည် ဖြေဖျော်ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ်တည်းက စတင်ခဲ့ပြီး ယခုနှစ် ၃ လပိုင်းအထိ ဆင်နွှဲမယ့် JYJ World Tour Concert in 2011
မှာတော့ ထိုင်း၊ တရုတ်၊ အမေရိကန် စသဖြင့် ခရီးစဉ်များကို ခြေဆန့်ရုံတင်မက ဂျာမနီ၊ စပိန်၊ ချီလီ အပြင် ပီရူးနိုင်ငံများအထိပါ သွားရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ တောင်အမေရိကမှာ Solo Concert လုပ်တဲ့ ကိုရီးယားရဲ့ ပထမဆုံး အဖွဲ့ ဖြစ်လာပါမယ်။

အဖွဲ့လိုက်ရရှိခဲ့သောဆုများ

ရရှိခဲ့တဲ့ဆုတွေကတော့ 7th Channel V Thailand Music Video Awards ပွဲမှာ ပေါ်ပြူလာအဖြစ်ဆုံး အာရှအနုပညာရှင်အဖွဲ့ဆုကို The Beginning အခွေနဲ့ရရှိ ခဲ့ပြီး KBS Best Icon Award ပွဲမှာလည်း Top Idol Star ဆုအပြင် So-Loved Awards 2011 (European K – Pop Awards) လို့ခေါ်တဲ့ ဆုပေးပွဲ မှာတော့ In Heaven အခွေနဲ့ အကောင်းဆုံး ယောက်ျားလေး အဆိုတော် အဖွဲ့၊ အကောင်းဆုံး သီချင်းဗီဒီယိုနဲ့ အကောင်းဆုံး အယ်လ်ဘမ်ဆုများ ၃ ဆုကို တစ်ခွေတည်းနဲ့ သိမ်း ပိုက်နိုင်ခဲ့ပါတယ်။

လူမှုဝန်ထမ်းအလုပ်များလည်း အားဖြည့်ကူညီ

ကုလသမဂ္ဂရဲ့ UNAIDS အတွက် ချစ်ကြည်ရေး သံတမန်များဖြစ်တဲ့ JYJ ဟာ AIDS နဲ့ ပတ်သက်တာတွေကို မီဒီယာကနေ ပညာပေးလုပ်ခဲ့ပါ တယ်။ ၂ဝ၁၁ ခုနှစ် အကုန်မှာလည်း ဆူဒန်နိုင်ငံတောင်ပိုင်းမှာ သရက်ပင် ၂ သောင်းစိုက်နိုင်ဖို့ ရန်ပုံငွေ ရှာဖွေပေးခဲ့ပါတယ်။ 2010 G-20 Seoul summit အတွက် ပရိုမိုးရှင်းများပြုလုပ် ရာမှာ JYJ ဟာ နာမည်ကြီး အနုပညာ ရှင်များဖြစ်တဲ့ ကင်မ်ယူနာ၊ ပက်ဂျီဆန် စသူများနဲ့ အတူပါဝင်ခဲ့သလို အစိုးရရဲ့ စီမံကိန်း အမျိုးမျိုးမှာလည်း ချစ်ကြည်ရေး သံတမန် အဖြစ် ပါဝင်ဆောင်ရွက်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ပြည်ပအခြေစိုက် ကိုရီးယားလုပ်ငန်းရှင်များရဲ့ World Overseas Korean Trader’s Association နဲ့ New 7 Wonders of the World ဖြစ်တဲ့ ဂျယ်ဂျူကျွန်းတို့ရဲ့ ချစ်ကြည်ရေး သံတမန်များဖြစ်ကြပြီး အခြားမြောက်မြားစွာသော အားကစားနဲ့ နိုင်ငံတကာက လှုပ်ရှားမှုမျိုးစုံမှာ ပါဝင်ခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ် နျူကလီးယား လုံခြုံမှုထိပ်သီး အစည်းအဝေးရဲ့ သံတမန်များလည်းဖြစ်ပါတယ်။

ပရိသတ်အချစ်ကို တုံ့ပြန်တတ်

Lotte Duty Free, LG, Nature Republic, NII, Penzal Q တို့ရဲ့ မော်ဒယ်များဖြစ်သလို ၂ဝ၁ဝ ခုနှစ်ရဲ့ ကြော်ငြာဝင်ငွေ အကောင်းဆုံး ကိုရီးယားစတား စာရင်းဝင် များဖြစ်ကြတဲ့ သူတို့ဟာ အလှူအတန်းမှာလည်း ရက်ရောပါတယ်။ JYJ ဟာ World Tour 2010 က ရတဲ့အမြတ်တွေကို World Vision ကို လှူခဲ့သလို ၂ဝ၁၁ ဂျပန် ငလျင်နဲ့ ဆူနာမီဘေးသင့် သူတွေ အတွက်လည်း World Vision ကတစ်ဆင့် ဝမ်သန်း ၆ဝဝ လှူခဲ့ပါတယ်။ သူတို့ပရိသတ်တွေကို ဘယ်လောက် ချစ်ကြောင်း၊ အားပေး ကြောင်း နည်းအမျိုးမျိုးနဲ့ ပြခဲ့ပါတယ်။ သူတို့ကို အားပေးခဲ့တဲ့ ပရိသတ်များကို ကျေးဇူးဆပ်ရာ ရောက်သလို ပရိသတ်အတွက်လည်း ခွန်အားရအောင် လုပ်ပေးနိုင်တဲ့  JYJ ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ထိုင်းမှာရေကြီးတော့လည်း JYJ က ဝမ်သန်း ၂ဝဝ လှူခဲ့ပြန်ပါတယ်။ ဗီဒီယိုနဲ့ Message တွေ ပရိသတ်ဆီပို့ပေးပြီး ထိုင်းပရိသတ်ကို အားပေးခဲ့ပါတယ်။ ဒီလိုနဲ့ပဲ JYJ ဟာ ပရိသတ်အချစ်ကို တိုးလို့ ရယူရင်း ကမ္ဘာလှည့်ခရီးနဲ့ အတူ သူ့ရဲ့အောင်မြင်သော အနုပညာခရီးကို ဆက်လှမ်းလျက် ရှိပါတယ်။

ဇင်မြင့်စံ


0 comments :

Post a Comment